စိန်ခေါ်မှုများကို ရင်ဆိုင်ရမည့် ရခိုင်နယ်/လုံ ဝန်ကြီးသစ်

ရခိုင်ပြည်နယ်၏ အခြေအနေသည် စစ်ရေး၊ နိုင်ငံရေး၊ မွတ်ဆလင်အရေးတို့ဖြင့် ရှုပ်ထွေးသည့် ပြည်နယ်တစ်ခုဖြစ်ပြီး လတ်တလောတွင် ဖြေရှင်းရန် အရေးကြီးဆုံး လိုအပ်နေသည်မှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားနေသည့် စစ်ရေးပြဿနာနှင့် စစ်ရေးနောက်ဆက်တွဲပြဿနာများပင်ဖြစ်သည်။ 

21 Aug 2019

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီအဖြစ် စတင်တာဝန်ထမ်းဆောင်မည့် ဗိုလ်မှူးကြီးမင်းသန်း

Written by ဖဒူ ထွန်းအောင်|DMG

ရခိုင်ပြည်နယ်၏ အခြေအနေသည် စစ်ရေး၊ နိုင်ငံရေး၊ မွတ်ဆလင်အရေးတို့ဖြင့် ရှုပ်ထွေးသည့် ပြည်နယ်တစ်ခုဖြစ်ပြီး လတ်တလောတွင် ဖြေရှင်းရန် အရေးကြီးဆုံး လိုအပ်နေသည်မှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ဖြစ်ပွားနေသည့် စစ်ရေးပြဿနာနှင့် စစ်ရေးနောက်ဆက်တွဲပြဿနာများပင်ဖြစ်သည်။ ရခိုင်စစ်ပွဲသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကပင် စတင်ပြင်းထန်လာခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူ (၆) သောင်းကျော်အထိ ရှိလာပြီဖြစ်သည်။ အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှုများလည်း များပြားလာသကဲ့သို့ အရပ်သားများ ဖမ်းဆီးခံရမှုလည်း များပြားလာသည်။

ထိုကဲ့သို့ ရှုပ်ထွေးမှုများပြားနေသည့် ပြည်နယ်တွင် ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ အတွက် အရေးပါသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို ယခုရက်ပိုင်းအတွင်း အပြောင်းအရွှေ့ပြုလုပ် ခဲ့သည်။

ဝန်ကြီးချုပ် ဦးညီပုဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို သုံးဦးအထိ အပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်သည်။ အစိုးရသစ်လက်တွင် ပထမဆုံး လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးထိန်လင်းက တာဝန်ထမ်းဆောင်ခဲ့သည်။ သူ့လက်ထက်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားမှု ရှိခဲ့သည်။ ယင်းအပြင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် မွတ်ဆလင်အရေးကိစ္စတို့ကို ခက်ခဲစွာ ဖြေရှင်းခဲ့ရသော်လည်း ဒေသခံများနှင့် ဆက်ဆံရေးအဆင်ပြေသည်ဟု နာမည်ကောင်းတစ်ခု ရရှိခဲ့သည်။

သို့သော် ဗိုလ်မှူးကြီးထိန်လင်းကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ဇူလိုင်လတွင် အပြောင်းအလဲပြုလုပ်ပြီး သူ့နေရာတွင် ဗိုလ်မှူးကြီးဖုန်းတင့်ကို အစားထိုးခန့်အပ်ခဲ့သည်။ သူတာဝန်ထမ်းဆောင်စဉ်ကာလတွင် စိန်ခေါ်မှု၊ ဝေဖန်မှုများ ဖြင့် ရင်ဆိုင်ခဲ့ရသည်။

၂၀၁၇ ခုနှစ်က ရသေ့တောင်မြို့တွင် ကျင်းပသည့် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးခြင်း ဝမ်းနည်းဖွယ် အထိမ်းအမှတ်ပွဲတွင် စာပေဟောပြောခဲ့မှုကြောင့် ရခိုင့်နိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ဖမ်းဆီးမှုများရှိခဲ့သည်။ ထို့အပြင် မြောက်ဦးမြို့တွင် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အာဏာကျရှုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်ပွဲတော် ကျင်းပခွင့်မရရှိသောကြောင့် မြို့ခံလူထူ၏ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုကြောင့် အရပ်သားများ (၇)ယောက် သေဆုံးခဲ့ပြီး ၁၂ ယောက် ဒဏ်ရာရရှိမှုများရှိခဲ့သည်။

ထိုပြဿနာများကို ကိုင်တွယ်ပုံများနှင့်ပတ်သက်ပြီး ရခိုင်လူထု၏ ဝေဖန်မှုများကို နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ခံခဲ့ရသည်။ ထို့အပြင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ် ငါးမြို့နယ်ကို ညမထွက်ရ အမိန့်များထုတ်ပြန်လိုက်သောကြောင့် ဒေသခံများအခက်အခဲတွေ့ရသဖြင့် ရခိုင်အရပ်အဖက်အဖွဲ့အစည်းများ၏ ဝေဖန်ခံမှုကိုလည်းခံခဲ့ရသည်။

ဗိုလ်မှူးကြီး ဖုန်းတင့်ပါဝင်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီသည် အစည်းအဝေး တစ်ခုပြုလုပ်ပြီး နေအိမ်များတွင် အိမ်ထောင်စုစာရင်းနှင့် မိသားစုဓာတ်ပုံများကပ်ထားရန် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၂၄ ရက်နေ့က ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ထိုအစီအစဉ်ကို ပြည်သူလူထုများက ကန့်ကွက်ကြပြီး တချို့ကလည်း ဝန်ကြီးချုပ်ခရီးစဉ်များတွင် တင်ပြကြသည်။ သို့သော် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ခြင်းကို မိမိမသိရှိဟု ပြောဆိုပြီး ညွှန်ကြားချက်ကို ရုတ်သိမ်းရန် ထပ်မံညွှန်ကြားသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

ထို့အပြင် ဗိုလ်မှူးကြီးဖုန်းတင့်လက်ထက်တွင် ဌာနဆိုင်ရာများအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက် မရရှိဘဲ ဌာနတွင်းငွေကောက်ခံပြီး မိမိတို့အစီအစဉ်ဖြင့် စစ်ဘေးရှောင်များကို မထောက်ပံ့ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားခြင်းမှာ ယင်းထောက်ပံ့ငွေများသည် မသမာသူများလက်ထဲသို့ မရောက်ရန်အတွက်ဟု အကြောင်းပြခဲ့သည်။

စစ်ဘေးရှောင်များအတွက် အလှူငွေကောက်ခံသည့် အဖွဲ့အစည်းများကို ခွင့်ပြုချက်မဲ့ ကောက်ခံသည်ဟု ဆိုကာ ရဲတပ်ဖွဲ့ဝင်များက တားမြစ်မှုများရှိခဲ့ပြီး ငွေဒဏ်ချမှတ်မှုများလည်းရှိခဲ့သည်။ ထို့ကြောင့် အရပ်ဖက် အဖွဲ့အစည်းများသည် အလှူငွေကောက်ခံမှုများကို ရပ်ဆိုင်းလိုက်ရပြီး စစ်ဘေးရှောင်များလည်း စားနပ်ရိက္ခာများ ရရှိမှုနည်းပါးခဲ့သည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဗိုလ်မှူးကြီးဖုန်းတင့်

“သူ(ဗိုလ်မှူးကြီး ဖုန်းတင့်)က ကိုင်တွယ်မှုပိုင်းတွေမှာ နည်းနည်းတင်းကျပ်တဲ့အပိုင်းတွေမြင်ပါတယ်။ ကျနော် တို့မှာ စစ်ဘေးရှောင်ကိစ္စတွေကအစ နောက်တစ်ခုက စစ်ဘေးရှောင် အလှူအတန်းကောက်ခံတဲ့ကိစ္စကအစ တင်းကျပ်တဲ့စည်းမျဉ်း၊ စည်းကမ်းတွေ ချမှတ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ အလွန်တရာ စိတ်မချမ်းမသာ ဖြစ်ရတာတွေကို ဗိုလ်မှူးကြီးဖုန်းတင့်လက်ထက်မှာ တွေ့ရပါတယ် ”ဟု ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဦး ဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ထောက်ပြသည်။

ထို့အပြင် သူ့လက်ထက်တွင် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ရခိုင်ပြည်နယ်မြို့နယ် (၈)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး အင်တာနက်ဖြတ်တောက်မှုများရှိခဲ့သည်။ ထိုသို့ ဖြတ် တောက်လိုက်မှုကြောင့် ပြည်သူလူထုများ သတင်းအချက်အလက်များ ရရှိမှုနည်းပါးသွားခြင်း၊ စစ်ဘေးရှောင် များအတွက် အလှူငွေများကောက်ခံရာတွင် အခက်အခဲများရှိနေသည်။

ဗိုလ်မှူးကြီး ဖုန်းတင့်သည် သူတာဝန်ယူခဲ့စဉ်ကာလအတွင်း ဒေသခံလူထုများနှင့် တွေ့ဆုံမှုအားနည်းသည်ဟု ဝေဖန်မှုကိုလည်း ခံခဲ့ရသည်။

“ဗိုလ်မှူးကြီး ထိန်လင်းကတော့ လူတွေနဲ့ဆက်ဆံရေးကောင်းတယ်။ ဒါပေမယ့် တပ်ကလူဆိုတော့ တပ်ရဲ့ညွှန် ကြားချက်အတိုင်းပေါ့။ နောက်ဗိုလ်မှူးကြီး ဖုန်းတင့်ပေါ့။ သူကတော့ လူတွေနဲ့ ဆက်ဆံရေး နည်းတယ်။ ဒါပေမယ့် သူလည်း တပ်ရဲ့ညွှန်ကြားချက်အတိုင်း လုပ်တာပေါ့လေ” ဟု ယခင်အစိုးရလက်ထက် စစ်တွေ မြို့မိ၊မြို့ဖ အဖွဲ့ဝင်ဟောင်း ဦးသန်းထွန်းကပြောသည်။
ထိုကဲ့သို့ ရှုပ်ထွေးမှုများ ရှိနေသည့်အချိန်တွင် ဗိုလ်မှူးကြီးဖုန်းတင့်ကို အပြောင်းအလဲပြုလုပ်လိုက်ပြီး သူ့နေရာတွင် ဗိုလ်မှူးကြီးမင်းသန့်ကို ခန့်အပ်ကြောင်း သြဂုတ်လ ၁၆ ရက်နေ့တွင် ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့သည်။

ဗိုလ်မှူးကြီး မင်းသန်းသည် ၂၀၁၆ -၂၀၁၇ ခုနှစ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး နိုင်ငံသားများ၏ အခွင့်အရေးကော်မတီတွင်လည်း ကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ သူ့အနေဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည်မှာ နှစ်ပေါင်း (၃၀) ကြာမြင့်နေပြီဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခရှိနေသည့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဆိုလျှင်လည်း အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးကိစ္စများကို ထမ်းဆောင်ဖူးသဖြင့် ပြေပြေလည်လည်ဖြင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပြောသည်။

“ကျနော် နိုင်ငံရေးအသိုင်းအဝိုင်းတွေနဲ့လည်း နီးစပ်မှုရှိတယ်။ ကျနော်နိုင်ငံသားများရဲ့ အခွင့်အရေး ကော်မတီ မှာလည်း ကော်မတီဝင်တစ်ယောက်အနေနဲ့ ဆောင်ရွက်ခဲ့တယ်။ နိုင်ငံခြားအတွေ့အကြုံဆိုရင်လည်း အများကြီးရှိတယ်။ အဲဒီတော့ ကျနော်ဒီတာဝန်ကို အားလုံး လုံလုံခြုံခြုံ ပြေပြေလည်လည် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသော်လည်း စိုးရိမ်စရာမရှိဘဲ ရခိုင်ပြည်နယ် အေးချမ်းသာယာအောင် ဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

“ဒို့ တပ်မတော်သားတွေအတွက် အန္တရာယ် စဉ်းစားစရာ ခြိမ်းခြောက်စရာဘာမှမရှိဘူး။ တို့လုပ်ရမယ့် အလုပ်က တို့တပ်မတော်နဲ့ဆိုင်တဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ အဲဒါတွေကို အဓိက ဦးစားပေး ဆောင်ရွက်သွားမယ်”ဟု ဗိုလ်မှူးကြီး မင်းသန်းက ဆက်လက်ပြောသည်။

ဗိုလ်မှူးကြီး မင်းသန်းအနေဖြင့် ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင်များ အလှူခံနေသည့်အဖွဲ့အစည်း များကို တားဆီးမှုမပြုလုပ်ဘဲ လွတ်လပ်စွာ အလှူငွေကောက်ခံခြင်းပြုရန်၊ စစ်ဘေးရှောင်အရေးကို အလေးအနက်ထားရန်၊ ပြည်သူလူထုများနှင့် သဟဇာတဖြစ်အောင် ဆက်ဆံရေးတည်ဆောက်လိမ့်မည်ဟု အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်နယ်လွှတ်တော်အမတ်များက မျှော်လင့်ထားကြသည်။

မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကလည်း “ဘင်္ဂါလီအရေးကိစ္စတွေ ဆောင်ရွက်တဲ့အခါမှာလည်း စည်းစနစ်ကျကျ အဆင်ပြေသွားလိမ့်မယ်လို့ ယူဆတယ်။ နောက်တစ်ခါ နည်းစပ်လုံခြုံရေး အဓိကကျတဲ့ ဘူးသီးတောင်၊ မောင်တောကိစ္စတွေမှာ ပိုပြီးတော့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မလား ဆိုပြီးတော့ ယူဆပါတယ်”ဟု ပြောသည်။

ဗိုလ်မှူးကြီး မင်းသန်းသည် ရခိုင်ပြည်နယ်တွင် စတင်တာဝန်ထမ်းဆောင်ချိန်ဖြစ်သောကြောင့် “ဖြစ်လာဖို့၊ မဖြစ်လာဖို့ဆိုတာတော့ သူရဲ့လုပ်ရပ်အပေါ်မှာ မူပါတယ်” ဟု ဦးအောင်ဝင်းက ဆက်လက်ဆိုသည်။

ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းအနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရေး မှာ နူးညံ့သိမ်မွေ့ပြီး စိတ်ရှည်သည်းခံစွာဖြင့် ဆက်ဆံလျှင် ကောင်းလိမ့်မည်ဟု ဦးထွန်းအောင်ကျော်က အကြံပြုသည်။

“အခုအသစ်တက်လာတဲ့ ဗိုလ်မှူးကြီးအနေနဲ့ ပြည်သူလူထုနဲ့ ဆက်ဆံရတဲ့ ယန္တရားတစ်ခုဖြစ်တဲ့ ပြည်နယ် အစိုးရအဖွဲ့မှာ ပါဝင်လာတဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့နေရာမှာ စစ်တပ်ပုံစံ အမိန့်အာဏာနဲ့မဟုတ်ဘဲ သိမ်မွေ့နူးညံ့ပြီးတော့ စိတ်ရှည်သည်းခံစွာနဲ့ ဆက်ဆံရင်တော့ အားလုံးအတွက် နှစ်ဦးနှစ်ဖက်အတွက် ကောင်းဖို့လို့မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဗီဒီယိုများ