မီးလောင်သွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များ နေရပ်ပြန်နိုင်မှာလား

စစ်ဘေးရှောင်များမှာ ယခင်တိုက်ပွဲများကြောင့် အဝတ်တစ်ထည် ကိုယ်တစ်လုံးနှင့်ထွက်ပြေး တိမ်းရှောင်လာကြသူများဖြစ်ပြီး  ယခုတဖန် မီးလောင်သွားသည့်အတွက် စစ်ဘေးရှောင်စခန်းမှာနေရင်း လုပ်ကိုင်စုဆောင်းထားသည့် ပစ္စည်းဥစ္စာအပြင် အိမ်အသုံးအဆောင်ပစ္စည်း အားလုံးဆုံးရှုံးခဲ့ရသည်။

By အောင်ထိန် 22 Mar 2021

DMG ၊ မတ် ၂၁
အောင်ထိန်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ လူနေအိမ်များမှာ  မတ်လ ၁၇ ရက်နေ့ ညနေ ၈ နာရီအချိန်က စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု  ၈၇၅ စုနှင့် လူဦးရေ ၃၃၅၅ ဦးရှိပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ပေါက်ပင်ကွင်း၊ လက္ကာ၊ အောက်သားကန်၊ ဘူးရွက်မညိုးအပါဝင် ကျေးရွာပေါင်း (၁၃) ရွာမှ ဒေသခံများမှာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး တိမ်ညိုကျေးရွာရှိ စစ်ဘေးရှောင်စခန်း၌ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

မီးလောင်ကျွမ်းမှုမှာ ယာယီတဲဆောင်တစ်လုံးမှ ဖယောင်းတိုင်မီးထွန်းရာမှတဆင့် လောင်းကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ယာယီတဲဆောင် အလုံးပေါင်း ၆၆၃ လုံး ပျက်စီးဆုံးရှုံးကာ လူဦးရေ ၂၅၆၅ ဦး မီးဘေးသင့်ခဲ့သည်ဟု စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

စစ်ဘေးရှောင်များမှာ ယခင်တိုက်ပွဲများကြောင့် အဝတ်တစ်ထည် ကိုယ်တစ်လုံးနှင့်ထွက်ပြေး တိမ်းရှောင်လာကြသူများဖြစ်ပြီး  ယခုတဖန် မီးလောင်သွားသည့်အတွက် စစ်ဘေးရှောင်စခန်းမှာနေရင်း လုပ်ကိုင်စုဆောင်းထားသည့် ပစ္စည်းဥစ္စာအပြင် အိမ်အသုံးအဆောင်ပစ္စည်း အားလုံးဆုံးရှုံးခဲ့ရသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေသည့် အောက်သကန်ကျေးရွာမှ ဒေါ်စိန်စိန်ဌေးက “မီးလောင်တဲ့နေ့က ဆိုရင် လူပြန်ဖြစ်တော့မှာလားလို့ တွေးမိတယ်။ ပြောပြဖို့မတတ်လောက်တဲ့အထိ ကျွန်မတို့ ခံစားရတယ်။ စစ်ပွဲဒဏ်သင့် ထပ်ပြီးမီးဘေးသင့်ဖြစ်သွားပြီဆိုတော့ ကျွန်မတို့မှာ ဘဝပြန်လည်ထူထောင်ဖို့ (ဗလာနတ္ထိ) ဘာမှမ ရှိတော့ဘူး” ဟု ပြောသည်။

မတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ တိမ်ညို စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာပြီး မီးလောင်ရာတွင် ပါဝင်သွားသည့် အိမ်ထောင်စုများအတွက် အစားအသောက် ပစ္စည်များထောက်ပံ့ကာ စစ်ဘေးရှောင်များနှင့်တွေ့ဆုံခဲ့သည်။

လက်ရှိ မီးလောင်သွားနေရာတွင် ယာယီအိမ်များ ပြန်လည်တည်ဆောက်ပေးမည်မဟုတ်ဘဲ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ပြန်စေလိုကြောင်း၊ နေရပ်ပြန်မည်ဆိုပါက နေထိုင်ရေးအတွက်စီစဉ်ပေးပြီး ရိက္ခာတစ်လစာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

“အခုထောက်ပံ့တာတွေဟာ မီးဘေးသင့်တွေအတွက် ထောက်ပံ့တာဖြစ်တယ်။ အခုလို စစ်ဘေးရှောင်စခန်း နောက်ထပ်တည်ဆောက်မယ်ဆိုတာ မဖြစ်နိုင်တော့ဘူး။ အစိုးရကလည်း ကူညီပေးမှာ မဟုတ်ဘူး။ အလှူရှင် တွေလှူမယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒါကြောင့် အကောင်းဆုံးက ဒီမှာလောလောဆယ် တစ်ရက်နှစ်ရက် လောက် စစ်ဘေးသင့်ဖြစ်နဲ့နေပြီး ရွာကိုပြန်စေချင်တယ်”ဟု ဦးသန်းထွန်းက ပြောသည်။

နေရပ်ပြန်သွားမည့် စစ်ဘေးရှောင်များ နေထိုင်နိုင်ရေးအတွက် လောလောဆယ် ယာယီနေအိမ်များ ဆောက်လုပ်ပေးသွားမှာဖြစ်ပြီး ယင်းနောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ စိုက်ပျိုးရေးအတွက် စက်ကိရိယာများပါ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များအနေဖြင့် နေရပ်သို့ပြန်မည်ဆိုလျင် မိုင်းအန္တရာယ်နှင့် ကျေးရွာအနီး၌ တပ်မတော်မှ ယာယီတပ်စွဲထားသည့်အတွက် မိမိနေရပ်သို့ပြန်နိုင်ပြီဆိုလျှင်လည်း မပြန်ရဲသေးကြောင်း တိမ်ညိုစစ်ဘေး ရှောင်စခန်းမှာ ခိုလှုံနေသူ ပေါက်ပင်ကွင်းကျေးရွာမှ ဦးထွန်းလှအောင်က တင်ပြခဲ့သည်။

“တပ်စွဲလို့ရှိသရွေ့ကာလပတ်လုံး ကျွန်တော်တို့ နေရတဲ့ဘဝက အန္တရာယ်များတယ်။ မလုံခြုံဘူး။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ပြန်ရုပ်သိမ်းပြီး ပြန်သွားကြမယ်ဆိုရင် ကျွန်တော်တို့လည်း ဝမ်းသာမှာဖြစ်တယ်”ဟု တင်ပြခဲ့သည်။

နေရပ်ပြန်မည့် စစ်ဘေးရှောင်များနေဖြင့် မိုင်းနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုကြောင်း၊ ကျေးရွာအနီး တောင်ပေါ်၌ တပ်မတော်မှ တပ်စွဲထားသည်ကိုလည်း စိုးရိမ်စရာမလိုကြောင်းနှင့် တပ်မတော်က တစ်ဦးတစ်ယောက်မှ  ဒေသခံများအပေါ် တစ်စုံတစ်ရာ အမှားကျူးလွန်မှုရှိခဲ့လျှင်လည်း အပြစ်ပေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက စစ်ဘေးရှောင်များအား ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ တပ်တွေက အဲဒီနေရာတွေမှာ နေချင်လို့နေနေတာမဟုတ်ဘူး။ သူတို့လည်း ကိုယ့်အိမ်ကိုယ်ပြန်ချင်တာပေါ့။ တာဝန်အရနေနေရတယ်။ အခု ငြိမ်းချမ်းရေးဆောင်ရွက်နေတယ်။ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားမယ်။ လင်းမြွေတောင်ပေါ်မှာ တပ်ကရှိနေတော့ ဘာပြဿနာရှိလဲ။ ဘာအခက်ခဲရှိလဲ။ အဲဒီတပ်ကလာပြီးတော့ နှိပ်စက်လား ရွာထဲလာလို့ အနိုင်ကျင့်လား ကျွန်တော်အရေးယူပေးမယ်။ အဲဒီတပ်ကို အရေးယူပေးမယ်” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လင်းဦးက ပြောသည်။

ယင်းအပြင် မိုင်းအန္တရာနှင့်ပတ်သက်ပြီး စိုးရိမ်စရာမရှိကြောင်း ဒေသခံများအနေဖြင် မိမိနေရပ်သို့ရောက်ရှိ သွားပါက တောတောင်များသို့ မသွားရန် သတိထားရမည်ဖြစ်ကာ မိုင်းကိစ္စအား တဖြည်းဖြည်းဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ မိုင်းအသိပညာပေးမှုများလုပ်ဆောင်နေကြောင်း ဆက်လက်ပြောသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြောဆိုချက်များမှာ  စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့်ပတ်သက်၍ ဖိအားပေးသည့်ပုံစံဖြစ်နေပြီး ယင်းကိစ္စပေါ် စိုးရိမ်မိကြောင်း လက်ရှိ မီးလောင်သွားသည့်အထဲတွင် ပါဝင်သည့် တိမ်ညိုစစ် ဘေးရှောင်စခန်းက ဦးကျော်ကျော်က ပြောသည်။

“ဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းတယ်။ ပြီးတော့ တစ်လစာထောက်ပံ့ပေးမယ်။ ဒုက္ခရောက်နေသူတွေကိုရော မင်းတို့ဆယ်သိန်းယူ ဆယ့်ငါးသိန်းယူလို့ တိုက်ရိုက်မပြောပေမယ့်။ အဲဒီလိုသဘောသက်ရောက်နေတယ်။ ဒုက္ခရောက်နေတဲ့သူတွေက ဘာတွေလိုအပ်နေလဲ၊ ဘာတွေခံစားနေရလဲ။ ဘယ်လောက်ထိ အနာတရဖြစ်နေတယ်ဆိုတာကို သူတို့ကမတွေးတော့ဘဲ ဒီလူတွေကပြန်ကြပါ ပြန်ကြလို့ပြောတာဟာ ကျွန်တော်တို့အတွက်က ဆိုးရွားတဲ့ ပြောဆိုချက်လို့မှတ်ယူတယ်” ဟု ဆိုသည်။

စစ်ဘေးရှောင်များသည် တိုက်ပွဲဖြစ်ပွားသည့်အချိန်မှစ၍ အိုးအိမ်များကိုစွန့်ခွာပြေးနေကြရသဖြင့် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစသည့် အဘက်ဘက်တို့ကို ဆုံးရှုံးနေကြရခြင်းဖြစ်သည်။

စစ်ဘေးရှောင်များအရေးနှင့်ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောဆိုသည့်အနေအထားနှင့် စစ်ဘေးရှောင်ဘက်မှ စိုးရိမ်ပူပင်မှုရှိနေသည့် အခြေအနေနှစ်ခုက ကွဲလွဲနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ထောက်ပြသည်။

“တာဝန်ရှိသူတွေဘက်က တာဝန်ယူမှုအပြည့်နဲ့ပြောတာတော့ ကျွန်တော်တို့က အကောင်းမြင်တယ်။ တစ်ဖက်ကလည်း ခံစားခဲ့ရတဲ့သူတွေဖက်ကိုလည်း စဉ်းစားကြည့်ဖို့လိုတယ်။ စစ်ဘေးရှောင်တွေ ခံစားခဲ့ရတဲ့ဟာတွေက အရမ်းကိုကြီးမားတဲ့ဟာတွေဆိုတော့ စိုးရိမ်မှုရှိနေတယ်။ ဒီအပေါ်မှာတော့ နားလည်စာနာပေးရမယ်” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

တပ်မတော် ယာယီတပ်စခန်းများရှိနေသည့်အတွက် တစ်စုံတစ်ရာ မဖြစ်ဟုဆိုသော်လည်း စစ်ရှောင်များ၏ အကြောက်တရားကို ကုစားရန်အချိန်လိုအပ်ပြီး တပ်မတော်မှ ပြည်သူလူထုအတွက် တာဝန်ယူမှုတာဝန်ခံမှုကို ပိုမိုလုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ၎င်းက ဆက်၍ပြောသည်။

လက်ရှိတွင် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ မီးလောင်သွားသည့် မီးဘေးသင့်ဒုက္ခသည်များအား တိမ်ညိုဘုန်း တော်ကြီးကျောင်းဝန်းအတွင်း၌ ယာယီနေထိုင်နိုင်ရန် စီစဉ်ထားပြီး စားနပ်ရိက္ခာ၊ အိုး၊ ခွက်၊ ပန်းကန်၊ အဝတ်အထည် စသည့်အရာများ အရေးပေါ် လိုအပ်နေကြသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီး လက်ရှိတွင် အပစ်ရပ်လျက်ရှိသည်။

တိုက်ပွဲနှစ်နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံး သောင်းကျော်အထိရှိခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်လမှစ၍ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသောကြောင့် နေရပ်ပြန်သွားကြသူများရှိသဖြင့်လက်ရှိ စစ်ဘေးရှောင်ဦးရေ တစ်သိန်းရှစ်သောင်းကျော်အထိရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ သိရသည်။

ဗီဒီယိုများ