ထောင်နှုတ်ခမ်းမှာ လမ်းလျှောက်ရတဲ့ ညငှက်တွေရဲ့ဝမ်းစာ

ပါဋိအဘိဓာန်တွေမှာတော့ ပြည့်တန်ဆာပရိယာယ် ၆ မျိုးပြဆိုပြီး နာဂရသောဘိနိပုဒ်ကို အကြောင်းပြုပြီး မြန်မာလို ယဉ်ကျေးတဲ့ဝေါဟာရ ပြည့်တန်ဆာဆိုပြီး ထွက်ပေါ်လာတာပါ။
နာဂရံပြည်ကို သောဘိနိ တင့်တယ်စေတယ်၊ တန်ဆာဆင်တယ်ဆိုပြီးတော့ ဖော်ပြထားတာကိုတွေ့ရပြီး အခုခေတ်မှာတော့ အပြာမယ်၊ ဖာသည်ဆိုပြီးတော့ အမျိုးမျိုးခေါ်ဆိုကြတာရှိပါတယ်။

By ကျော်ကြီး 18 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၈

(ဆောင်းပါး)

အဝါရောင်မီးမှိန်မှိန်လေးထွန်းထားတဲ့ ဆယ်ပေပတ်လည်လောက်ရှိမယ့် အခန်းထဲမှာ ခြောက်လက်မ စကပ်အတိုနဲ့ ရင်ဘတ်ဟိုက်ချက်ပေါ်နေတဲ့ အင်္ကျီကိုယ်ကျပ်ဝတ်ထားတဲ့ အမျိုးသမီးငယ်တွေဟာ ဖုန်းကြည့်သူကြည့်၊ စကားပြောသူပြောနဲ့ ကိုယ်စီရှိနေကြတယ်။ သူတို့ရဲ့ မလှမ်းမကမ်းလောက်မှာပဲ ဗလတောင့်တောင့်နဲ့ အသက် ၃၀ ဝန်းကျင် ယောကျ်ားတစ်ယောက်လည်း ထိုင်နေပါတယ်။

အပြင်မှာတော့ လူသွားလူလာတဖြည်းဖြည်းနည်းပါးလာပြီး ညကလည်း တဖြည်းဖြည်းနက်လာတာနဲ့အမျှ သူတို့ရဲ့အလုပ်ချိန်ဟာလည်း ပိုပြီးတော့အရေးပါလာတယ်။ ဒီအချိန်မှာပဲ အိမ်ရှေ့ကားတစ်စီး ထိုးရပ်လိုက်တယ်။ အင်္ကျီအဖြူ၊ ဘောင်းဘီရှည်နဲ့ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားတဲ့ အသက် ၄၀ ဝန်းကျင်လူတစ်ယောက် ကားပေါ်ကဆင်းပြီး ကောင်မလေးတွေရှိရာဖက်ကို ဦးတည်ပြီးလာနေပါတယ်။

အဲဒီအချိန်မှာပဲ စောစောက ဖုန်းကြည့်ရယ်မောနေကြတဲ့ မိန်းကလေးတွေဟာလည်း ဝင်လာတဲ့ဧည့်သည်ကို အပြုံးကိုယ်စီနဲ့ကြိုဆိုလိုက်ကြပါတယ်။ ဧည်သည်ကတော့ မိန်းကလေးတွေအားလုံးကို တစ်ယောက်ချင်းလိုက်ကြည့်ပြီး အသက် ၂၅ နှစ်အရွယ် အသားဖြူဖြူ၊ အရပ် ၅ ပေလောက်ရှိမယ့် ဆံပင်ဂုတ်ဝဲလေးနဲ့ မိန်းကလေးတစ်ယောက်ကို လက်ညိုးထိုးပြီး သူတို့ထိုင်နေတဲ့ အခန်းထဲကထွက်ပြီး နောက်အခန်းတစ်ခုအတွင်းသို့ ဝင်သွားကြပါတယ်။ အဲဒီနေရာကတော့ ပြည်ဆန်ဆာအိမ်လို့ခေါ်တဲ့ လိင်လုပ်သားအမျိုးသမီးတွေရဲ့ လုပ်ငန်းခွင်တစ်ခုလည်း ဖြစ်ပါတယ်။

ပြည့်တန်ဆာဆိုတာဘာလဲ ?

ပြည်တန်ဆာဆိုတာကတော့ လိင်မှုကိစ္စတွေအတွက် အခငွေကြေးယူတဲ့ လိင်လုပ်သားတွေကို ခေါ်တာလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံတကာမှာတော့ commercial sex worker လို့လည်း ခေါ်ပါတယ်။

ပါဋိအဘိဓာန်တွေမှာတော့ ပြည့်တန်ဆာပရိယာယ် ၆ မျိုးပြဆိုပြီး နာဂရသောဘိနိပုဒ်ကို အကြောင်းပြုပြီး မြန်မာလို ယဉ်ကျေးတဲ့ဝေါဟာရ ပြည့်တန်ဆာဆိုပြီး ထွက်ပေါ်လာတာပါ။
နာဂရံပြည်ကို သောဘိနိ တင့်တယ်စေတယ်၊ တန်ဆာဆင်တယ်ဆိုပြီးတော့ ဖော်ပြထားတာကိုတွေ့ရပြီး အခုခေတ်မှာတော့ အပြာမယ်၊ ဖာသည်ဆိုပြီးတော့ အမျိုးမျိုးခေါ်ဆိုကြတာရှိပါတယ်။
အထူးသဖြင့်တော့ လူမှုပတ်ဝန်းကျင်တွေမှာ မကောင်းတဲ့မိန်းကလေးတွေ၊ အပျက်မတွေဆိုပြီး ပြည့်တန်ဆာတွေကို ရွံ့စရာကောင်းတဲ့သူတွေဆိုပြီးတော့ သတ်မှတ်ထားကြတာကိုလည်း တွေ့ရပါတယ်။

ပြည့်တန်ဆာအလုပ်ဆိုတာ နိုင်ငံရဲ့စီးပွားရေးကျပ်တည်းမှုတွေကြောင့် အခုမှပေါ်လာတဲ့ အလုပ်တစ်ခုမဟုတ်ဘဲ အလွန်ရှေးကျတဲ့ခေတ်တွေမှာကတည်းက ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိခဲ့တာလည်းဖြစ်ပါတယ်။ ပြည့်တန်ဆာတွေကိုလည်း နှစ်မျိုးနှစ်စား သတ်မှတ်ထားပါတယ်။

ပထမတစ်မျိုးကတော့ သတ်မှတ်ထားတဲ့နေရာမှာနေပြီး အခငွေကြေးယူကာ လိင်ဆက်ဆံရသူတွေဖြစ်ပြီး အဲဒီလူတွေကိုတော့ ဇိမ်မယ်လို့ခေါ်ဆိုကြပါတယ်။ ဒုတိယတစ်မျိုးကတော့ သတ်မှတ်ထားတဲ့နေရာမှာမနေဘဲ မြို့တွင်း၊ ကျေးရွာ၊ ရပ်ကွက်တွေမှာ အခကြေးငွေယူပြီး လိင်ဆက်ဆံသူတွေဖြစ်ပြီး အဲဒီသူတွေကိုတော့ မိန်းမပျက်ဆိုပြီး ခေါ်ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၄၉ ခုနှစ်ကပြဋ္ဌာန်းထားတဲ့ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေဆိုတာရှိပြီး ပြည့်တန်ဆာ ပပျောက်ရေးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။ ပြည့်တန်ဆာလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်သူတွေ၊ လုပ်ကိုင်ဖို့ သွေးဆောင်ဖျားယောင်းသူတွေ အနိုင်ကျင့်သူ၊ ပြည့်တန်ဆာအိမ်မှာ စီမံကြီးကြပ်သူနဲ့ ကူညီဆောင်ရွက်သူတွေကို အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ဥပဒေအရ အလုပ်ကြမ်းနဲ့ တစ်နှစ်ထက်မနည်းတဲ့ ထောင်ဒဏ်နဲ့ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တယ်လို့လည်း အဲဒီဥပဒေမှာဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ပြည့်တန်ဆာတွေနဲ့ ပျော်ပါးတဲ့သူတွေကိုတော့ ဥပဒေကြောင်းအရ ကျူးလွန်သူကသက်သေထွက်ဆိုရင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးထားတယ်လို့လည်း အဲဒီဥပဒေမှာ ဖော်ပြထားပါတယ်။ အခကြေးငွေယူပြီး အလုပ်လုပ်တဲ့လိင်လုပ်သားတွေကိုကျတော့ အရေးယူပြီး လာရောက်ပျော်ပါးတဲ့သူတွေကိုအရေးမယူတဲ့ ဒီဥပဒေဟာ ကျား/မခွဲခြားထားတဲ့ ဥပဒေတစ်ခုဖြစ်သလို မျှတမှုမရှိတဲ့ ဥပဒေတစ်ခုဖြစ်တယ်ဆိုပြီးတော့လည်း လူ့အခွင့်အရေးလှုပ်ရှားသူတချို့က ထောက်ပြကြပါတယ်။

အဲဒီပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကြောင့်ပဲ လိင်လုပ်သားတွေကို ကျန်းမာရေး မကောင်းတာတွေ၊ ကိုယ်ခံအားကျဆင်းတဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး အသိပညာပေးဖို့လည်း ခက်ခဲနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေဟာ ခေတ်မမှီတော့သလို လိင်လုပ်သားတွေအတွက် အကာကွယ်ပေးနိုင်မယ့်ဥပဒေသစ်ကို ၂၀၁၉ ခုနှစ်မှာ ပြန်ပြင်ဆင်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုအချိန်ထိ တရားဝင်ပြဋ္ဌာန်းထားတာမရှိသေးပါဘူး။ ပြန်ပြင်ထားတဲ့ဥပဒေကို ပြဋ္ဌာန်းပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ပြည့်တန်ဆာကာကွယ်ရေးအဖွဲ့တွေက တောင်းဆိုခဲ့ပေမယ့် အစိုးရက တရားဝင်ပြဋ္ဌာန်းပေးတာမရှိသေးတာလည်းဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံအချို့မှာတော့ အသက်ပြည့်တဲ့လိင်လုပ်သားတွေကို တရားဝင်လုပ်ကိုင်ခွင့်ပြုထားသလို လိင်လုပ်သားတွေအတွက် ကာကွယ်ပေးတဲ့ ဥပဒေတွေလည်း သတ်မှတ်ပြဌာန်းထားပြီး ဥပဒကြောင်းအရ ကာကွယ်ပေးထားတာကိုတွေ့ရပါတယ်။

တရားမဝင်သတ်မှတ်ခံထားရတဲ့ ပြည့်တန်ဆာတွေ ဘာတွေရင်ဆိုင်နေရသလဲ?

မြန်မာနိုင်ငံမှာတော့ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကြောင့် လိင်လုပ်သားတွေဟာ မကြာခဏဆိုသလို အနိုင်ကျင့်ခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေနဲ့ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ အများအပြားရှိနေတာပါ။

ပြည့်တန်ဆာလုပ်ငန်းဟာ တရားမဝင်လုပ်ငန်းဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံအတွင်းက မြို့နယ်တိုင်းလိုလိုမှာ အခကြေးငွေယူပြီး လိင်လုပ်ငန်းလုပ်ကိုင်တဲ့ နေရာတွေရှိပါတယ်။ လိင်လုပ်ငန်းတွေကို ကားဂိတ်တွေ၊ KTV တွေနဲ့ တွဲဖွင့်ထားတဲ့စားသောက်ဆိုင်တွေမှာ လုပ်ကိုင်ကြတာတွေ့ရသလို တချို့အလှပြင်ဆိုင်တွေရဲ့ နောက်ကွယ်မှာလည်း ဒီလုပ်ငန်းတွေ ရှိနေတတ်ပါတယ်။ တစ်ချို့ကတော့ သက်ဆိုင်ရာအာဏာပိုင်တွေကို လိုင်းကြေးပေးပြီးတော့ ဖွင့်ထားကြပြီး အနယ်နယ်အရပ်ရပ်ကအမျိုးသမီးတွေ လာရောက်လုပ်ကိုင်ကြတယ်လို့လည်း လိင်လုပ်သားတွေက ပြောဆိုကြပါတယ်။

“ဒီမှာတော့ တရားမဝင်ဆိုပေမယ့် လိုင်းကြေးပေးပြီးလုပ်နေကြတာ။ အဖမ်းခံရတဲ့အခါလည်းရှိတယ်။ လိုင်းကြေးမပေးတာတို့ အထက်ကအမိန့်ဆိုပြီးတော့ လာဖမ်းတာတွေလည်းရှိတယ်”လို့ လိင်လုပ်သားဖြစ်တဲ့ မနှင်းပွင့်(နာမည်လွဲ)က ပြောပါတယ်။ ဒီနေရာမှာ မနှင်းပွင့်နေတဲ့ မြို့နယ်နဲ့နေရာကို သူ့လုံခြုံရေးအရ ထည့်မပြောခြင်းဖြစ်ပါတယ်။

တချို့ဆိုရင် လမ်းမပေါ်မှာထွက်ပြီး ဖောက်သည်ရှာကြရတာရှိသလို တစ်ခါတစ်လေ ဖောက်သည်မရတဲ့အပြင် ပါလာတဲ့ပစ္စည်းတွေ၊ ပိုက်ဆံတွေ အလုခံရတာတွေနဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်ခံရတာတွေလည်းရှိတယ်လို့ ပြည့်တန်ဆာအရေး လုပ်ဆောင်သူတွေက ပြောဆိုကြပါတယ်။

ပြည့်တန်ဆာတွေကို “ခေါင်း”လို့ခေါ်တဲ့သူက အုပ်ချုပ်တာဖြစ်သလို လိင်လုပ်သားတွေရလာတဲ့ အခေငွေကြေးရဲ့ သုံးပုံနှစ်ပုံကို ခေါင်းဆိုတဲ့သူကိုပေးရတာလည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ရင်းပြီး လုပ်ကြရတဲ့ လိင်လုပ်သားတွေကတော့ သုံးပုံတစ်ပုံသာရရှိတာဖြစ်ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းဟာ တရားမဝင်လုပ်ငန်းဖြစ်တဲ့အတွက် လိင်လုပ်သားတွေအနေနဲ့ ငွေကြေးခေါင်းပုံဖြတ်ခံရတာတွေရှိသလို လာရောက်ပျော်ပါးတဲ့ ဧည်သည်တွေနဲ့ အဆင်မပြေရင်လည်း ခေါင်းဆိုတဲ့ အုပ်ချုပ်သူရဲ့အပြစ်ပေးတာတွေ၊ ရိုက်နှက်တာတွေကိုလည်း ခံကြရပါတယ်။

လိင်လုပ်သားတစ်ဦးဖြစ်တဲ့ မနှင်းပွင့်ကတော့ “ကျမဒီအလုပ်ကို ပျော်လို့လုပ်နေတာမဟုတ်ဘူး။ ပညာမတတ်လို့၊ လုပ်စားစရာမရှိလို့ ဒီအလုပ်ကိုလုပ်တာ။ လုပ်တော့လည်း ကိုယ်ကအသွေးအသားနဲ့ ရင်းရတာ ပိုက်ဆံရလာတော့ တစ်သောင်းရရင် ကျမတို့က ၄ ထောင်ပဲရတာ၊ ကျန်တဲ့ခြောက်ထောင်က ခေါင်းဆိုတဲ့လူကိုပေးရတယ်၊ ဒီကြားထဲ ရဲလာဖမ်းမှာကိုလည်း ကြောက်နေရတယ်”လို့ ပြောပါတယ်။

လိင်လုပ်သားတွေကို မကြာခဏဆိုသလို အာဏာပိုင်တွေကလည်း အသွင်ယူပျော်ပါးပြီး ဖမ်းဆီးတာတွေရှိသလို ရပ်ကွက်နေပြည်သူတွေရဲ့ တိုင်ကြားမှုတွေကြောင့်လည်း မကြာခဏ ဖမ်းဆီးခံရတာတွေလည်းရှိပါတယ်။

ဒါ့အပြင် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတာမရှိတဲ့အတွက် ခိုးကြောင်ခိုးဝှက်နဲ့ လုပ်နေရတာတွေကြောင့် လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ဖြန့်နေသလိုဖြစ်နေပြီး လိင်လုပ်သားတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်ဖို့ ခွင့်ပြုထားသလိုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ဧည့်သည်တွေရဲ့အကြမ်းဖက်မှုကို ကိုယ်တိုင်ကြုံးဖူးတဲ့ လိင်လုပ်သားမနှင်းပွင့်က “ကျမတို့ ရန်ကုန်မှာ လုပ်တုန်းက လူတစ်ယောက်လာပြီး ကျမကို တစ်ညအပြတ်ငှားပြီးတော့ ဟိုတယ်ကိုခေါ်သွားတယ်။ ဟိုတယ်ကိုရောက်တော့ သုံးယောက်စောင့်နေကြတယ်။ ကျမထွက်ပြေးလို့လည်းမရဘူး၊ တစ်ညလုံး သူတို့သုံးယောက် အလှည့်ကျလုပ်တာကို ခံရတယ်။ လည်ပင်းတွေလည်းညစ်တယ်။ သေလုမတတ်ခံရတာ။ ကျမတစ်လလောက် နာကျင်တဲ့ဝေဒနာခံစားရပြီး အလုပ်မလုပ်နိုင်ဘူး”လို့ ပြောပါတယ်။

မမနှင်းပွင့်လို အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ လိင်လုပ်သားတွေ တော်တော်များများရှိနပေမေယ့် လိင်လပ်သားတွေ အကြမ်းဖက်ခံရတာတွေအတွက် တိုင်ကြားနိုင်မယ့်နေရာတွေ မရှိတာကြောင့် လိင်လုပ်သားတွေရဲ့လုံခြုံတဲ့လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့အတွက် စီမံချက်တစ်ခု လိုအပ်နေတာပါ။

ပြည့်တန်ဆာလုပ်ငန်းကို ဘာကြောင့် တရားဝင်ခွင့်ပြုသင့်တာလဲ?

ပြည့်တန်ဆာလုပ်ငန်းဆိုတာ ဖယ်ရှားလို့မရတဲ့လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ပြည့်တန်ဆာလုပ်ငန်းကို ခွင့်ပြုသင့်ပါတယ်။ ပြည့်တန်ဆာတွေဟာ ငွေကြေးမပြေလည်မှုကြောင့် ဒီလုပ်ငန်းကို လုပ်နေကြတာဖြစ်ပြီး အများအားဖြင့် ပညာရေးဆိုင်ရာအားနည်းသူတွေ ဖြစ်ကြပါတယ်။ ဝါသနာပါလို့ဆိုပြီး ဒီပြည့်တန်ဆာအလုပ်ကို လာလုပ်ကြတဲ့လူရယ်လို့ မရှိသလောက်နည်းပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရွေးချယ်စရာမရှိတော့လို့ ဒီပြည့်တန်ဆာလောကထဲကို ရောက်လာကြတာလည်း ဖြစ်ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုလိုက်ခြင်းအားဖြင့် ကာလသားရောဂါတွေ ကုသလို့မရတဲ့ HIV လို လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်ပြီးသားဖြစ်သွားသလို ပြည့်တန်ဆာတွေအတွက်လည်း လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်တစ်ခုလည်း ဖြစ်သွားပါလိမ့်မယ်။ ပြည့်တန်ဆာတွေ တနည်းအားဖြင့် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေလည်း လျော့နည်းသွားမှာဖြစ်တယ်လို့လည်း အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေစတင်ပြီးတဲ့နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Stay at Home သတ်မှတ်ထားတဲ့အချိန်အတွင်း အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုတွေ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ သိသိသာသာတိုးနေတယ်လို့လည်း အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံက သတင်းမီဒီယာတွေမှာ ပြောဆိုထားတာတွေ့ရပါတယ်။ လိင်လုပ်သားတွေ ဖမ်းဆီးခံရတာတွေလည်း မြင့်တက်လာနေတယ်လို့ ဖော်ပြထားပါတယ်။

ပြည့်တန်ဆာလုပ်ငန်းတွေဆိုတာ လူတွေရဲ့ သွေးသားဆန္ဒတောင့်တမှုတွေအရ ပေါ်ပေါက်လာတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် ပြည့်တန်ဆာလုပ်ငန်း ပပျောက်ရေးဆိုတာ ဖြစ်လာမှာမဟုတ်သလို အစိုးရက တရားဝင်ခွင့်မပြုရင်လည်း ဒီလုပ်ငန်းတွေက ဆက်လက်ရှိနေအုံးမှာပါ။ ဒီလိုတရားမဝင်ရှိနေတာတွေက အသွေးအသားကိုရင်းပြီးလုပ်ကိုင်နေကြတဲ့ လိင်လုပ်သားတွေအတွက် အသက်အန္တရာယ်ရှိတဲ့ အကြမ်းဖက်မှုတွေ ရောဂါကူးစက်မှုတွေ ပိုပြီးတိုးလာစေပါတယ်။

လိင်လုပ်ငန်းလုပ်ကိုင်မယ့်သူတွေကို တရားဝင်လိုင်စင်ထုတ်ပေးပြီး လိင်လုပ်ငန်းထဲရောက်လာတဲ့ သူတွေကို သေသေချာချာဆေးစစ်ပြီးတော့ စနစ်တကျလုပ်မယ်ဆိုရင် ပြည့်တန်ဆာတွေ ကာကွယ်ပြီးသားဖြစ်သွားသလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ သက်ငယ်မုဒိန်းမှုတွေ လျော့နည်းသွားမှာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က အမျိုးသမီး၊ အမျိုးသားအရွယ်စုံ လူ ၃၅ ယောက်လောက်ကို ကျဘန်းအနေနဲ့ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုသင့်လား ခွင့်မပြုသင့်ဘူးလားလို့ လိုက်မေးကြည့်တဲ့အခါမှာတော့ ခွင့်ပြုသင့်တယ်လို့ဖြေဆိုသူ ၂၁ ယောက်အထိရှိပြီး ခွင့်မပြုသင့်ဘူးလို့ ဖြေဆိုသူ ၉ ယောက်နဲ့ မပြောတတ်ဘူးလို့ဆိုသူ ၅ ယောက်သာရှိတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ကောက်ယူခဲ့တဲ့ အချက်အလက် စစ်တမ်းအရ လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ လိင်လုပ်သား ၆၆၀၀၀ ကျော်ရှိပြီး  လက်ရှိကျင့်သုံးနေတဲ့ ြပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်ပြီး တရားဝင်မပြဌာန်းသရွေ့ကတော့ အဲဒီလိင်လုပ်သားတွေဟာ အဖမ်းခံရတာတွေ၊ အကြမ်းဖက်ခံရတာတွေနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာအခက်အခဲတွေကို ဆက်လက်ရင်ဆိုင်နေရမှာလည်း ဖြစ်ပါတယ်။

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာဘဝကိုရောက်လာပြီး ပတ်ဝန်းကျင်ရဲ့ ပြစ်တင်မှု လူရာမသွင်းမှုတွေနဲ့ လောကဓံရဲ့ကြမ်းတမ်းမှုတွေကြားထဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက လူတွေကို အသွေးအသားနဲ့ရင်းပြီး ချစ်တာမုန်းတာမရှိ အခေငွေကြေးတစ်ခုအတွက်နဲ့ ဒီလုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ လိင်လုပ်သားတွေအတွက် အကာအကွယ်ပေးနိုင်မယ့် ဥပဒေတစ်ခုကို ပြဋ္ဌာန်းသင့်တာလည်းဖြစ်ပါတယ်။

ကျော်ကြီး ရေးသားသည်။

ဗီဒီယိုများ