စစ်ကောင်စီလက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စတင်နိုင်မည်လား

CMEC ထဲမှာ စီမံကိန်းပေါင်း သုံးဆယ်သုံးခုအထိ ပါဝင်မှာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ကျောက်ဖြူ - ကူမင်း ရထားလမ်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ဖြူ- အမ်း-ပဒန်း-မင်းဘူးလမ်း ဖောက်လုပ်ရေးလည်း ပါဝင်ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းလို့လူသိများတဲ့ ကျောက်ဖြူစီမံကိန်းဟာ NLD အစိုးရလက်ထက်မှာ သဘောတူခဲ့တဲ့ စီမံကိန်းတော့မဟုတ်ပါဘူး။ အရပ်သားတစ်ပိုင်းအစိုးရလို့ လူသိများခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁-၂၀၁၅ ကတည်းက တရုတ်နဲ့ ရေနက်ဆိပ်ကမ်းပိုင်းကို အကျိုးအမြတ် တရုတ် ၈၅% မြန်မာ ၁၅% နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

By မင်းထီး 11 Jun 2021

အပိုင်း (၁)

DMG ၊ ဇွန် ၁၁၊ ဆောင်းပါး

မင်းထီး ရေးသားသည်

မြန်မာနိုင်ငံမှာ ၂၀၂၁၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း လူထုရဲ့ တုန့်ပြန်ဆန္ဒထုတ်ဖေါ်မှုတွေကြောင့် စစ်ကောင်စီဟာ အာဏာသိမ်း ရက်ပေါင်းတစ်ရာကျော်လာတဲ့အထိ အုပ်ချုပ်ရေးယန္တရားကို ကောင်းစွာမလည်ပတ်နိုင်သေးပါဘူး။ အာဏာသိမ်းယူလိုက်တဲ့နောက်ပိုင်း ပြည်မဒေသက ပြည်သူအများစုက ဆန့်ကျင်လှုပ်ရှားမှုတွေပေါ်ပေါက်ခဲ့ပြီး စစ်ကောင်စီဘက်က အကြမ်းဖက်ချေမှုန်းခြင်းတွေကြောင့် လူပေါင်း ၈၅၀ ကျာ်သေဆုံးခဲ့ကြရပြီး ၄၇၀၀ ကျော်ဖမ်းဆီးခံရကာ လူပေါင်း မြောက်များစွာမှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီပဋိပက္ခဟာ ဒီနေ့အချိန်အထိ ငြိမ်သက်သွားခြင်းမရှိသေးသလို တိုင်းဒေသကြီးအများစုမှာ အပြန်အလှန် သတ်ဖြတ်မှု၊ ဗုံးပေါက်ကွဲမှု စတဲ့ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုအထိ ပိုမိုကြီးထွားလာနေတာကိုတွေ့နေ ရပါတယ်။ ဒေသအလိုက် လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပြီး  (People Defense Force- PDF) လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တစ်ပြည်လုံးတိုက်စစ်ဖွင့်ဖို့ထိ ကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က ထုတ်ဖေါ်ပြောဆိုတာကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဟာ ဆွေးနွေးပွဲလမ်းကြောင်းထက် ထိပ်တိုက်တွေ့မှု ဆက်ရှိနေအုံးမယ်လို့ တွက်လို့ရနိုင်တဲ့ အခြေအနေရှိပါတယ်။

၂၀၁၁ ကနေ ၂၀၂၀ အထိ ဆယ်နှစ်တာကာလအတွင်း ဒီမိုကရေစီအစိုးရလက်ထက်တွေမှာ နိုင်ငံခြား ရင်းနှီးမြှပ်နှုံမှုတွေနဲ့ အနောက်နိုင်ငံတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ရယူနိုင်ခဲ့ပြီး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်နေခဲ့တဲ့ ကာလအတွင်း နိုင်ငံရဲ့ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအနည်းငယ်ကို ပိုင်ဆိုင်ခဲ့သလို နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးကိစ္စတွေလည်း တိုးတက်လာခဲ့တာကို တွေ့ရပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၅-၂၀၂၀ မှာ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတချို့ကို လက်မှတ်ရေးထိုးခဲ့တာကိုတွေ့ရပြီး အဲဒီရင်းနှီးမြှုပ်နှံမှုထဲမှာ တရုတ်ရဲ့ရင်းနှီးမြှုတ်နှံမှုအများစု ပါဝင်နေတာကိုတွေ့ရပါတယ်။ ဒီချုပ်နဲ့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု စီမံကိန်းတွေထဲမှာ အကြီးမားဆုံးစီမံကိန်းကတော့ တရုတ်ရဲ့ မဟာအိမ်မက်ဖြစ်တဲ့ (BRI- Belt and Road Initiative) စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာနိုင်ငံအတွင်း (CMEC – China Myanmar Economic Corridor)   စီမံကိန်းအဖြစ် ပြုလုပ်မှာဖြစ်ပါတယ်။

CMEC ထဲမှာ စီမံကိန်းပေါင်း သုံးဆယ်သုံးခုအထိ ပါဝင်မှာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ကျောက်ဖြူ - ကူမင်း ရထားလမ်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကျောက်ဖြူ- အမ်း-ပဒန်း-မင်းဘူးလမ်း ဖောက်လုပ်ရေးလည်း ပါဝင်ပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းလို့လူသိများတဲ့ ကျောက်ဖြူစီမံကိန်းဟာ NLD အစိုးရလက်ထက်မှာ သဘောတူခဲ့တဲ့ စီမံကိန်းတော့မဟုတ်ပါဘူး။ အရပ်သားတစ်ပိုင်းအစိုးရလို့ လူသိများခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁-၂၀၁၅ ကတည်းက တရုတ်နဲ့ ရေနက်ဆိပ်ကမ်းပိုင်းကို အကျိုးအမြတ် တရုတ် ၈၅% မြန်မာ ၁၅% နဲ့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သို့သော်လည်း NLD အစိုးရတက်လာခဲ့ပြီးတဲ့နောက်ပိုင်း အစုရှယ်ယာကိစ္စကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး တရုတ် ၇၀ % မြန်မာ ၃၀% နဲ့ အကျိုးအမြတ်ကို ပြန်လည်ညှိနှိုင်းသဘောတူခဲ့ကြတာပါ။ မူဘောင်သဘောတူညီချက် ၄၅ ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး သုံးဆယ်သုံးခုကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြတာပါ။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီပွားရေးဇုန်စီမံကိန်းဟာ တရုတ်ရဲ့ BRI အတွက် အရေးအကြီးဆုံး ပင်လယ်ထွက်ပေါက်ဖြစ်ပြီး အင်ဒိုပစိဖိတ်ကို ရှောင်လွှဲဖို့ အကောင်းဆုံးနိုင်ငံရေးလမ်းကြောင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ဆောင်မည့် လုပ်ငန်းစဉ်ငါးချက်ကို ထုတ်ဖေါ်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

အဲဒီငါးချက်ထဲမှာ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများကို ယခင်သဘောတူညီချက်များအတိုင်း အကောင်အထည်ဖေါ်ဆောင်မယ်လို့ ပြောကြားခဲ့တာကို တွေ့ရပါတယ်။ ဆိုတော့ ဒီပြောဆိုချက်အရ ကျောက်ဖြူရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးအတွက် NLD အစိုးရ လက်ထက် (၂၀၂၀) ဩဂုတ်လကမှ အတည်ပြုပေးခဲ့တဲ့ (Kyaukpyu Special Economic Zone Deep Seaport Co.Ltd ) က ဆက်လက်လုပ်ဆောင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာတော့ စစ်ကောင်စီဘက်က BRI အကောင်အထည်ဖေါ်ဆောင်ရေး ကော်မတီကို ကုန်ခဲ့တဲ့မေလက ဖွဲ့စည်းခဲ့ပြီးတဲ့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တည်ဆောက်ဖို့ ပြန်လည် အသံထွက်လာတာဖြစ်ပြီး ဘယ်လိုစတင်မလဲဆိုတာကိုတော့ အတိအကျ ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။ လက်ရှိစစ်တပ်က အာဏာသိမ်းယူထားပေမယ့်လည်း ၂၀၀၈ ခြေဥကို ဖျက်သိမ်းကြောင်း မကြေညာသေးတဲ့အတွက် စီမံကိန်းတွေကို တည်ဆောက်ဖို့ဆိုရင် တည်ဆဲ ဥပဒေတွေအတိုင်း ဆက်လက် လုပ်ဆာင်မယ်လို့ ခန့်မှန်းရပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကို ဆောက်လုပ်ဖို့ ၂၀၁၅ က အတည်ပြုရေးဆွဲ့တဲ့ (EIA –Environmental Impact Assessment) သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှု စစ်တမ်းပြုလုပ်ရအုံးမှာ ဖြစ်ပါတယ်။  EIA  ပြုလုပ်ဖို့ ကနေဒါနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ HATCH ကုမ္ပဏီကို NLD အစိုးရ လက်ထက်က အကြံပေးငှားရမ်းခဲ့ပေမယ့် ကိုဗစ်ရောဂါကာလအတွင်းဖြစ်ခဲ့တာကြောင့် စီမံကိန်းရှိရာ ကျောက်ဖြူမြို့နယ်သို့ တစ်ခေါက်သာ ရောက်ရှိခဲ့ပါတယ်။ ဒေသတွင်းလုပ်ရမယ့် လုပ်ငန်းစဉ်တွေကိုတော့ လုပ်ဖြစ်ခဲ့တာမတွေ့ရပါဘူး။
ကျောက်ဖြူဒေသတွင်းမှာတော့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (စစ်အစိုးရ) လက် ထက်မှာ တည်ဆောက်ခဲ့တဲ့ သဘာဝဓာတ်ငွေ့နှစ် ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ဒေသတွင်း ထိခိုက်နစ်နာမှုများစွာကို တွေ့ခဲ့ရပါတယ်။ မြေယာပြဿနာများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများ မြေယာလျော်ကြေးကိစ္စများမှာ ဌာနဆိုင်ရာများရဲ့ အကျင့်ပျက်ခြစားမှုများအပြင် ဒေသခံများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများစွာ နစ်နာဆုံးရှုံးခဲ့ရတာကိုတွေ့ရပါတယ်။ အမေရိကန်ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုတ်နှံထားတဲ့ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ ကုမ္ပဏီဘက်က လုပ်ဆောင်ပေးရမည့် ဒေသဖွံ့ဖြိုးရေးစီမံချက် (CSR- Corporate Social Responsibility –Program ) အခုအချိန်အထိ လုံးဝလုပ်ဆောင်ပေးမှု မရှိသေးပါဘူး။

ရေလုပ်ငန်းကို အဓိကလုပ်ဆောင်ကြတဲ့ သေခံရေလုပ်သားများရဲ့ တစ်ပိုင်တစ်နိုင် လုပ်ကွက်များအတွင်း  တရုတ်ရဲ့ ရေနံတင်ဆိပ်ကမ်းနဲ့ ရေနံတင်သင်္ဘောလမ်းကြောင်း သတ်မှတ်လိုက်ခြင်းကြောင့် ဒေသခံရေလုပ်သားများရဲ့ တစ်ပိုင်တစ်နိုင် ရေလုပ်ကွက်များပျက်စီးသွားခဲ့ကြရပြီး စီမံကိန်းများကြောင့် ဒေသတွင်းဖွံ့ဖြိုးမလာတဲ့အပြင် ဆင်းရဲမွေးတေမှုသာ တိုးပွားလာခဲ့တယ်လို့ ဆိုရမှာပါ။

ဒေသခံရေလုပ်သားများဘက်က ၂၀၁၇ မေလမှာ ဆန္ဒထုတ်ဖေါ်ကာ ရေလုပ်သားများအတွက် ကူညီဖြေရှင်းပေးဖို့ နိုင်ငံတော်အစိုးရနဲ့ ကုမ္ပဏီဘက်ကို တောင်းဆိုခဲ့ကြပေမယ့် အစိုးရဘက်ကရော ကုမ္ပဏီဘက်ကပါ ဒေသခံများရဲ့ နစ်နာမှုကို လာရောက်ဆွေးနွေးညှိနှိုင်းတာမျိုးတောင် မရှိခဲ့တာကိုတွေ့ရပါတယ်။

ကျောက်ဖြူအထူစီးပွားရေးဇုန် တည်ဆောက်မယ့် မြေယာအပါအဝင် ကျောက်ဖြူဒေသအတွင်း မြေယာပိုင်ဆိုင်မှုဟာ ယနေ့အချိန်ထိ ဓလေ့ထုံးတမ်းအရပိုင်ဆိုင်မှုသာရှိပြီး (၂၀၁၂-၂၀၁၃) မှာ အတည်ပြုပြဌာန်းခဲ့တဲ့ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေတွေကြောင့် ဒေသအတွင်း မြေယာပိုင်ဆိုင်မှုကို များစွာခြိမ်းခြောက်လျှက်ရှိတာကို တွေ့ရပါတယ်။ သဘာဝအလျှောက်ပေါက်ရောက်ပြီး သဘာဝဘေးဒဏ်ကို ကာကွယ်ပေးနေတဲ့ ဒီရေတောတွေကိုလည်း ငွေကြေးချမ်းသာသူများက ပိုင်ဆိုင်မှုတွေရယူပြီး ဖျက်ဆီးနေကြတာကိုလည်း တွေ့နေရပါသေးတယ်။

NLD အစိုးရလက်ထက်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်ဧရိယာအတွင်းက လယ်မြေတွေကို ဥပဒေအရ မြေယာပိုင်ဆိုင်ခွင့် လျှောက်ထားခြင်းများကို မြေယာပိုင်ဆိုင်ခွင့် ပုံစံ(၇) ထုတ်ပေးခွင့်ကို ဗဟိုအစိုးရကခွင့်မပြုကြောင်း ပြည်နယ်ဝန်ကြီးတစ်ဦးက ကျောက်ဖြူလူထုတွေ့ဆုံပွဲမှာ ထုတ်ဖေါ်ပြောဆိုခဲ့ဖူးပါတယ်။ လက်ရှိအချိန်ထိလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ပါဝင်မယ့် မြေဧကပေါင်း လေးထောင်ကျော်အနက် မြေယာပိုင်ဆိုင်ခွင့် ပုံစံ(၇) လုပ်ပေးထားတဲ့ (ဥပဒေအရ တရားဝင်ပိုင်ဆိုင်ထားတဲ့) မြေဟာ အလွန်ကိုနည်းပါးသေးတာကိုတွေ့ရပြီး ဒီပြဿနာဟာ ဒေသခံလယ်သမားများအတွက် စိုးရိမ်းမှုအပြင်းထန်ဆုံးလည်းဖြစ်ပါတယ်။

ကျောက်ဖြူဒေသခံများအတွက်ကတော့ စီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတာကို ယုံကြည်သူအလွန် နည်းပါးတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၀၉-၂၀၁၀ မှာ စတင်လုပ်ဆောင်ခဲ့တဲ့ ဓာတ်ငွေ့ ပိုက်လိုင်း၊ ရေနံပိုက်လိုင်းစီမံကိန်းမှာ အတွေ့အကြုံရှိထားကြပြီးသားဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ နောက်တစ်ချက်က တည်ဆဲမြေယာဥပဒေဟာ ရင်းနှီးမြှုတ်နှံတဲ့သူတွေအတွက်သာ မြေယာများစွာကို ပိုင်ဆိုင်ပေးထားတာကိုတွေ့ရပြီး ဒေသခံလယ်သမားများအတွက် ပေးထားတဲ့အခွင့်အရေးဟာ အလွန်ကိုနည်းပါးတယ်ဆိုတာ ဥပဒေကိုလေ့လာသူတိုင်း သိကြမှာဖြစ်ပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တည်ဆောက်ဖို့ဆိုရင် အသေးစိတ်အချက်အလက်များစွာကို သုတေသနပြုလုပ်ဖို့ လိုအပ်ပါသေးတယ်။ မြေယာလျော်ကြေးညှိနှိုင်းခြင်းနဲ့ လျော်ကြေးမူဝါဒ အသေးစိတ်ချမှတ်တာတွေ၊ ထိခိုက်နစ်နာသွားမယ့် ရေလုပ်သားများအတွက် အစားထိုးလုပ်ငန်းတွေကို အကောင်အထည်ဖေါ်ပေးတာတွေ၊ ဒေသဖွံ့ဖြိုးရေး မူဝါဒချမှတ်တာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ကြိုတင်ဖန်တီးပေးတာတွေ ဘာတစ်ခုမှရှိမနေသေးပါဘူး။

ဒါဟာ စီမံကိန်းအကောင်အထည်ဖေါ်ဆောင်နိုင်ဖို့အတွက် မဖြစ်မနေ လိုတပ်တာတွေဖြစ်သလို ဒီဒေသအတွက် အခြေခံလိုအပ်ချက်တွေကို မပြုလုပ်ဘဲ စီမံကိန်းကိုသာ အာရုံစိုက်မယ်ဆိုရင်တော့ စီမံကိန်းဟာ ပဋိပက္ခသံသရာမှာ ဆက်လည်ဖို့သာများပါလိမ့်မယ်။ အရင်စီမံကိန်းတွေမှာလည်း အစိုးရဘက်ကလည်း ဒေသခံတွေရသင့်တဲ့ အခွင့်အရေးတွေကို လစ်လျူရှုခဲ့သလို အခုစီမံကိန်းမှာလည်း အခုချိန်အထိ အဓိက လုပ်ဆောင်ရမယ့် ( EIA/ SIA) တွေ ဘာတစ်ခုမှမလုပ်ဆာင်ဘဲ စီမံကိန်းစတင်မယ်ဆိုရင် ခေတ်ပျက် သူဌေးတစ်ချို့နဲ့ အာဏာရှင်တို့ကိုသာ အထောက်အပံ့ဖြစ်စေမှာ ဖြစ်တယ်လို့မြင်ပါတယ်။

တရုတ်ဟာ အရင်စစ်အုပ်ချုပ်ရေးကာလကလည်း မြန်မာစစ်အာဏာရှင်တွေနဲ့ပူးပေါင်းကာ မြန်မာနိုင်ငံက တိုင်းရင်းသား၏လူထုပိုင်ဆိုင်တဲ့ သယံဇာတများစွာကို ထုတ်ယူခဲ့ပြီး အကျိုးအမြတ်များစွာကို ရယူခဲ့တဲ့ “မိမိအကျိုးစီးပွားသည်သာအဓိက” မူဝါဒကို လက်ကိုင်ထားခဲ့ပြီး မြန်မာပြည်သူများရဲ့ အခွင့်အရေးကို လစ်လျူရှု့ခဲ့တာကြောင့် မြန်မာနိုင်ငံအတွင်းနေရာတိုင်းမှာ ဆန့်ကျင်မှုတွေရှိခဲ့တဲ့  နာမည်ပျက်နိုင်ငံဖြစ်တာကိုတော့ ငြင်းလို့မရပါဘူး။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ကျောက်ဖြူဒေသနှင့် ရခိုင်တစ်ပြည်လုံးအတွက်သာမက တရုတ်နိုင်ငံရဲ့ စီးပွားရေးကိုပါ အထူးအကျိုးရှိနိုင်တဲ့ စီမံကိန်းဖြစ်တာကြောင့် နိုင်ငံရေးအရ အလွန်အကဲဆတ်တဲ့ စီမံကိန်းလို့ ဆိုရပါမယ်။ ရခိုင်လူမျိုးတွေနဲ့ ပြည်ထောင်စုကြားက နိုင်ငံရေးလိုအပ်ချက်တွေနဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခငြိမ်းချမ်းရေး တစ်စိတ်တစ်ဒေသထိ ဒီစီမံကိန်းဟာ လုပ်ဆောင်နိုင်ခြေရှိနေပါတယ်။ သို့သော်လည်း လက်ရှိစစ်ကောင်စီအနေနဲ့ ဘယ်လောက်ထိ နိုင်ငံငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးတည်လုပ်ဆောင်မလဲ ဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။

ဓနအင်အား စစ်အင်အားကြီးလာတဲ့ တရုတ်ရဲ့ ပါဝါချဲ့ထွင်မှုဟာ အရင်အတိုင်း ရင်းနှီးမြှုပ်နှံမှုမှာ စည်းပျက်ကမ်းပျက်ဆန်မှုကို ဆက်လက်ကျင့်သုံးနေရင်တော့ စီမံကိန်းအောင်မြင်ဖို့အတွက် အာဏာရှင်တွေသာ မွေးထုတ်လာနိုင်တဲ့ အခြေအနေထိ BRI Project ဝင် နိုင်ငံတွေရဲ့ နိုင်ငံရေးဟာ နိုင်ငံရေးနာတာရှည်ရောဂါသာ ရရှိလာမှာဖြစ်ပါတယ်။

မင်းထီး ရေးသားသည်

ဗီဒီယိုများ