KIA ထံမှ မြေရှားသတ္တုဝယ်ရန် အိန္ဒိယ နည်းလမ်းရှာ

မြန်မာပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေများတွင် ရှိနေသည့် မြေရှားသတ္တုတွင်းများမှ မြေသားနမူနာများ တောင်းယူရန် အိန္ဒိယအစိုးရက အစိုးရပိုင်ကုမ္ပဏီများနှင့် ပုဂ္ဂလိက ကုမ္ပဏီများကို ညွှန်ကြားထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 11 Sep 2025

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Reuters
ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Reuters

မြန်မာပြည်မြောက်ပိုင်းရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေများတွင် ရှိနေသည့် မြေရှားသတ္တုတွင်းများမှ မြေသားနမူနာများ တောင်းယူရန် အိန္ဒိယအစိုးရက အစိုးရပိုင်ကုမ္ပဏီများနှင့် ပုဂ္ဂလိက ကုမ္ပဏီများကို ညွှန်ကြားထားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အစိုးရက ဆွေးနွေး ညွှန်ကြားထားသည့် ကုမ္ပဏီများတွင် အိန္ဒိယအစိုးရပိုင် IREL သတ္တုတူးဖော်ရေး ကုမ္ပဏီနှင့် ယမန်နှစ်က အစိုးရထံမှ ဘဏ္ဍာငွေထောက်ပံ့မှု ရှိထားသည့် ပုဂ္ဂလိက ကုမ္ပဏီ Midwest Advanced Materials တို့ပါဝင်ကြောင်း သတင်းရင်းမြစ် အချို့ကို ကိုးကားပြီး ရိုက်တာက ဖော်ပြသည်။

သံလိုက်ထုတ်လုပ်ရန်နှင့် လျှပ်စစ်ကားများတွင် အသုံးပြုရန် လိုအပ်သည့် သတ္တုရိုင်းပါဝင်မှု ပမာဏကို ပြည်တွင်း၌ ဓာတ်ခွဲစစ်ဆေးရန်အတွက် အိန္ဒိယအစိုးရက ယခုကဲ့သို့ မြေရှားနမူနာများ တောင်းခံခြင်းဟုလည်း သတင်းက ဖော်ပြသည်။

အဆိုပါကုမ္ပဏီများက တောင်းဆိုထားသည့် မြေရှားနမူနာများ ပေးအပ်ရန်အတွက် KIA ဘက်ကလည်း စတင်ဆောင်ရွက်နေပြီဟု အမည်မဖော်လိုသည့် KIA အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ဖြေကြားထားသည်။ ထို့အပြင် KIA အနေဖြင့် မြေရှားသတ္တုရိုင်းများကို အိန္ဒိယသို့ အမြောက်အများ တင်ပို့နိုင်သည့် အနေအထားတွင် ရှိ၊မရှိ ဆိုသည်ကိုလည်း ဆန်းစစ်မှုများ ပြုလုပ်နေပြီဟု အဆိုပါအရာရှိက ပြောကြားသည်။

လတ်တလောတွင် KIA ထံမှ မြေရှားသတ္တုများ အဓိက ဝယ်ယူနေသည်မှာ တရုတ်နိုင်ငံဖြစ်သည်။ တရုတ်သည် မြေရှားသတ္တုမှ သံလိုက်ထုတ်လုပ်သည့် နည်းပညာကိုလည်း အပြည့်အဝနီးပါး ထိန်းချုပ်ထားသည်။

အခြားတစ်ဘက်တွင်လည်း တရုတ်သည် ဗန်းမော်ထိုးစစ် မရပ်လျှင် မြေရှားသတ္တုများ မဝယ်ဘဲထားမည်ဟု KIA ကို ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ယခုနှစ် ဇူလိုင်လအတွင်းက ဖော်ပြခဲ့သည်။ အဆိုပါပြောကြားချက်နှင့် ပတ်သက်၍ ရိုက်တာ၏ မေးမြန်းချက်ကို တရုတ်နှင့် KIA နှစ်ဘက်လုံးက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ဘေဂျင်းသည် ယခုနှစ်တွင် သန့်စင်ပြီးမြေရှားသတ္တု အိန္ဒိယသို့ တင်ပို့မှုကို ကန့်သတ်လာသည့်အတွက် အိန္ဒိယသည် နိုင်ငံအတွက် လိုအပ်သည့် မြေရှားသတ္တုများကို ဝယ်ယူရန်အတွက် မြန်မာ၊ သြစတြေးလျ၊ အာဂျင်တီးနား၊ မာလာဝီနိုင်ငံတို့ကို လေ့လာအကဲခတ်လျက်ရှိသည်။

အိန္ဒိယသည် မြေရှားသတ္တုသန့်စင်သည့် နည်းပညာ မရှိထားသည့်အတွက်လည်း အဆိုပါနည်းပညာအတွက် ဂျပန်၊ တောင်ကိုရီးယား ကုမ္ပဏီများနှင့် ပူးပေါင်းဆွေးနွေးမှုများ ရှိသည်ဟု သြဂုတ်လအတွင်းက ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။