စိုင်းတင်ရေတံခွန်ကို ထိန်းသိမ်းစေချင်

ဒီရေတံခွန်ကြီးဝန်းကျင်မှာ အတိတ်တချိန်က သမိုင်းဝင်စိုင်းတင်မြို့ကြီးရှိခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီမြို့ဟာ ရခိုင်သမိုင်းမှာထင်ရှားခဲ့တဲ့ ကစ္ဆပဒနီ၏ လက်ဝဲ(၉၉)မြို့စာရင်းမှာပါဝင်ခဲ့ပါတယ်။ သမိုင်းဝင်စိုင်းတင်မြို့ကြီးကို အပိုင်စားခဲ့ရတဲ့မြို့စားတွေထဲက ထင်ရှားတဲ့မြို့စားတွေမှာဆိုရင် မြောက်ဦးဘုရင် မင်းဘာကြီးရဲ့သား အိမ်ရှေ့စံ မင်းဖလောင်း၊ ရခိုင့်စာဆိုတော်ကြီး ဥက္ကာပျံ၊ ရခိုင့်စာဆိုအမတ်ကြီး ရွှေသဲ၊ အမတ်ကြီး ရွှေသဲရဲ့ဇနီး သီရိမလ္လာမိပန်းရံနဲ့ ဗိုလ်ချင်းပြန်တို့ဖြစ်ကြပါတယ်။

By မောင်မေယု(ဘူးသီးတောင်) 30 Nov 2021

DMG ၊ နိုဝင်ဘာ ၃၀

(ဆောင်းပါး)

ဆောင်းဦးရာသီရောက်ရင် အနောက်အရပ်နေ ရခိုင်သူ၊ရခိုင်သားတို့ စိုင်းတင်ရေတံခွန်ကြီးကို ပျော်ပျော်ပါးပါးခရီးသွားလေ့ရှိကြပါတယ်။ ဒီလိုအချိန်မှာ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတို့ကလည်း စိုင်းတင်ရေတံခွန်ကြီးကို အပျော်ခရီးအဖြစ် လာရောက်လည်ပတ်ကြတာတွေကိုတွေ့ရှိရပါတယ်။

မနှစ်ကဆိုရင် စိုင်းတင်ရေတံခွန်ကြီးကို လာရောက်လည်ပတ်သူ ကြက်ပျံမကျစည်ကားခဲ့ပါတယ်။ ဒီနှစ်မှာ စစ်ပွဲတွေငြိမ်းပြီး ကိုဗစ်ရောဂါအခြေအနေတွေလည်းငြိမ်နေတဲ့အတွက် ပိုပြီးစည်ကားနိုင်ပါတယ်။ ဒါ့ကြောင့် ခရီးသွားပြည်သူတွေကို စိုင်းတင်ရေတံခွန်ကြီးနဲ့ပတ်သက်လို့ အနည်းငယ်ပြောပြချင်ပါတယ်။

စိုင်းတင်ရေတံခွန်ကြီးဟာ ရခိုင်ပြည်ရဲ့အနောက်ဘက် ဘူးသီးတောင်မြို့နယ်မှာတည်ရှိပါတယ်။ ရခိုင်ပြည်ရဲ့ အကြီးဆုံးနဲ့ အလှဆုံးရေတံခွန်လည်းဖြစ်ပါတယ်။ ဒီရေတံခွန်းကြီးကိုသွားမယ်ဆိုရင် မယူမြစ်ကြောင်းအတိုင်း ရေလမ်းခရီးနဲ့တိုက်ရိုက်သွားလာနိုင်သလို ဘူးသီးတောင်မြို့ကတဆင့်သွားရင်လည်း အဆင်ပြေပါတယ်။ ဘူးသီးတောင်မြို့ကသွားမယ်ဆိုရင် ဘူးသီးတောင်-ရသေ့တောင်ကားလမ်းမကြီးအတိုင်း ဒုံးသိမ်ပုထိုးတော်ကြီးကိုရောက်အောင်ထိ ကားနဲ့သွားလို့ရပါတယ်။ ဒုံးသိမ်ဟာ စိုင်းတင်ဒေသရဲ့ အထင်ကရ သမိုင်းဝင်ပုထိုးတော်ကြီးတစ်ဆူပါ။

အဲဒီပုထိုးတော်ကြီးရှေ့မှ ကင်းတောင်ရွာဟာ စိုင်းတင်လှေဆိပ်ဖြစ်ပါတယ်။ အဲဒီလှေဆိပ်ကနေ စက်တပ်လှေငယ်လေးတွေငှါးစီးပြီး စိုင်းတင်ကို ပျော်ပျော်ပါးပါးခရီးသွားလာနိုင်ပါတယ်။

စိုင်းတင်ရေတံခွန်ကြီးဟာ စိုင်းတင်ချောင်းရဲ့အဆုံးမှာ တည်ရှိနေတာပါ။ ရေလုံးကြီးများ တဝေါဝေါစီးဆင်းနေတဲ့နေရာဟာ စိုင်းတင်ရေတံခွန်ကြီးရဲ့ အောက်ဆုံးအဆင့်ဖြစ်ပါတယ်။ အဲဒီရေတံခွန်ရဲ့အထက်မှာ စစ်ချောင်းနဲ့ ရီးချောင်းဆိုတာရှိပါတယ်။ အဲဒီချောင်းနှစ်ခုဆုံတဲ့အရပ်ကို ခရီးသွားပြည်သူတွေ ပိုပြီးစိတ်ဝင်စားကြပါတယ်။ အဲဒီနေရာသို့သွားမယ်ဆိုရင် စိုင်းတင်ရေတံခွန်ကြီးရဲ့အပေါ်မှာရှိတဲ့ စက်တပ်လှေငယ်လေးတွေကိုစီးပြီး သွားရတာပါ။ သွားလမ်းတစ်လျှောက်မှာ စိမ်းမြကြည်လင်နေတဲ့ရေပြင်နဲ့အတူ ရေထဲရှိ ကျောက်ဆောင်ကျောက်သားတွေကို အထင်းသားမြင်ရတဲ့အတွက် ရင်ခုန်စရာလည်းကောင်းပါတယ်။ ချောင်းနှစ်ခုဆုံတဲ့အရပ်မှာ လှပတဲ့ကျောက်ဆောင်ကြီးတွေကို မြင်တွေ့နိုင်ပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ စစ်ချောင်းရင်ပြင်မှာနေနိုင်သလို ရီးချောင်းရင်ပြင်မှာနေရင်လည်းရပါတယ်။ အဲဒီနေရာတွေမှာ ရေတံခွန်ငယ်တွေ၊ ရေအိုင်တွေများစွာရှိတဲ့အတွက် ရေကူး၊ ရေချိုးချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။

ဒီရေတံခွန်ကြီးဝန်းကျင်မှာ အတိတ်တချိန်က သမိုင်းဝင်စိုင်းတင်မြို့ကြီးရှိခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီမြို့ဟာ ရခိုင်သမိုင်းမှာထင်ရှားခဲ့တဲ့ ကစ္ဆပဒနီ၏ လက်ဝဲ(၉၉)မြို့စာရင်းမှာပါဝင်ခဲ့ပါတယ်။ သမိုင်းဝင်စိုင်းတင်မြို့ကြီးကို အပိုင်စားခဲ့ရတဲ့မြို့စားတွေထဲက ထင်ရှားတဲ့မြို့စားတွေမှာဆိုရင် မြောက်ဦးဘုရင် မင်းဘာကြီးရဲ့သား အိမ်ရှေ့စံ မင်းဖလောင်း၊ ရခိုင့်စာဆိုတော်ကြီး ဥက္ကာပျံ၊ ရခိုင့်စာဆိုအမတ်ကြီး ရွှေသဲ၊ အမတ်ကြီး ရွှေသဲရဲ့ဇနီး သီရိမလ္လာမိပန်းရံနဲ့ ဗိုလ်ချင်းပြန်တို့ဖြစ်ကြပါတယ်။

သို့ပေမဲ့ အဲဒီသမိုင်းဝင်စိုင်းတင်မြို့ကြီးဟာ ဒီဝန်းကျင်က ဘယ်နေရာမှာရှိခဲ့တယ်ဆိုတာကို အခုအချိန်ထိ တိကျစွာမသိရှိရပေ။ သမိုင်းသုတေသီတို့ကလည်း လေ့လာရန်လိုအပ်သေးကြောင်းဆိုကြပါတယ်။ ဒီစိုင်းတင်နဲ့ပတ်သက်လို့ ပါးစပ်ရာဇဝင်နှစ်ခုမှာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒီပါးစပ်ရာဇဝင်တွေမှာဆိုရင် စိုင်းတင်အရပ်မှာနေထိုင်ခဲ့တဲ့ ဘုရင်တစ်ပါးရဲ့မိဖုရားကို မိကျောင်းကိုက်ယူသွားတဲ့ရာဇဝင်နဲ့ ဇမ္ဗူဒီပါလက်ယာကျွန်းကိုအုပ်စိုးတဲ့ ဘုရင်ကြီးတစ်ပါး စိုင်းတင်တောင်တန်းမှာ မသေဆေးလာရှာချိန် မိဖုရားရဲ့လည်ကိုပိုင်းမိတဲ့ရာဇဝင်တို့ ဖြစ်ကြပါတယ်။ မိကျောင်းကိုက်ခံရတဲ့ရာဇဝင်ကို “ပေါင်းစည်ခြင်းအက္ခရာများအမှတ်(၂)”စာအုပ်ပါ ဆရာမောင်မေယု(ဘူးသီးတောင်)ရဲ့ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ မသေဆေးရှာတဲ့ဘုရင်ကြီးရဲ့ အကြောင်းကိုတော့ “မယူရှင်မနတ်နန်းသို့ သုတေသနခရီးစဉ်”စာအုပ်ပါ ဆရာမောင်မှန်းအောင်(ကျိန်းမြေ)ရဲ့ ဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

စိုင်းတင်အမည်နဲ့ပတ်သက်လို့ စိုင်းတင်ကို ရာဇဝင်သမိုင်းတွေထဲမှာ စစ်တန်းတင်၊ စိန်တင်၊ စည်းတင်လို့ ခေါ်ခဲ့ကြကြောင်းသိရှိရပါတယ်။ အဲဒီကနေ နှောင်းခတ်မှာ စိုင်းတင်လို့ခေါ်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ ‘စိုင်းတင်’ကို ‘စိုင်းဒင်’လို့ ဒဒွေးနဲ့ ရေးလာကြတာကိုတွေ့ရပါတယ်။ စိုင်းတင်ဆိုတဲ့စကားဟာ စစ်တန်းတင်ဆိုတဲ့စကားက ရွှေ့လာခဲ့တာဖြစ်ပါတယ်။ အဓိပ္ပါယ်က စိုင်းတင်တောင်တန်းထက်မှာ တင်ကျန်နေတဲ့ စစ်ချောင်းရေ၊ တစ်နည်းပြောရရင် စစ်ချောင်းကဖြစ်ပေါ်လာတဲ့ ရေတံခွန်လို့ဆိုပါတယ်။ ဒီအဓိပ္ပါယ်ကို ၁၉၉၈ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စိုင်းတင်မဂ္ဂဇင်းက အသျှင်စက္ကိန္ဒနဲ့စာတည်းအဖွဲ့တို့ ဖော်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ စိုင်းတင်ဆိုတဲ့စကားကို ဘာသာဗေဒအရလည်း ခွဲပြခဲ့ပါသေးတယ်။

“စိုင်း”ဆိုတဲ့ စကားလုံးမှာ “စ”ဗျည်းနဲ့ “အိုင်း”သရသံပြင်းတို့ ပါဝင်ပါတယ်။ အဲဒီ “အိုင်း”သံပြင်းဟာ သူ့နောက်က လိုက်လာတဲ့ “တင်”(သံညှင်း)စကားသံကို လွှမ်းမိုးသွားတဲ့အတွက် သံပြင်း“ဒင်”ဆိုပြီး ထွက်လာရပါတယ်။ ဒါ့ကြောင့် စာရေးတဲ့အခါ“စိုင်းတင်”၊ ရွတ်ဆိုတဲ့အခါ“စိုင်းဒင်”ဖြစ်ပါတယ်။ ဒီလိုအသံထွက်တာဟာ စကားသံရဲ့သဘာဝဖြစ်တယ်လို့ ရှင်းပြခဲ့ကြပါတယ်။

အခုချိန်မှာတော့ စိုင်းတင်ဟာ မြန်မာစကားသာဖြစ်ပြီး စိုင်းဒင်လို့ရေးမှ ရခိုင်ပီသတယ်လို့ဆိုလာကြပါတယ်။ ဒါ့ကြောင့် သမိုင်းတွင်ခဲ့တဲ့စိုင်းတင်ဟာ စိုင်းဒင်သို့ပြောင်းရွှေ့လာခဲ့ရပါတယ်။ ဒီပုံစံအတိုင်း စကားသံကိုလိုက်ပြီး ရေးကြမယ်ဆိုရင် “ဘူးသီးတောင်”ကိုလည်း “ဘူးသီးဒေါင်”လို့သာ ရေးသင့်ပါတယ်။ ဘူးသီးတောင်ကို စာရေးတဲ့အခါ တောင်လို့ရေးပြီး အသံထွက်တဲ့အခါ ဒေါင်လို့ထွက်ကြလို့ပါ။ စကားသံရဲ့သဘာဝအရ “သီး”ဆိုတဲ့သံပြင်းဟာ နောက်ကလိုက်လာတဲ့“တောင်”ဆိုတဲ့သံညှင်းကို လွှမ်းမိုးသွားတဲ့အတွက် “ဒေါင်”လို့ အသံထွက်တာဖြစ်ပါတယ်။ စကားဆိုတာ အချိန်နဲ့အတူပြောင်းလဲနေတဲ့အရာလို့ ဆိုကြပါတယ်။ သို့ပေမယ့် သတိထားရမှာက ပြောင်းရွှေ့ဖန်များလာရင်တော့ မိမိတို့ရဲ့မူပိုင်ဝေါဟာရတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။

ဒီနေ့ခေတ်မှာ စိုင်းတင်ရေတံခွန်ကြီးဟာ အမည်နာမတစ်ခုတည်း ပြောင်းရွှေ့ခဲ့တာမဟုတ်ပါ။ သဘာဝအနေအထားတွေလည်း ပြောင်းလဲခဲ့တာကိုတွေ့ရပါတယ်။ ပြောင်းရွှေ့ခြင်းတွေထဲမှာ အကောင်းဖက်ကို ပြောင်းတာကကောင်းပါတယ်။ အဆိုးဖက်ကိုပြောင်းရင်တော့ မကောင်းတော့ပါ။ လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်က စိုင်းတင်ရေတံခွန်ကြီးကနေ ရေအားလျှပ်စစ်ထုတ်မယ်ဆိုပြီး စီမံကိန်းတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ အဲဒီစီမံကိန်းကြောင့် ကျောက်ဆောင်ကျောက်သားတွေကိုဖြို၊ သဘာဝသစ်ပင်ဝါးပင်တွေကိုခုတ်ပြီး စမ်းသပ်မှုတို့ပြုလုပ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ စီမံကိန်းကမအောင်မြင်ခဲ့ပါ။ သဘာဝအနေအထားတွေပျက်စီးပြီး အဆောက်အဦအဟောင်းတွေသာ စိတ်ပျက်ဖွယ်ကြွင်းကျန်ခဲ့ပါတယ်။ အဲဒီစီမံကိန်းကြောင့် သဘာဝအလှတရားတွေ ပျက်စီးခဲ့ရပါတယ်။ နောက်ပြီး သစ်တွေ၊ ဝါးတွေ အဆက်မပြတ်ထုတ်ယူရောင်းချနေခြင်းကလည်း သဘာဝကိုပျက်စီးစေပါတယ်။ အဲဒီလို အကြီးစားပျက်စီးမှုတွေရှိခဲ့သလို အငယ်စားပျက်စီးမှုတွေလည်း ရှိနေပါတယ်။

အငယ်စားပျက်စီးမှုတွေကို အလည်အပတ်လာသူတို့က အဓိကလုပ်ကြတာပါ။ အလည်အပတ်ပျော်ပွဲစား လာသူတို့ဟာ စိုင်းတင်မှာ သောက်စားမူးယစ်ပျော်ပါးကြပါတယ်။ စားပြီးသောက်ပြီးတဲ့ ကြွင်းကျန်ပစ္စည်းတွေကို ဖြစ်သလိုလွှင့်ပစ်ကြပါတယ်။ ဒါကြောင့် ရေအိုင်ကလေးတွေညစ်ပတ်ရပါတယ်။ အမှိုက်တွေဟာ စိုင်းတင်ဝန်းကျင်မှာ ပြန့်ကြဲလာတဲ့အတွက် သဘာဝအလှတရားတွေ ပျက်စီးလာခဲ့ပါတယ်။ စည်းကမ်းမဲ့သူတို့ကြောင့် ပုလင်းခွံအကွဲတွေ၊ ဘီယာဘူးခွံတွေကို ကျောက်ဆောင်ကျောက်သားတွေမှာ ပြန့်ကြဲပြီးတွေ့ရပါတယ်။ ဒီအရာတွေကို မနှစ်က စိုင်းတင်သွားတဲ့အချိန်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲဒီလို စည်းကမ်းမဲ့အမှိုက်ပစ်တာများလာရင် စိုင်းတင်ရဲ့ ဂေဟစနစ်တွေပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် မနှစ်ကဆိုရင် ဘူးသီးတောင်မြို့ပေါ်က ပရဟိတအဖွဲ့အစည်းတွေအနေနဲ့ စိုင်းတင်ကိုသွားပြီး အမှိုက်ကောက်တာတို့ လုပ်ခဲ့ကြပါသေးတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ စိုင်းတင်ရေတံခွန်ကြီးကိုသွားမယ်ဆိုရင် စည်းကမ်းရှိကြဖို့လိုအပ်ပါတယ်။ အမှိုက်ပုံးတွေရှိရင် အမှိုက်ကို စနစ်တကျပစ်ကြရန်လိုပါတယ်။ အမှိုက်ပုံးတွေမရှိရင်လည်း စားကြွင်းသောက်ကျန်တွေကို စနစ်တကျထုပ်ပိုးပြီး တစ်နေရာမှာစုပုံထားခဲ့ကြဖို့ လိုပါတယ်။ အဲဒီလိုထားခဲ့ကြရင် အမှိုက်လာကောက်တဲ့ အဖွဲ့တွေအနေနဲ့လည်း

လွယ်ကူစွာကောက်ယူနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး စိုင်းတင်ကိုသွားချိန်ရောက်ရင် စိုင်းတင်ရေတံခွန်ကြီးအပေါ်မှာ ဈေးဆိုင်တွေပေါ်လာတတ်ပါတယ်။ အဲဒီဈေးဆိုင်တွေအနေနဲ့လည်း စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျပစ်ကြရန် လိုအပ်ပါတယ်။

ရခိုင်ပြည်ထဲက အထင်ကရနေရာတွေဟာ လူတွေမရောက်ရှိကြတဲ့အခါ သဘာဝကျကျသာယာလှပနေကြပြီး လူတွေရောက်ရှိလာတဲ့အခါ အမှိုက်ဆိုးတွေနဲ့ ရုပ်ဆိုးသွားတတ်တဲ့အတွက် သတိထားကြရန်လိုပါတယ်။ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်မှာ လူတို့မတွေ့ထိရသေးတဲ့ လည်ပတ်စရာနေရာတွေ များစွာရှိပါသေးတယ်။ ဒါ့ကြောင့် သဘာဝတရားတွေကို ထိန်းသိမ်းတတ်ဖို့နဲ့ စည်းကမ်းရှိစွာလည်ပတ်တတ်ဖို့ လိုအပ်နေပါတယ်။  ဒီစိုင်းတင်ရေတံခွန်ကြီးဟာ ရခိုင်ပြည်ရဲ့ အထင်ကရရေတံခွန်တစ်ခုဖြစ်ပြီး အနာဂတ်မှာခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်လာနိုင်တဲ့အတွက် ထိန်းသိမ်းထားကြဖို့လိုပါတယ်။ နောက်ပြီးတော့ ဒီနေရာဟာ သုတေသနမလုပ်ရသေးတဲ့ သမိုင်းဝင်နေရာဌာနတစ်ခုလည်းဖြစ်တဲ့အတွက် ခရီးသွားပြည်သူတို့အားလုံး အသိသတိနဲ့ ဆင်ခြင်ထိန်းသိမ်းရန်လိုအပ်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

မောင်မေယု(ဘူးသီးတောင်)

ဗီဒီယိုများ