- ဂျာမနီမှာ အမျိုးသားများအတွက် စစ်မှုထမ်းဆိုင်ရာ ကြံ့ခိုင်ရေး စစ်ဆေးမည့် ဥပဒေ စီစဉ်
- ဒုက္ခသည်များ နေရပ်ပြန်ရေး မွတ်ဆလင်လက်နက်ကိုင်များကို ဘင်္ဂလားဒေ့ရှ် ထိန်းချုပ်ရမည်
- စစ်တွေတွင် စစ်ကောင်စီ စစ်ရေးပြင်ဆင်လာ
- ရာထူးက နုတ်ထွက်နိုင်သည်ဟု သတင်းများထွက်ပေါ်လာမှုကို ဂျပန်ဝန်ကြီးချုပ် အီရှီဘား ငြင်းဆို
- မြောက်ဦးက အခြေခံလက်လုပ်လက်စားများ မိုင်းအန္တရာယ်ကြား အသက်ကိုရင်း၍ ဝမ်းစာရှာဖွေနေကြ
ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီ အင်အားသုံး ထိုးစစ်ဆင်လာတာ ဘာကြောင့်လဲ
စစ်ကောင်စီသည် ရှမ်းမြောက်၊ ကချင်၊ မန္တလေး၊ စစ်ကိုင်းတိုင်းအပြင် ရခိုင်ဒေသနှင့် ထိစပ်နေသော ဧရာဝတီတိုင်းတို့တွင် အင်အားဖြည့်တင်းတိုးမြှင့်နေပြီး တိုက်ပွဲပြင်းထန်နေသော အခြားဒေသများတွင်လည်း အကြိတ်အနယ်ခုခံမှုများ လုပ်နေသည်။
24 Jul 2025

DMG ၊ ဇူလိုင် ၂၄
မြန်မာနိုင်ငံအတွင်း မြို့ပေါင်း ၁၀၀ ခန့်ကို လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် ထိုနယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်မှုများလုပ်လာနေပြီး အောင်မြင်မှုအချို့လည်း ရှိလာနေသည်။
စစ်ကောင်စီသည် ရှမ်းမြောက်၊ ကချင်၊ မန္တလေး၊ စစ်ကိုင်းတိုင်းအပြင် ရခိုင်ဒေသနှင့် ထိစပ်နေသော ဧရာဝတီတိုင်းတို့တွင် အင်အားဖြည့်တင်းတိုးမြှင့်နေပြီး တိုက်ပွဲပြင်းထန်နေသော အခြားဒေသများတွင်လည်း အကြိတ်အနယ်ခုခံမှုများ လုပ်နေသည်။
စစ်ကောင်စီသည် ဇူလိုင်လအတွင်း ကရင်နီပြည်နယ် မိုးဗြဲမြို့၊ ရှမ်းမြောက်ဒေသက နောင်ချိုမြို့နှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီး မိုးဗြဲနှင့် နောင်ချိုတို့တွင် အုပ်ချုပ်ရေးယန္တယားများ ပြန်လည်လည်ပတ်နိုင်ရေး ကြိုးစားနေသည်ကို တွေ့ရသည်။
ထိုသို့ စစ်ကောင်စီသည် ဆုံးရှုံးနယ်မြေများကို စစ်ဆင်းရေး အသည်းအသန်ကြိုးပမ်းနေခြင်းမှာ လာမည့် ရွေးကောက်ပွဲအတွက်ဖြစ်နိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ပြောသည်။
“အဓိကတော့ ရွှေးကောက်ပွဲအတွက် လုပ်နေတာပါ။ ရွေးကောက်ပွဲက အဓိကပဲလေ။ မြို့ကြီးတွေမှာ ရနိုင်သမျှ သူတို့ (စစ်ကောင်စီ)က ရွေးကောက်ပွဲတွေ လုပ်မယ်။ အဓိကတော့ စစ်ရေးအပါ်စီးဖြစ်အောင်ပေါ့။ အဖွဲ့အစည်းတွေနဲ့ ပြောဆိုတာထက် အပေါ်စီးနဲ့ ပြောဆိုနိုင်အောင် သူတို့ ကြိုးစားနေတာလို့ မြင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။
စစ်ကောင်စီသည် စစ်သင်္ဘော အစီးရေ ၂၅ စီးထက်မနည်းကို ဇူလိုင်လ ၁၇ ရက်ကစ၍ မန္တလေး ဂေါ်ဝန် ဆိပ်ကမ်းမှတစ်ဆင့် စစ်ကိုင်း၊ မန္တလေးတိုင်းအထက်ပိုင်းသို့ စေလွှတ်၍ ရေကြောင်းစစ်ကူပို့နေသည်။
အလားတူ ကချင်ဒေသတွင်လည်း မြစ်ကြီးနားကနေ ဖားကန့်မြို့သို့ အင်အား ၅၀၀ ကျော်ပါသည့် တပ်ဖွဲ့ဝင်များကို ပို့ထားပြီး ဖားကန့်မြို့အနီးတဝိုက်ကို ထိုးစစ်များလုပ်နေသည်။
စစ်သင်္ဘောအုပ်စုသည် စစ်ကိုင်းတိုင်းရှိ တကောင်း၊ ထီးချိုင့်၊ ကသာ၊ ရွေကူ စသည့် မြို့နယ်များကို ဆန်တက်၍ KIA နှင့် တိုက်ပွဲပြင်းနေသည့် ဗန်မော်မြို့ အထိပါ ပို့ဆောင်ရန်ရှိနေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။
“စစ်ကောင်စီကတော့ နေရာပေါင်းစုံကို တိုက်စစ်အရှိန်မြှင့်မယ့် သဘောရှိတယ်။ ကျနော်တို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့က ထွက်မတိုက်နိုင်ဘူးဆိုရင်တောင် ကိုယ့်ဆီကိုတိုက်လာတဲ့အခါ အသင့်ပြင်ဆင်ထားရမယ့် အနေအထားမျိုး ရှိဖို့လိုတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကောင်စီသည် လက်လွှတ်နယ်မြေများကို တန်ပြန်ထိုးစစ် ဆင်လာနိုင်ခြင်းမှာ တရုတ်ထံမှ နိုင်ငံရေးဖိအား စစ်လက်နက်ပစ္စည်း၊ နည်းပညာအကူအညီ ရရှိခြင်းတို့ရှိကြောင်း သုံးသပ်ကြသည်။
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ ဇူလိုင် ၁၆ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာအရ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၂၁) တွင် လေယာဉ် ဗုံးများအား အချောသတ်ထုတ်လုပ်နိုင်ရန် ကုန်ကြမ်း၊ နည်းပညာနှင့် ပညာရှင်များအပါအဝင် ထုတ်လုပ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွင် တရုတ်အစိုးရပိုင် တရုတ်တောင်ပိုင်း စက်မှုလုပ်ငန်းစု ကော်ပိုရေးရှင်း (China South Industries Group Corporation) နှင့် ကုမ္ပဏီခွဲနှစ်ခုက အဓိက အခန်းကဏ္ဍမှ ပါဝင်ပတ်သက်နေကြောင်း ဆိုသည်။
ဧရာဝတီတိုင်း၊ ပုသိမ်ရေးတပ်ဌာချုပ်မှ တင့်ကားများနှင့် စစ်လက်နက်များ တင်ဆောင်လာသော စစ်သင်္ဘောသုံးစင်မှာလည်း လေးမျက်နှာမြို့နယ်ကို ဇူလိုင်လ ဒုတိယပတ်ကစ၍ ရောက်ရှိခဲ့ပြီး အာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးကို ခုခံရန် ပြင်ဆင်နေကြောင်း သိရသည်။
“ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီက ဘယ်နေရာတွေ အားဖြည့်သလဲဆိုတော့ နေရာစုံကို အားဖြည့်တဲ့ အနေ အထားကို တွေ့ရတယ်။ သူတို့ရဲ့ စစ်ကြောင်းတွေတိုင်းကိုပေါ့။ ထိထိရောက်ရောက် အားမဖြည့်နိုင် တာက ကရင်ပြည်နယ်မှာရှိတဲ့ နယ်စပ်စခန်းတွေပဲရှိမယ်” CDM ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။
စစ်ကောင်စီသည် မိုးဗြဲနှင့် နောင်ချိုမြို့တို့ကို သိမ်းပိုက်ပြီးနောက် စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနှင့်အတူ ၎င်းတို့ လက်လွှတ်ထားရသည့် မြို့နယ်တစ်ခုချင်းစီကို ပြန်လည်သိမ်းပိုက်မည်ဖြစ်ကြောင်း စစ်လော်ဘီများက ဝါဒဖြန့် နေကြသည်။
ရှမ်းမြောက်ဒေသက အစပျိုးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှ ၂၀၂၅ ဧပြီ ၉ ရက်အထိ နိုင်ငံတဝန်းတွင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၉၇ မြို့ထိရှိလာကြောင်း BNI-Myanmar Peace Monitor က ထုတ်ပြန်သည်။
အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီသည် ၂၀၂၄ မေလ မှစ၍ အမှတ်စဉ်တစ်ခုလျင် လူဦးရေ ၅,၀၀၀ နှုန်းဖြင့် စစ်မှုအတင်းခေါ်နေပြီး ယခုအခါ အမှတ်စဉ် ၁၄ အထိ ရောက်လာပြီးဖြစ်သည်။
ယင်းကြောင့် စစ်ကောင်စီသည် စစ်မှုထမ်း တပ်သားသစ် ၇၀,၀၀၀ ခန့် ကိုရရှိထားကြောင်း ခန့်မှန်းနေကြပြီး ရှေ့တန်းစစ်မျက်နှာသို့ အများအပြားပို့ထားကြောင်း တော်လှန်ရေးတပ်များထံ လက်နက်ချ အညံ့ခံလာသည့် ပြည်သူစစ်များက ပြောဆိုကြသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ခဲ့သော မိုးဗြဲနှင့် နောင်ချို၊ သပိတ်ကျင်းအပါအဝင် ကောလင်း၊ ကနီ၊ လားရှိုး၊ ဆီဆိုင်နှင့် မြဝတီ မြို့များကို စစ်ကောင်စီက ပြန်လည်ရရှိထားပြီး နောက်ထပ်နယ်မြေများကိုပါ ထိန်းချုပ်ရန် တပ်သားသစ်များ စုဆောင်း၍ အင်အားဖြည့် တင်နေခြင်းဖြစ်သည်။