စိန်ခေါ်မှုတွေများလာတဲ့ ဆရာတော်ဦးဥတ္တမနေ့

၁၉၃၉ ခု စက်တင်ဘာလ ၉ ရက်နေ့မှာ ဆရာတော်ပျံလွန်တော်မူခဲ့ပြီး အဲဒီနေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ ရှိခိုးပူဇော်ကန်တော့ပွဲတွေ ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။ ဦးဥတ္တမနေ့အခမ်းအနားကို အရင်စစ်အစိုးရလက်ထက်တုန်းကကျင်းပခွင့်မပြုခဲ့သလို ကျင်းပဖို့စီစဉ်သူတွေ ကိုလည်း ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့ပေမယ့် ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက်မှာတော့ ဆရာတော်ဦးဥတ္တမနေ့ကို လွတ်လပ်စွာကျင်းပခွင့်ပြန်ရလာခဲ့ပါတယ်။ အခုနှစ် စစ်တွေမြို့မှာ ကျင်းပခဲ့တဲ့ ဆရာတော်ဦးဥတ္တမနေ့ဟာ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီးမှ ဖြစ်မြောက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။

By နေဝင်းစံ 11 Sep 2019

Written by >နေဝင်းစံ |DMG

စက်တင်ဘာ ၁၁၊ ၂၀၁၉

အုံမိုင်းနေတဲ့ကောင်းကင်ပေါ်က မိုးရေစက်တွေဟာ ရွာချလိုက်၊ ပြန်ရပ်လိုက်နဲ့ရှိနေတဲ့ နေ့ရက်တစ်ရက်မှာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့မှာ ရခိုင်စည်တော်ကိုသံပြိုင်တီးခတ်ပြီး ဆရာတော်ဦးဥတ္တမရုပ်ပုံပါတဲ့ ပန်းကုံး၊ ပန်းခွေတွေကိုကိုင်စွဲကာ စီးတန်းလှည့်လည်သူတွေနဲ့ ပြည့်နက်နေခဲ့ပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ဟာ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူခဲ့တာ နှစ် (၈၀)ပြည့် မြောက်ခဲ့ပြီ ဖြစ်တာကြောင့် မြို့ခံပြည်သူလူထုက ဆရာတော်ဦးဥတ္တမရုပ်တုရှိရာ ဦးဥတ္တမပန်းခြံကို သွားရောက်ကာ ဦးညွတ်ဂါရဝပြုတာ၊ လွှမ်းသူ့ပန်းခြွေချတာတွေလုပ်ဆောင်ခဲ့ကြပါတယ်။

ဆရာတော်ကို ဖခင်ဦးမြသာဦးနဲ့ မိခင်ဒေါ်အောင်ကြွဖြူတို့က ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မွေးဖွားသန့်စင်ခဲ့ပြီးတော့ ငယ်အမည်ကို ပေါ်ထွန်းအောင်လို့မှဲ့ခေါ်ခဲ့ပါတယ်။

၁၉၃၉ ခု စက်တင်ဘာလ ၉ ရက်နေ့မှာ ဆရာတော်ပျံလွန်တော်မူခဲ့ပြီး အဲဒီနေ့ကို ဆရာတော်ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကာ ရှိခိုးပူဇော်ကန်တော့ပွဲတွေ ပြုလုပ်လာခဲ့ကြတာဖြစ်ပါတယ်။

ဦးဥတ္တမနေ့အခမ်းအနားကို အရင်စစ်အစိုးရလက်ထက်တုန်းကကျင်းပခွင့်မပြုခဲ့သလို ကျင်းပဖို့စီစဉ်သူတွေ ကိုလည်း ဖမ်းဆီးတာတွေပြုလုပ်ခဲ့ပါတယ်။ ဒါ့ပေမယ့် ဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက်မှာတော့ ဆရာတော်ဦးဥတ္တမနေ့ကို လွတ်လပ်စွာကျင်းပခွင့်ပြန်ရလာခဲ့ပါတယ်။

အခုနှစ် စစ်တွေမြို့မှာ ကျင်းပခဲ့တဲ့ ဆရာတော်ဦးဥတ္တမနေ့ဟာ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီးမှ ဖြစ်မြောက်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။

အကြောင်းကတော့ အရင်နှစ်တွေကနဲ့မတူဘဲ ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကျင်းပဖို့အတွက် ပွဲစီစဉ် သူတွေဟာ ငြိမ်း၊စု၊စီဆိုတဲ့ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာခွင့်ပြုချက်ကို တင်ခဲ့ရလို့ပါပဲ။

“အရင်တုန်းကတော့ သိပ်ကြီးကြီးကျယ်ကျယ်မတင်ရပါဘူး။ အခုက ငြိမ်းစုစီဆိုတဲ့ အဲဒီစာတမ်းလေးတစ်ခု လက်မှတ်မထိုးရင် ခွင့်ပြုချက်ထုတ်မပေးဘူးဆိုလို့ ကျနော်ကိုယ်တိုင်ငြိမ်းစုစီမှာလက်မှတ်ရေးထိုးပြီးမှပဲ ဒီပွဲ လုပ်ခွင့်ရခဲ့ပါတယ်” လို့ ပွဲစီစဉ်ကျင်းပခဲ့တဲ့ စစ်တွေမြို့ ပန်းချီပညာရှင်များအသင်း ဥက္ကဋ္ဌ ပန်းချီရှင်လှက ဆိုပါတယ်။

အခုလို ငြိမ်းစုစီတင်ထားတဲ့အတွက် ပွဲအတွင်းလူစုလူဝေးနဲ့ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာခဲ့လို့ရှိရင် ငြိမ်းစုစီဥပဒေနဲ့ ပွဲစီစဉ်သူတွေကို ဖမ်းဆီးချုပ်နှောင်ခွင့်ရှိပါတယ်။ ဒါဟာ ပွဲစီစဉ်မယ့်သူတွေကို တစ်နည်းအားဖြင့် ခြိမ်းခြောက်နေတဲ့သဘော သက်ရောက်နေပါတယ်။

ဒါကြောင့် နောင်လာမယ့်နှစ်တွေမှာ ဆရာတော်ဦးဥတ္တမနေ့ကို မြို့၊ ရွာအနှံ့မှာကျင်းပဖို့အတွက် အခက်တွေ့လာ နိုင်သလို ဦးဥတ္တမနေ့အခမ်းအနားတွေ မှေးမှိန်မှာကိုလည်း စိုးရိမ်စရာဖြစ်နေပါတယ်။

“ရခိုင်ဆရာတော်ကို ဂုဏ်ပြုပွဲလုပ်တဲ့အခါမှာ ဘယ်လိုအနှောက်အယှက်၊ အတားအဆီးမှ မလုပ်သင့်ဘူးလို့ ထင်ပါတယ်” လို့ ပန်းပညာရှင်များအဖွဲ့ ဗဟိုကော်မတီဝင် ဦးကျော်ဇံမောင်ကဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဆရာတော်ဦးဥတ္တမနေ့ကို ဦးဆောင်ကျင်းပတာမရှိပဲ အခမ်းအနားအတွက် ငွေကျပ် ၂၈ သိန်းကို ပံ့ပိုးပေးထားတယ်လို့သာ ကြားသိရပါတယ်။ ပွဲစီစဉ်သူတွေကတော့ ပြည်နယ်အစိုးရက ထောက်ပံ့တဲ့ငွေနဲ့ ဒီအခမ်းအနားကို စည်စည်ကားကားကျင်းပမယ်ဆိုရင် လုံလောက်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တွေမြို့ ဦးဥတ္တမခန်းမထဲမှာပြုလုပ်ခဲ့တဲ့ အခမ်းအနားကို လက်ရှိရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တက်ရောက်လာတာမရှိတဲ့အတွက်လည်း ရခိုင်လူထုကမေးခွန်းထုတ်နေကြပါတယ်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးဝင်းမြင့်က အခမ်းအနားကို တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်ခရီးလွန်နေတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီလိုအခမ်းအနားနေ့မျိုးကို သက်ဆိုင်ရာအစိုးရအဖွဲ့က တာဝန်ယူပြီးတော့ လုပ်ကိုလုပ်ရမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ ဦးကျော်ဇံမောင်က ပြောပါတယ်။

စစ်တွေမြို့မှာ ဆရာတော်ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့်၊ အထက်တန်းအဆင့် ဟောပြော ပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွေကို ကျင်းပပြုလုပ်ခဲ့သလို ရခိုင်ပန်းချီပညာရှင်တွေ စုပေါင်းပြီးတော့ ပန်းချီပြပွဲကိုလည်းပြုလုပ်ခဲ့ကြပါတယ်။

ဆရာတော်ဦးဥတ္တမနေ့ကို အရင် ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ် မြို့နယ်အနှံ့အပြင် ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ တို့မှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အခု ၂၀၁၉ ခုနှစ်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဦးဆောင်ကျင်းပတာမရှိခဲ့ ပေမယ့် ဆရာတော်အား ဦးညွတ်ဂါရဝပြုသူ၊ လွမ်းသူ့ပန်းခြွေချသူတွေနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်ဆရာတော်ဦးဥတ္တမနေ့ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ANDP) ဂျပန်က ဦးဆောင်ပြီးကျင်းပခဲ့ကြပါတယ်။

အခုလို ဆရာတော်ကို ရေမြေခြားမှာဂုဏ်ပြုပွဲကျင်းပတာဟာ သမိုင်းပေးတာဝန်တစ်ခုကို လက်ဆင့်ကမ်း သယ်ယူလာတာဖြစ်သလို ရခိုင်တို့ရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားမှုကို ထုတ်ဖော်ပြသတာဖြစ်တယ်လို့ ANDP ရဲ့ ဥက္ကဋ္ဌ ကိုဘုန်းမြင့်က ဆိုပါတယ်။

“တိုင်းပြည်အတွက် အနာခံပေးဆပ်သွားခဲ့ကြတဲ့ ရခိုင်အာဇာနည်တွေကို ဂုဏ်ပြုခြင်းအားဖြင့် နောက်လာမယ့် ရခိုင်မျိုးဆက်သစ်လူငယ်တွေ မျိုးချစ်စိတ်တွေနိုးထလာပြီး ရခိုင်အရေးဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ်နိုင်တဲ့ နေရာက တစ်တတ်တစ်အားပါဝင်လာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်” လို့ ကိုဘုန်းမြင့်က ပြောပါတယ်။

ဆရာတော်ဦးဥတ္တမ(ပေါ်ထွန်းအောင်)နဲ့ ညီဖြစ်သူ ကျော်ထွန်းအောင်တို့ကို မိဘတွေက ကျွန်ပညာဖြစ်တဲ့ အင်္ဂလိပ်စာကို သင်ကြားမပေးလိုကြဘဲ တိုင်းရင်းဘာသာကျောင်းမှာ ပညာသင်ပေးခဲ့ပြီး ဆရာတော်ဟာ ဆဋ္ဌမတန်းအထိ တက်ရောက်ခဲ့ပါတယ်။

မိဘများက ကျောင်းမှထုတ်ခဲ့ပေမယ့် ပေါ်ထွန်းအောင်ဟာ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားခဲ့ပါတယ်။ အသက် ၁၃ နှစ်အရွယ်မှာ စစ်တွေမြို့က ရွှေစေတီကျောင်းဆရာတော်ထံမှာ ဗုဒ္ဓစာပေကျမ်းဂန်တွေကို လေ့လာသင်ယူ ခဲ့ပါတယ်။

ပေါ်ထွန်းအောင် အသက် ၁၅ နှစ်အရွယ်မှာ ညီဖြစ်သူ ကျော်ထွန်းအောင်နဲ့အတူ မိဘတွေက သင်္ကန်းစည်းပေးခဲ့ပြီးတော့ သျှင်ဥတ္တမဟာ ရဟန်းဝတ်နဲ့ပဲ ရန်ကုန်၊ မအူပင်၊ ပဲခူး၊ တောင်ငူ၊ မန္တလေးနဲ့ ပခုက္ကူမြို့တို့ကို သွားရောက်ပြီး ဗုဒ္ဓစာပေကျမ်းဂန်တွေကို လေ့လာဆည်းပူးခဲ့ပါတယ်။

အသျှင်ဦးဥတ္တမဟာ မြန်မာစာပေ ဗုဒ္ဓဘာသာကျမ်းဂန်တို့အပြင် ပါဠိ၊ ဘင်္ဂါလီ၊ နာဂရီ၊ သင်က္ကရိုက်၊ တိဘက်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်ဘာသာစကား စာပေ စတဲ့ဘာသာ ၉ မျိုးကို တတ်မြောက်ခဲ့ပါတယ်။

ဆရာတော်ဟာ မြန်မာပြည်သူတွေကျွန်ဘဝကလွတ်မြောက်ရေးအတွက် ဦးဆောင်လမ်းပြခဲ့ပြီး နယ်ချဲ့ ဆန့်ကျင်ရေး၊ ကိုလိုနီလွတ်မြောက်ရေးတို့ကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင် ခဲ့တဲ့အတွက် ထောင်အကြိမ်ကြိမ်ချမှတ်ခံခဲ့ရပေမယ့် ဆရာတော်က မတွန့်မဆုပ်ဘဲ ရှေ့ဆက်ခဲ့ပါတယ်။

လွတ်လပ်ရေးလမ်းစကို ဖော်ဆောင်ပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမရဲ့ ဘဝဇာတ်သိမ်းက မကောင်းခဲ့ပေ။ မိမိရဲ့ အစာအာဟာရနဲ့ ကျန်းမာရေးကိုအလေးမထားဘဲ နိုင်ငံရေးကိုသာဦးစားပေးဆောင်ရွက်နေခဲ့ရာ ကျန်းမာရေးက ဖိစီးလာခဲ့ပါတယ်။

ဆရာတော် အသက် ၆၀ အရွယ်မှာ သွေးတိုး၊ ဆီးချို၊ လေးဘက်နာရောဂါတို့စွဲကပ်ကာ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူသွားခဲ့ပါတယ်။

“ဆရာတော်ဦးဥတ္တမနေ့ဟာ တိုင်းသိ၊ ပြည်သိနေ့တစ်နေ့ ဖြစ်ကိုဖြစ်ရမယ်။ ကျနော်တစ်ယောက်တည်း ဆန္ဒ မဟုတ်ပါဘူး။ ရခိုင်သူ၊ ရခိုင်သားအပါအဝင် မြန်မာတစ်နိုင်ငံလုံးက ပုဂ္ဂိုလ်တွေရဲ့လိုအင်ဆန္ဒဟာ ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ်ပေးကိုပေးရမယ်လို့ ပြောလိုပါတယ်” လို့ ဦးကျော်ဇံမောင်က ဆိုပါတယ်။

ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင်းရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးဖို့ ရခိုင်လူထုကဆန္ဒရှိသလို ဦးဥတ္တမနေ့ ပွဲကျင်းပရေးကော်မတီအဖွဲ့ကလည်း ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်သတ်မှတ်ပေးဖို့ တောင်းဆိုကြပါတယ်။ သို့ပေမယ့် ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူတာ နှစ် ၈၀ ပြည့်သိတိုင် ဦးဥတ္တနေ့ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ပေးခြင်းမရှိသေးပေ။

ဆရာတော်ရဲ့ နှစ် ၈၀ ပြည့်မှာ ထူးခြားမှုတစ်ခုအနေနဲ့ စစ်တွေမြို့က အစိုးရအထက်တန်းကျောင်းတွေမှာ ကျောင်းသူ၊ ကျောင်းသားတွေ မလာရောက်တဲ့အတွက် ကျောင်းကိုတွေ ပိတ်ခဲ့ရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မ ဈေးကြီးကိုလည်း ပိတ်ထားတာတွေ့မြင်ရပါတယ်။ ဒါဟာ ရခိုင်ပြည်သူတွေလိုလားနေတဲ့ ဆရာတော် ဦးဥတ္တမနေ့ကို တရားဝင်ရုံးပိတ်ရက်သတ်မှတ်ပေးဖို့ တောင်းဆိုမှုတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

“ကျနော်တို့တောင်းဆိုတယ်၊ မြန်မာတစ်နိုင်ငံလုံးရုံးပိတ်ရက်မဟုတ်ရင်တောင်မှ ရခိုင်ပြည်နယ်ရုံးပိတ်ရက် အနေနဲ့ သတ်မှတ်ပေးစေချင်တယ်” လို့ စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုကျော်နိုင်ဌေးက ဆိုပါတယ်။

ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် အစိုးရက ဘယ်တော့သတ်မှတ်ပေးမလဲဆိုတာကို ရခိုင်ပြည်သူလူထုက စောင့်မျှော်နေကြသလို တရားဝင်းရုံးပိတ်ရက်ရရှိရေးအတွက် လာမယ့်နှစ်တွေမှာ ဘယ်လိုပုံစံမျိုးနဲ့ တောင်းဆိုကြမလဲ။

စစ်တွေမြို့က ဆရာတော်ဦးဥတ္တမရဲ့ရုပ်ထုရှေ့မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီအသီးသီးနဲ့ ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူလူထုတွေရဲ့ လွမ်းသူပန်းခွေတွေဟာ နောင်နှစ် တွေမှာလည်း ပြည့်နှက်နေအုံးမှာပါ။

 

နေဝင်းစံ 

၁၀-၉-၂၀၁၉

ဗီဒီယိုများ