ကုလားတန်မြစ်ကမ်းနံဘေးက တိမ်ပန်းချီညနေခင်းများ

တိမ်သားတွေကို လွတ်လပ်စွာ ထင်သလိုမြင်ပိုင်ခွင့်ပေးထားသည်။ တဖြည်းဖြည်းနှင့်အရောင်ပြောင်း အသွင်ပြောင်းတိမ်စိုင်များသည် ညနေစောင်းချိန်အရောင်မျိုးစုံနှင့် သဘာဝကျလွန်းသည်။ ဤလောကကြီးတစ်ခွင်ဝယ် တစ်ခုတည်းသော ပြောင်းလဲခြင်းမရှိသည့် ပြောင်းလဲခြင်းသဘောတရားများအောက်တွင် တိမ်စိုင်တိမ်သားများ၏ ရွှေ့လျားပြောင်းလဲပုံများကား သင်္ခါရတရားနိမိတ်ကိုဆောင်နေခြင်းတစ်ခုလားလို့ နှလုံးသွင်းမိသည်။

By အောင်လင်းဟိန်း (SKY) 16 Sep 2021

DMG ၊ စက်တင်ဘာ ၁၆

(အက်ဆေး/Essay)

ယခုရက်ပိုင်း မိုးရွာသွန်းမှု လျော့နည်းလာသည်။ နွေနှောင်းလွန်စ ရွာသွန်းခဲ့သမျှ မိုးဦးကောင်းခဲ့သည့်တိုင် စက်တင်ဘာလရောက်ချိန်မှာ သိသိသာသာလျော့နည်းသွားခြင်းဖြစ်သည်။
အနောက်တောင်မုတ်သုန်လေနုတ်ဆက်ဆုတ်ခွာခါနီး ကုလားတန်မြစ်ကမ်းနံဘေး အရောင်မျိုးစုံနှင့် သွန်းထားသော တိမ်ပန်းချီညနေခင်းချိန်လေးများသည် ဆောင်းဦးကြိုဖို့ သက်ဝင်လာခဲ့ပြီ။
တကယ်တော့ ပြီးခဲ့သည့်ကာလတွေမှာ ကျွန်တော်တို့တတွေပင်ပန်းခဲ့ကြသည်။ နွေဦးကိုမသာမယာ ဖြတ်ကျော်ခဲ့ကြသလို မိုးဦးမှာလည်း ဗိုင်းရစ်ပ်မွေကပ်ရောဂါက နိုပ်စက်နိုင်ခဲ့သည်။

နိုင်ငံရေးအပြောင်းအလဲများ ရိုက်ခတ်သည့် စားဝတ်နေရေးနှင့် စီးပွါးအဆင်မပြေလည်မှုများကြားမှာ ကိုဗစ်တတိယလှိုင်း ထပ်ဆင့်မွှေနှောက်ခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လသည် အနောက်တိုင်း အထင်ကြီးသည့် လာကီးဆဲလ်ဗလ်းနှင့် ဂေါတမမြတ်စွာဘုရား၏ အောင်ခြင်းရှစ်ပါး ကိုယ်စားပြုသည့် ကိန်းဂဏန်းများဟုတ်ပါ့မလားဟု သံသယဖြစ်မိသည်။ လူ့အသက်ပေါင်းများစွာကို နုတ်ယူခဲ့ပြီး မိသားစုဘဝပေါင်းများစွာ၏ စိတ်နှင့် ရုပ်ကို ခြိမ်းခြောက်ခဲ့သည့် အိမ်မက်ဆိုးကာလများပင်ဖြစ်၏။

ကပ်ဆိုက်ကာလရောက်မှ ချစ်ခြင်းမေတ္တာတန်ဖိုးပိုနားလည်လာကြသည်ဆိုလျှင်အမြတ်ကျန်မည်။ အခုတော့ ကျွန်တော်တို့တတွေ စစ်ကြီးတစ်ခု ပြီးဆုံးခါစ ကံကောင်းထောက်မစွာ ပြန်ဆုံတွေ့ကြသလို ။

စက်တင်ဘာလ၏ တိမ်ပန်းချီဆေးရောင်စုံညနေခင်းများကို တဖန်မြင်ယောင်ခွင့်ကြုံခဲ့သူများသည် တနည်းအားဖြင့် တတိယလှိုင်းကို ဖြတ်ကျော်နိုင်ခဲ့သူများလို့ ပြောနိုင်ပေမည်။ နှစ်လတာနီးပါး အိမ်တွင်းအောင်းခဲ့သမျှ လွတ်မြောက်ခြင်း ထွက်ပေါက်တစ်ခုအတွက် ကုလားတန်းမြစ်ကမ်း နံဘေးဆီလမ်းလျှောက် ထွက်လာဖြစ်သည်။ သိဟ် ရာသီနှောင်းချိန် ‌ကောင်းကင်ပြင်သည် ညနေခင်းတိုင်းတွင် လှပနေသည်။ အထူးသဖြင့်မြစ်ကမ်းနံဘေး ကမ်းခြေကမ်းစပ်များတွင်ကြည့်ရှူလျှင် နေဝင်ချိန်များသည် ပန်းချီကားတစ်ချပ်လို။ ပြောင်းလဲခြင်း၏ပြယုတ်များကိုယ်တွေ့မြင်ရာ အိမ်ရာစီမံကိန်းအနီးဖက်သို့ လမ်းလျှောက်လိုက်သည်။ ကမ္ဘာ့သာသနာပြုအဓိဌာန်ဆရာတော်ဘုရား၏ တည်ဆောက်လက်စ ကပ်ကျော်ရန်ပြေမာန်ပြေဘုရားကြီးသည် တဖြည်းဖြည်းရုပ်လုံးပေါ်လာလေပြီ။ မိုးအကုန်မှာ အရှိန်အဟုန်မြင့်တင်ဆောက်လုပ်ဖို့ ရည်မှန်းထားပုံပေါက်သည်။ ဘုရားကြီးတည်ထားကိုးကွယ်ပြီးပါက ကစ္ဆပရပ်ကွက်ဟု နာမည်ပေးထားသည့် ယင်းနေရာများသည်အခုထက်ပိုမိုစည်ကားလာမည်ဟုထင်သည်။ သို့ရာတွင် အခြေခံလူတန်းစားများအဖို့ မြေဈေးကွက်သည် စိတ်ကူးယဉ်လို့ကောင်းသည့် အရာမျိုးမဟုတ်ချိန်မှာ လက်တွေ့ကဝေးကွာလွန်းနေသည်။ အိမ်ယာမြေဈေးကွက်နှင့် စစ်တွေမြို့အကြောင်းပြောရလျှင် တစ်ထောင့်တစ်ညပုံပြင်လိုဖြစ်နေဦးမည်။

ညနေဆည်းဆာနေဝင်ခါနီး ကောင်းကင်သည်အရောင်အမျိုးမျိုးပြောင်းလဲနေသည်။ တစ်ခါတစ်လေ ဗေဒါရောင်၊ တစ်ခါတစ်ခါ ပုစွန်ဆီရောင်ကနေ ရွှေဝါဝင့်ရောင် တိမ်စိုင်တိမ်သားတွေလည်း အသွင်သဏ္ဏန် အမျိုးမျိုးပင်ပြောင်းသည်။ အထက်တန်းကျောင်းသားဘဝက အင်္ဂလိပ်စာဘာသာရပ်ထဲတွင် သင်ဖူးခဲ့သည့် မိုးတိမ်များရဲ့ တိရိစ္ဆာန်ဉယျာဉ် (Cloud Zoo) ကဗျာလေးကိုပြေးသတိရမိသည်။ တိမ်သားတွေကို လွတ်လပ်စွာ ထင်သလိုမြင်ပိုင်ခွင့်ပေးထားသည်။ တဖြည်းဖြည်းနှင့်အရောင်ပြောင်း အသွင်ပြောင်းတိမ်စိုင်များသည် ညနေစောင်းချိန်အရောင်မျိုးစုံနှင့် သဘာဝကျလွန်းသည်။ ဤလောကကြီးတစ်ခွင်ဝယ် တစ်ခုတည်းသော ပြောင်းလဲခြင်းမရှိသည့် ပြောင်းလဲခြင်းသဘောတရားများအောက်တွင် တိမ်စိုင်တိမ်သားများ၏ ရွှေ့လျားပြောင်းလဲပုံများကား သင်္ခါရတရားနိမိတ်ကိုဆောင်နေခြင်းတစ်ခုလားလို့ နှလုံးသွင်းမိသည်။

တစ်ကြိမ်မှာ သက်တံရောင်စဉ်သည် ကုလားတန်မြစ်ကမ်းနဖူးတည့်တည့်ဖြာကျလာသည်။ ရောင်စုံသက်တန့်ဖြာလေးကိုငေးကြည့်နေယင်း နောက်ထပ်အရောင်ဖျော့ သက်တန့်အစင်းတစ်ခုကိုထပ် မြင်လိုက်ရပြန်သည်။ ထူးဆန်းအံ့သြဖွယ်သဘာဝတရားကို လက်တွေ့မြင်နေရခြင်းဖြစ်သည်။ ငွေကုန်ကြေးကျမရှိသည့် သဘာဝမြင်ကွင်းများ၏သာယာပုံများ ကိုနိုင်ငံတော်အခွန်ဆောင်ဖူးသူတိုင်း မြင်ရလျှင် မကြိုက်စရာအကြောင်းမရှိ။ အံသြဖွယ်အတိပေးစွမ်းနိုင်သည့် သဘာဝတရားသည်နယူးယောက်၊ စင်ကာပူထိပ်တန်းတွေလို မြေဈေးမတတ်နိုင်သည့်အခြေခံလူတန်းစားများအဖို့ ခဏတာ ချွဲသိပ်ဖြေရာ မြင်ကွင်းဖြစ်နေလျှင် ဟုတ်လှပါပြီ။

တစ်ဖက်မှာ ကိုယ်မပိုင်သည့် မြေကွက်လပ်တစ်ခုထဲ လူငယ်တသိုက်ဘောလုံးကန်နေကြသည်ကို လှမ်းမြင်နေရသည်။ အားကြိုးမာန်တက် ပြိုင်ဆိုင်မှုပြင်းထန်လှသည့် လူငယ်လေးတွေကိုမြင်ရတာက အားရကျေနပ်စရာကောင်းသည်။ ကျန်းမာရေးအတွက်အကြောင်းပြကာ ကိုယ်ကာယ လှုပ်ရှားမှုများသည် လွန်စွာအ‌ရေးကြီးသည်မဟုတ်ပါလား။

သို့ရာတွင် ကွင်းနံဘေးသက်ကြီးရွယ်စုံထိုင်ကြည့်နေကြပြီး တချို့ကမက်စ်နှခေါင်းစည်းတပ်ကြေပမယ့် တချို့ကတော့တပ်လို့မရှိ။ အနာရောဂါနည်းချင်သဖြင့် ကိုယ်ကာယလှုပ်ရှားသူများကို ထိုင်ကြည့်ယင်းရောဂါဖိတ်ကြားသည့် ပရိတ်သတ်များအကြားမိမိဝင်မတိုးချင်၍ လမ်းလွှဲလျှောက်လိုက်သည်။ တကယ်တော့မပြီးဆုံးသေးသည့် ကိုဗစ်ကပ်ရောဂါက ကူးစက်သူလျော့ကျ သွားသည့်တိုင်ပေါ့ဆလို့တော့မရ။ သတိဆက်ထားရမည့်အပြင် အမူကျင့်ပါ လက်ကိုင်ထားရမည်ပင်ဖြစ်သည်။  သို့ရာတွင်  လူငယ်လေးတွေဘောလုံးကန်ကြသည့်မြင်ကွင်းသည် ကျွန်တော့အတွက်ဘယ်သောအခါမှ အပြစ်ပြောစရာမရှိ။ တစ်ဆက်တည်းမှာပင်ကမ်းနားလမ်းတေလျှာက်နှစ်လတာဈေးဆိုင်မဖွင့်ဖြစ်လို့ ဝမ်းရေးအတွက်လှုပ်ရှားကြသူများ ကို တဖန်မြင်လာရသည်။ သူတို့အဖို့ သဘာဝတရားသည်လှပနေသလား ဆန်းကြယ်နေသလား လို့ခံစားဖို့အချိန်ရှိဦးမည်လားမသိ။ ညနေစောင်းလျှင် မိုးဆက်ရွာမည့်အရေးကြောင့် အရောင်းထိုင်းသွားမည်ကိုသာ ဆုတောင်းနေကြဦးမည်ဟုထင်မိသည်။

ကမ်းနားလမ်းတလျှောက် လမ်းလျှောက်ဖြစ်သူတိုင်း မြင်တွေ့နေကျပုံရိပ်တွေမလွဲမသွေရှိနေကြလိမ့်မည်။ ဥပမာ လူကြီးတစ်အုပ် နိုင်ငံရေးအကြောင်းဆွေးနွေးနေကြပုံ၊ လူငယ်တစ်စု ဂီတာကိုင်သီဆိုနေကြပုံ၊ အားကစားကိုယ်ကာယလှုပ်ရှားသူ၊ ကလေးငယ်တို့ပြေးလွှားနေပုံ၊ စက်ဘီးစီးသူ၊ စွန်လွှတ်သူ၊ စာဖတ်သူ၊ ယမကာမှီဝဲသူများ၊ ဈေးရောင်းသူများနှင့် ငါးမျှားနေသူများစသဖြင့် တွေ့ရပါလိမ့်မည်။ ထို့ထက်ပိုလျှင် မြစ်ကမ်းနားလမ်း တလျှောက်တယောကိုယ်စီနှင့် တစ်ကိုယ်တော် ဂီတသံစဉ်ဖျော်ဖြေပွဲများ၊ ဂရက်ဖေးပန်းချီလက်ရာအစွမ်းပြသူများ၊ ကဗျာရွတ်ကြသူများ၊ သဘာဝကျကျအစားသောက်ရောင်းချသူများ၊ ပန်းပင်မျိုးစုံစိုက်ထားသည့်မြင်ကွင်းများကို လည်းမြင်တွေ့ခွင့်ရလျှင်ပိုကောင်းဦးမည်ဟု စိတ်ကူးမိသည်။  

မည်သို့ပင်ဖြစ်စေ ပကတိမြင်ကွင်းအတိုင်း စိတ်ထွက်ပေါက်တစ်ခုအတွက် ကမ်းနားလမ်းတလျှော က်လာကြသူတိုင်းကတော့ မြစ်သဘာဝနှင့်သဘာဝလေပြေများကို နှိုက်သက်ချစ်မြတိနုးကြပေမည်။ တစ်နေ့တာမောခဲ့သမျှ လန်းဖို့သာပြင်စေသည့် သူများ၏ မြင်ကွင်းများသည် ကမ္ဘာကြီး၏ ဘယ်ကမ်းခြေနံဘေးတွင် တွေ့မြင်နိုင်သည်။ သို့ရာတွင် မြို့နှင့် မြစ်ကသာယာသလောက် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းများက အကျည်းတန်နေဆဲဖြစ်သလို ညံ့ဖျင်းသည့် ကိုင်တွယ်သူများလည်း မင်းမူနေဆဲပင်ဖြစ်နေသည်က ဘဝင်မကျလှ၊၊ အမှိုက်ကောက်သူကကောက်ပစ်သူကပစ်။ မြစ်သဘာဝကို မှီခိုပြီးလှပသော မြို့လေးတစ်မြို့တွင်နေထိုင်ကျက်စားသူတချို့က ထိုမြစ်ထဲသို့ အမှိုက်ပစ်တတ်သည့် လုပ်ရပ်နှင့် ယင်းလုပ်ရပ်ကိုသာရွေးချယ်ခွင့်ပေးထားသူတွေကြောင့် စိတ်မသက်မသာဖြစ်မိသည်။ မြစ်ကြီးတစ်စင်း၏ တရားမျှတမှုရရှိရေးအတွက် ဘယ်ရုံးတော်ကိုမှ ဦးတိုက်လျှောက်ဆိုခွင့်မရှိသည့် ဖြစ်ရပ်။ မြစ်နှင့်မတူသည့်ပင်လယ်၏ သဘောကတော့ပြတ်သားသည်။ သူ့ကိုလာပြီးအမှိုက်ပစ်လျှင်လိူင်းအားကိုးနှင့် တန်ပြန်ကမ်းဆီပို့ပေးလိုက်သည်။

မြစ်တို့သဘာဝကွေ့ကောက်တတ်သည်က သူ၏ပွင့်လင်းရိုးသားမှုဖြစ်သည်။ နေသာခိုက်မို့သာယာ‌‌ခြင်းကိုပြသပေမဲ့ ဝသန်လေမှန်ကူးချိန်ကျပြန်တော့လည်း မာန်ဟုန်ပြင်းပြင်းလေဟုန်ပြင်းပြင်းထန်တတ်သည်။ သို့ရာတွင် ပင်လယ်ကြီးလောက်တော့ မာနထောင်လွှားမှုမရှိ။

တဖန်ကုလားတန်မြစ်ကမ်းစပ် နဖူးထိပ်နားဖက်ဆီ ဆက်လျှောက်လှမ်းလာခဲ့သည်။ ဆယ်ကျော်သက်လူငယ်စုံတွဲ ဆလ်ဖီဓာတ်ပုံရိုက်နေကြတာမြင်လိုက်ရသည်။ ပြီးလျှင် လူမှုကွန်ယက်ပေါ်တင်ဖြစ်လိမ့်မယ်လို့ တစ်ဖက်သတ်ယူဆဖြစ်သည်။ ကမ်းစပ်နံဘေးချစ်သူနှစ်ဦးမြင်ကွင်းသည် ညနေဆည်းဆာချိန်နှင့် ပိုမိုသဘာဝကျကျ လှပသွားသည်။ ထိုစဉ် ရုတ်တရက်ဆိုသလို ‘မြစ်ကမ်းနံဘေးမှာကြင်သူနှစ်ဦးသစ္စာ ကတိပြုထားခဲ့ပြီ’ ‘အိုးး ကစ္ဆပနဒီ’ အဆိုတော်ကိုင်ဇာ၏ သီချင်းစာသားလေးကို ဖြတ်ခနဲ သတိရမိသည်။

ရုပ်ဝထ္ထုများပြောင်းလဲမှုနောက်ကိုလိုက်ကြယင်း ဖောက်ပြန်မှုများလွန်းသည့် သည်ခေတ်ကာလများတွင် ချစ်သူနှစ်ဦးကတိသစ္စာတွေတည်မြဲကြသေးရင်တော့ ကမ္ဘာပေါ်မှာ ကံကောင်းကြသူများစာရင်းဝင်ကြသည် ဟုဆိုချင်သည်။ သို့မဟုတ်ပါက ကိုင်ဇာသီချင်းထဲကလိုပဲ ‘ လိူင်းလေးတွေကြား ငိုရှိုက်သံများပျံ့လင့်နေပြီ.... အိုးကစ္ဆပနဒီ..’ ဟု ထပ်ဆိုညည်းဖြစ်နေလိမ့်မည်။

မည်သို့ပင်ဖြစ်စေချစ်သူတိုင်းသည်ကစ္ဆပနဒီမြစ်သဘာဝတရားနှင့်သဘာဝအလှတရားများကိုချစ်မြတ်နိုးကြေပလိမ့်မည်။ ကစ္ဆပနဒီမြစ်သည်ချစ်သူတိုင်းအတွက် သီချင်းတစ်ပုဒ်၊ ကဗျာတစ်ပုဒ် သို့မဟုတ်ထာဝရစီးဆင်းနေမည့် ချစ်ခြင်းဖွဲ့ အလင်္ကာ များ၏ ယမုံနာများ ဖြစ်နေမလား၊ မြစ်ပြင်ကိုဖြတ်သန်းလာသော လေပြေညင်းများသည် မျက်နှာပါးပြင်ကိုထိတွေ့လိုက်သည့်အခါ အေးမြလန်းဆန်းသည့် ခံစားချက်ကိုရသည်။ ကမ်းနဖူးထိပ်ကနေပြီး အရေးကြုံလျှင် ရှာရခက်သည့် အော်ဂဲနစ်အောက်ဆီဂျင်လေအစစ်များကို ဝဝရှူရှိူက်ယင်း မြစ်ကမ်းထိုမှာဖက်ခြမ်းဆီလှမ်းကြည့်မိသည်။ စိမ်းစိုစိုနှင့် အလယ်ဖရုံကာတောင်တန်းများ၊ မှိုင်းညှိုညှိုနှင့် အနောက်ဖရုံကာတောင်တန်းများကို လှမ်းမြင်ရသည်။

သမင်လည်ပြန်စောင်းကြည့်ပြန်တော့လည်း စစ်တွေမြို့၏ အနားကွပ်မျဉ်း မိုးကုတ်စက်ဝန်းအလွန်ဘင်္ဂလားပင်လယ်အော်ရပ်ဝန်းနှင့် လေးချင်းတောင် မီးပြတိုက်ကိုနေခြည် နုနုအောက်တွင်မြင်နေရသည်။ ကိုလိုနီနယ်ချဲ့များတည်ခဲ့သည့် သည်ဆိပ်ကမ်းမြို့လေးသည် လှပလွန်းသည်။ လှပမှုနှင့်အတူ ဆန့်ကျင်ဖက် အနုတ်လက္ခဏာဆောင်သည့်ပုံရိပ်ဟောင်းများမှ နိုးထဖို့ကြံရုံရှိသေးသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုနီးပါးက သွေးမြေကျ ပဋိပက္ခတွေနှင့် ဆန္ဒဖော်ထုတ်မှုတွေ နှင့်ရုန်းကန်ခဲ့ကြရသည့် ပုံရိပ်ဟောင်းများသည် အတိတ်ဆီမှာကျန်ခဲ့သည့်တိုင် ငြိမ်းချမ်းမှု နှင့် တရားမျှတမှုအတွက် အဖြေရှာနေဆဲအခိုက်ပေမို့ မပြီးဆုံးသည့် ပန်းချီးကားတစ်ချို့ ငွေ့ငွေ့ လေးများရှိနေကြအုံးမလား။

လှိုင်းပုတ်သံတချက်ကြောင့်နယ်ချဲ့နေသောအတွေးများ ရပ်တန့်သွားသည်။  မြစ်ကြောင်း တစ်လျှောက်  အသက်ရှင်ရေးအတွက် မှီတွယ် လှုပ်ရှားသူများပြားလှသည်။ နယ်စပ်ဖြတ်ကျော်ကုန်တင်သင်္ဘောများ၊ ငှက်သဗ္ဗန်လေးများ၊ ပင်လယ်ပြင်ကငါးဖမ်းအပြန်လှေကြီးလှေငယ်များနှင့် ခရီးသည်တင်လိုင်းဆွဲ မော်တော်ဘုတ်များ ဒီရေအတက်မှာ ယိမ်းနွဲစီးမျှောနေကြသည်၊၊ မြစ်ညာဖက်ကမိုးပြင်းခဲ့သည်ကိုသိနိုင်သည့် မြစ်သားအရောင်သည် လဖက်ရည်ပေါ့ကျတစ်ခွက်ကြဲထားသည့် အလားထင်နေရသည်။ ကုလားတန်အထက်ပိုင်းက သစ်၊ ဝါး၊ သီးနှံများဖြင့် စုန်လာသမျှ မြို့စစ်တွေဈေးကွက်ကိုဝင်လာခြင်းဖြစ်သလို ပြန်ချိန်တွင် ရိုးမအရှေ့ကကုန်ခြောက်များ ဖြင့် ဆန်တက်သွားတတ်သည်။ ပင်လယ်ကူး သင်္ဘောကြီးများ မုန်တိုင်းခို ဖို့ ကုလားတန်မြစ်ကအသင့်ရှိနေသည်။

ရှေးအတိတ်နှစ်ပေါင်းငါးရာကျော်ခန့် မြောက်ဦးခေတ်ထွန်းတောက်ခဲ့စဉ် နိုင်ငံကြီးတွေကလာရောက်ပြီး ကုန်သွယ်ခဲ့ချိန် ဤမြစ်ကြီးကား အသုံးဝင်ခဲ့မည်။ ဒုတိယကမ္ဘာစစ်ထဲမှာလည်းရန်သူတော်တွေနှင့် မဟာမိတ်များသည်မြစ်ကိုအသုံးပြုကာ ကမ်းကပ်ရေယာဉ်များအသုံးပြုခဲ့ကြလိမ့်မည်။ သို့သော် ယခင်ကသမိုင်းဝင် မင်းကြီးကျောက်တန်းနေရာ ပျောက်ကွယ်သွားသည့် အိန္ဒိယ အစိုးရနေရာယူထားသည့် ရေနက်ဆိပ်ကမ်း လိုမျိုးအခြေချခွင့်တော့ မရခဲ့ကြ။သည် အိန္ဒိယရေနက်ဆိပ်ကမ်းနေရာမြင်ရတိုင်း မင်းကြီးကျောက်တန်းကိုလွမ်းမောမိသည်။ ဆရာတော်ဦးတ္တမ၏ ငယ်စဉ်က ပထမဆုမရသဖြင့် ရလာသည့်ဆုကို မင်းကြီးကျောက်တန်းပေါ်ကနေ ကုလားတန်မြစ်ထဲပစ်ချလိုက်သည့်ပြတ်သားစိတ်ကိုသတိရမိသည်။ စက်တင်ဘာလရောက်တိုင်းလည်း တော်လှန်ရေးခေါင်းဆောင် ဆရာတော်ကြီး အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့ရှိနေခြင်းကလည်း တိုက်ဆိုက်မှုတစ်ခုတော့ဟုတ်မည်မထင်။ အခုတော့ မင်းကြီးကျောက်တန်း ကိုမင်းမူသွားသည်က ဒေသခံဝင်ခွင့်မရသည့် အိန္ဒိယရေနက်ဆိပ်ကမ်းဖြစ်နေသည်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဆီ ကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ စီမံကိန်းဖြစ်တည်ရာ နိုင်ငံရေးနှင့် စီးပွါးရေး မဟာဗျူဟာများ၏ ပထဝီဆုံချက်ဟုလည်း ပြောကြသည်။ သဘာဝတရား၊ သဘာဝသယံဇာတများကားဆေးဖက်ဝင်သည့် ကျိန်စာများပင်လားမသိ။

ကမ်းကိုရိုက်ပုတ်ယင်း ကွဲပြတ်သွားသည့်ဒီရေလိူင်းလေးများ နောက်တစ်ဖန်အံတုကာ စစ်ချီလာသလို ချဉ်းကပ်လာခြင်းသည် ရူးသွပ်ခြင်းတစ်ခုထက်ပိုနေမည်။ ကမ်း၏ တောင့်တင်းခိုင်မာမှုနှင့်စုစည်းမှုများကို လိူင်းရိုက်ပုတ်သလိုဖြစ်စဉ်များပတ်ဝန်းကျင်တွင်မကြာခဏတွေ့နေရသည်။ မြစ်ညာပိုင်းမှာရေချိုခဲ့ပြီးမှ ငံပျပျစီးဆင်းလာသည့်မြစ်ရေနှစ်မျိုးလုံးတွေ့ရှိရာဤ မြစ်ကြီးကား အမှန်ဧကန် ထူးဆန်းလွန်း၏။သမိုင်းစာထဲက ဂေါတမမြတ်စွာဘုရားကြွလှမ်းမူရာ သေလာဂီရိကျောက်တော်တောင်၏အရှေ့ဘက်တွင်တည်ရှိသလို ချင်းပြည်နယ်လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ ကာထရောဘာ(တီအိုရီဘာ)အမည်ဖြင့် စီးဆင်းလာပြီး နှစ်နိုင်ငံကြား နယ်ခြားမြစ်လည်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသမှတဆင့် ချင်း တောင်တန်းများကို ဖြတ်သန်းစီးဆင်းလာကာ ပလက်ဝ၊ကျောက်တော်၊ပုဏ္ဏားကျွန်း နှင့်ဘေးတစ်ဖက်ကမ်းက ပေါက်တောမြို့နယ်ကျေးရွာတွေကိုဖြတ်သန်းစေပြီး နောက်ဆုံး စစ်တွေမြို့အနီးက ဘင်္ဂလားပင်လယ်အော်အတွင်းသို့ အာဏာသက်ဝင် စီးဝင်သည်။

လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ သစ်တောရိုင်းတိရိစ္ဆာန်များနှင့် ရေနေသတ္တဝါများတွေ့ရာ ဤမြစ်ကိုမှီတင်း၍ သက်မွေးနေထိုင်နေကြသောကြောင့် ကုလားတန်မြစ်သည်ကား အလွှာပေါင်းစုံ လူ့ယဉ်ကျေးမှုများပေါင်းစုံရှင်သန်ရာ အရင်းမြစ်တစ်ခုဆိုလျှင်လည်း မမှားနိုင်ပေ။ အခုတော့ မြစ်တစ်မြစ်သည် စစ်ဘေးသင့်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း အတော်ပင်ပန်းသွားရှာပုံရသည်။ မြစ်ကမ်းနံဘေး ရွာလုံးကျွတ်မီးပြာကျသည်က တစ်နှစ်တိတိပြည့်ချိန်ကာလတစ်ခု။ လက်နက်ကြီးငယ်တို့ ပေါက်ကွဲသံတွေကြောင့်လန့်နိုးခဲ့ရသည်။ ယမ်းငွေ့ယံများလွင့်ပျံခံခဲ့ရသည့် မြစ်လေးတစ်စင်းငိုပြီးခါစပေပင်။ ဟိုတလောကလည်း လက်နက်ကြီးတွေ စမ်းသပ်ပြသွားခြင်းခံရသေးသည့် နာမကျန်းမြစ်သည်ကားပင်ကိုအလှတရားများကိုပေးစွမ်းနေမြဲပင်ဖြစ်သည်။

သဘာဝအရင်းမြစ်ကို ကားအားကြီးသူနိုင်သူအကုန်ယူစတမ်းဆိုလျှင် သဘာဝအလှတတရားကိုကား မြင်တတ်သူအကုန်ခံစားစတမ်းပင်လေလား။ သဘာဝတရားခံစားမှုနှင့် သဘာဝအရင်းမြစ်များအတွက် လွတ်မြောက်ရေးစစ်ပွဲများတွင် တရားလက်လွှတ်ရှိနေခြင်းသည် လောကနိယာမသဘဝတရားပေမို့လား၊၊ ပင်ကိုလူသားဝါဒ စိတ်ဝိညဉ်များနှင့်သာယာ  မြတ်နိုးဖွယ်ရာ မြစ်ကြီးတစ်စင်းသည်လည်း လွတ်မြောက်ခြင်းကောင်းကင်၏ စေစားရာ ငြိမ်းချမ်းရေးတရားများကို နှိုက်ခြိုက်လိမ့်မည်လို့ ကျွန်တော် တွေးနေတုန်း ဒီရေကျစ ချုပ်ညရီတွင်နေဝင်ခဲ့လေပြီ။

အောင်လင်းဟိန်း (SKY)_ရေးသားသည်

ဗီဒီယိုများ