ရခိုင်တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ ပြတ်လပ်ပြီး ဈေးနှုန်း မြင့်တက်နေ

ရခိုင်တွင် ကျောင်းသုံးကိရိယာများဖြစ်သည့် ဗလာစာအုပ်၊ ဘောပင်၊ခဲတံနှင့် အခြားဆက်စပ်ပစ္စည်းများကို အိန္ဒိယဖက်က မှာယူပြီး ရောင်းချနေကြသော်လည်း ပုံနှိပ်စာအုပ်များကို ပြည်မမှ ခက်ခက်ခဲခဲ မှာယူရခြင်းဖြစ်သည်။

By Admin 28 May 2025

ရခိုင်က စာအုပ်အရောင်းဆိုင်တစ်ခုမှာ တွေ့ရသည့် ပုံနှိပ်စာအုပ်များ။
ရခိုင်က စာအုပ်အရောင်းဆိုင်တစ်ခုမှာ တွေ့ရသည့် ပုံနှိပ်စာအုပ်များ။

DMG ၊ မေ ၂၇

အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် မြို့နယ်များတွင် အခြေခံပညာအတန်း ကျောင်းသုံးပုံနှိပ်စာအုပ်များ အလွယ်တကူဝယ်ယူ၍ မရဘဲ ပြတ်လပ်မှု ဖြစ်နေပြီး စာအုပ်ဈေးနှုန်များမှာလည်း ယခင်နှစ်ကထက် မြင့်တက်နေကြောင်း စာအုပ်အရောင်းဆိုင်ပိုင်ရှင်များနှင့် ပညာရေးအသိုင်းအဝိုင်းများထံမှ သိရသည်။

ရခိုင်ပြည်အတွက် အခြေခံပညာ ပုံနှိပ်စာအုပ်များကို ပြည်မဖက်က တစ်ဆင့် မှာယူကြရပြီး လမ်းခုလတ်တွင် စစ်ကောင်စီ၏ ပစ်မှတ်ထားဖျက်ဆီးခြင်းများကို ခံရကြောင်း ကျောက်တော်မြို့နယ်က စာအုပ်အရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

" ကျောင်းသုံးစာအုပ်တွေက ဒီနှစ်ပြည်မဖက်က သယ်ယူရတာ မလွယ်ဘူး။ လမ်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ စာအုပ်နဲ့ စာရေးကိရိယာတွေ့ရင် သိမ်းဆည်းတာ၊ ဖျက်ဆီးတာရှိတယ်။ ဒီနှစ်အခြေအနေနဲ့ ပြောရရင် ပုံနှိပ်စာအုပ်တွေ ပြတ်လပ်မှုရှိတယ်။ လိုသလောက် မှာယူလို့ မရဘူး။ ဈေးတွေလည်း အရင်နှစ်ကထက် မြင့်တယ်" ဟုပြောသည်။

လက်ရှိတွင် ကျောင်းသုံးပုံနှိပ်စာအုပ် ဈေးနှုန်းများမှာ KG တန်း စာအုပ်တစ်စုံကို ငွေကျပ် ၂၅,၀၀၀ ကနေ ၃၅၀၀၀ ကျပ်၊ Grade - 1၊ 2၊ 3 အတန်းများအတွက် ငွေကျပ် ၃၅.၀၀၀ ကနေ ၅၀,၀၀၀ ကျပ်၊ Grade - 4၊ 5 အတန်းများအတွက် ငွေကျပ် ၄၀,၀၀၀ ကနေ ၆၅,၀၀၀ကျပ်၊ Grade - 6၊ 7၊ 8 အတန်းများအတွက် ငွေကျပ် ၅၀, ၀၀၀ ကနေ ၇၀,၀၀၀ ကျပ်အထိ မြင့်တက်နေသည်။

ယင်းအပြင် Grade - 10 စာအုပ်တစ်စုံကို ငွေကျပ် ၆၀,၀၀၀ ကနေ ၈၀,၀၀၀ကျပ်၊ Grade - 11 အတွက် ငွေကျပ် ၇၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကျပ် အထိရှိပြီး Grade - 12 အတွက် ငွေကျပ် ၈၅,၀၀၀ ကနေ ၁၂,၀၀၀၀ ကျပ်အထိ မြို့နယ်အလိုက် ဈေးနှုန်းကွာခြားချက်ရှိနေကြောင်း စာအုပ်အရောင်းဆိုင်များမှ စုံးစမ်းသိရှိရသည်။

ယခင်နှစ်က ရခိုင်ပြည်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ် ဈေးနှုန်းမှာ KG တန်း စာအုပ်တစ်စုံကို ငွေကျပ် ၁၅,၀၀၀ ၊ Grade - 1၊ 2၊ 3 တို့ကို ငွေကျပ် ၂၅,၀၀၀ ၊ Grade - 4၊ 5 တို့ကို ငွေကျပ် ၃၅,၀၀၀၊ Grade - 6၊ 7၊ 8 တို့ကို ငွေကျပ် ၄၅,၀၀၀၊ Grade - 10 ကို ငွေကျပ် ၅၀,၀၀၀ ၊ Grade - 11နှင့် Grade - 12 တို့ကို ငွေကျပ် ၆၅,၀၀၀ ကနေ ၈၀,၀၀၀ ကျပ်အထိရှိခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင်း အာရက္ခတပ်တော်ဖက်က စာသင်ကျောင်းများကို တရားဝင်ဖွင့်လှစ်ခြင်းမရှိသော်လည်း ကလေးငယ်များ ပညာသင်ယူမှု ပြတ်လပ်ခြင်းမရှိစေရန် ကိုယ်နည်းကိုယ်ဟန်ဖြင့် စာသင်ကြားနေကြသည်။

ရခိုင်တွင် ကျောင်းသုံးကိရိယာများဖြစ်သည့် ဗလာစာအုပ်၊ ဘောပင်၊ခဲတံနှင့် အခြားဆက်စပ်ပစ္စည်းများကို အိန္ဒိယဖက်က မှာယူပြီး ရောင်းချနေကြသော်လည်း ပုံနှိပ်စာအုပ်များကို ပြည်မမှ ခက်ခက်ခဲခဲ မှာယူရခြင်းဖြစ်သည်။

ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများ အဆမတန် ဈေးနှုန်းမြင့်တက်နေမှုများကြောင့် ယခင်နှစ်က သုံးစွဲပြီးသား စာအုပ်အဟောင်းများကိုသာ ဝယ်ယူပြီး စာသင်နေကြရကြောင်း မြောက်ဦးမြို့နယ်က ကျောင်းသားမိဘတစ်ဦးက ပြောသည်။

" ပုံနှိပ်စာအုပ်တွေနဲ့ စာရေးကိရိယာတွေက တိုက်ပွဲဖြစ်ကတည်းက အရမ်းဈေးကြီးတာ။ ကလေးအတန်းငယ်တစ်ဦး ကျောင်းတက်ဖို့ဆိုရင်တောင် စာအုပ်စာတန်းတွေဝယ်ဖို့ အနည်းဆုံး ငွေတစ်သိန်းလောက် လိုတယ်။ ငွေကြေးတက်နိုင်တဲ့ သူတွေက အသစ်တွေ ဝယ်ပေးနိုင်ကြပေမယ့် မတက်နိုင်သူတွေကတော့ သုံးပြီးသား အဟောင်းတွေကို ဝယ်ပြီး ကျောင်းတက်နေကြရတယ် " ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်တွင် စာသင်ကျောင်းများ တရားဝင်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် ငွေကြေးတက်နိုင်သည့် ကျောင်းသားအချို့မှာ ပြည်မသို့ ရွှေ့ပြောင်းပြီး ပညာသင်ကြားနေမှုများလည်း ရှိသည်။

ယင်းအပြင် စစ်ဘေးတိမ်းရှောင်နေကြရသည့် ကလေးငယ်များကိုလည်း ဒေသတွင်းလူမှုအဖွဲ့အစည်းများက တစ်ပိုင်တစ်နိုင် အခမဲ့ ပညာသင်ကြားပေးနေမှုများလည်း ရှိနေသည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုနှစ်နှင့် ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး ယင်းနယ်မြေများတွင် ယခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဖွင့်လှစ်ရန် စီစဉ်နေသည်။