ရခိုင်တွင် ဆရာတော်ဦးဉတ္တမနေ့ အခမ်းအနားကို အကျဉ်းချုပ်သာ ကျင်းပမည်

ရခိုင်ပြည်အတွင်း ဒေသမတည်ငြိမ်မှု၊ ကိုဗစ်ကပ်ရောဂါတို့ကြောင့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ မကျင်းပနိုင်သည်မှာ ၄ နှစ်ခန့်ရှိလာပြီဖြစ်သည်။

By Admin 04 Sep 2023

စစ်တွေမြို့တွင် ကျင်းပသည့် ၈၃ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနား။
စစ်တွေမြို့တွင် ကျင်းပသည့် ၈၃ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနား။

DMG ၊ စက်တင်ဘာ ၄ 

စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၈၄) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ကမြို့နယ်အများစုတွင် အကျဉ်းချုပ်သာ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီများထံမှ သိရသည်။  

သံတွဲမြို့တွင် ပြီးခဲ့သည့်နှစ်က ပွဲစီစဉ်သူတချို့ ဖမ်းဆီးခံမှုများရှိခဲ့သဖြင့် ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် အခက်အခဲများရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။  

“အခုနှစ်မှာ ပွဲစီစဉ်မယ့်လူတွေ မရှိကြတော့ဘူး။ ပန်းခွေချတာ၊ ဆီမီးထွန်းတာလောက်ပဲ လုပ်သွားမယ်” ဟု သံတွဲမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တွေမြို့တွင်လည်း ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ရွှေကရုဏာခန်းမတွင် အကျဉ်းချုပ် ကျင်းပသွားမည်ဖြစ်သည်။ အခမ်းအနားတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း နှင့် တက္ကသိုလ်အဆင့်ထိ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီ၊ ရခိုင်သုတရေးဖြေ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများ ထည့်သွင်းသွားမည်ဟု ရခိုင်ညွှန့်ဖူးအသင်း ဥက္ကဌ ဦးမောင်မောင်စောက ပြောသည်။ 

ဆရာတော်ဦးဥတ္တမနေ့ အောက်မေ့ဖွယ်နေ့နှင့်ပတ်သက်၍ မြောက်ဦးမြို့တွင်လည်း စည်စည်ကားကား ကျင်းပရန် စီစဉ်ထားခြင်း မရှိသေးကြောင်း မြောက်ဦးလူငယ်များအစည်းအရုံး (MUYA)မှ သိရသည်။  

“ဘယ်အဖွဲ့ကမှ စည်စည်ကားကားကျင်းပမယ့် အသံတော့မကြားသေးဘူး။ ပန်းခွေချတာ၊ ဆီမီးထွန်းတာလောက်ပဲ လုပ်ဖြစ်မယ်ထင်တယ်” ဟု MUYA က ပြောသည်။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်တွင် စစ်တွေမြို့၌ မွေးဖွားသန့်စင်ခဲ့ပြီး ရဟန်းဘဝဖြင့် အာရှတခွင်တွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်ကို မျိုးစေ့ချပေးခဲ့သူဖြစ်၍ “မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်” “အာရှနေဝန်း” စသည်ဖြင့် တင်စားခေါ်ဝေါ်ကြသည်။ 

ဆရာတော်၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်သူများက ပျံလွန်တော်မူသည့် (၁၉၃၉ ခုနှစ်) စက်တင်ဘာလ ၉ ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ပြီး အောက်မေ့ဖွယ်အခမ်းအနားများကို တားမြစ်ခံရမှုများကြားထဲမှ ကျင်းပလာခဲ့ကြသည်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်တွင် တရားဝင် ပွဲကျင်းပခွင့်ပေးသည်။ 

သို့သော်လည်း ရခိုင်ပြည်အတွင်း ဒေသမတည်ငြိမ်မှု၊ ကိုဗစ်ကပ်ရောဂါတို့ကြောင့် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ မကျင်းပနိုင်သည်မှာ ၄ နှစ်ခန့်ရှိလာပြီဖြစ်သည်။ လက်ရှိတွင်လည်း စစ်အာဏာသိမ်းထားချိန်ဖြစ်၍ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပြည်သူများမှာ လုံခြုံရေး စိုးရိမ်မှုများရှိနေကြပြီး ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကိုလည်း ခံစားနေကြရသည်။ 

လတ်တလောတွင်လည်း မိုခါမုန်တိုင်းဒဏ်ကို ကြုံတွေ့ခဲ့ရ၍ ပြန်လည်ထူထောင်ရေး၊ စားဝတ်နေရေး အကျပ်အတည်းများကြောင့် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို စည်းကားသိုက်မြိုက်စွာ ကျင်းပရန် အခက်တွေ့နေကြသည်။ 
ပေါက်တောမြို့တွင် လာမည့် စက်တင်ဘာလ ၉ ရက်နေ့ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို စည်ကားစွာကျင်းပရန် စီစဉ်ထားသော်လည်း ပွဲကျင်းပရေကော်မတီတွင် ငွေကြေးအခက်အခဲများ ရှိနေသည်။ 

“ကျနော်တို့မြို့မှာတော့ မြို့မိ၊ မြို့ဖတွေနဲ့ လူငယ်တွေပူးပေါင်းပြီး ကျင်းပသွားမှာဖြစ်တယ်။ ပြိုင်ပွဲတချို့တော့ ထည့်သွင်းကျင်းပသွားဖို့ အစီအစဉ်ရှိတယ်။ ၉ ရက်နေ့မှာတော့ တန်းစီပြီး ဆရာတော်ကြီးရုပ်တု ရှိတဲ့နေရာကို သွားပြီးကန်တော့မယ်” ဟု ကော်မတီအဖွဲ့ဝင် ဦးထွန်းသာစိန်က ပြောသည်။

ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို မြန်မာနိုင်ငံအတွင်း တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ရခိုင်ပြည်သူတို့က နှစ်စဉ် တောင်းဆိုနေကြသော်လည်း အာဏာပိုင်များက ဂရုတစိုက် စဉ်းစားဆွေးနွေးမှုများ မရှိသေးပေ။ 

ဆရာတော်ဦးဥတ္တမ၏ ဘဝဖြတ်သန်းမှုအဖုံဖုံကို သုတေသနပြု၍ စာပေရေးသားနေသော ဆရာတော် အရှင်ဣန္ဒဝံသ(ခေါ်)ကိန်းသာက “တခြားနိုင်ငံတွေမှာ တိုင်းပြည်လွတ်လပ်ရေးကိုယူခဲ့တဲ့ တန်ဖိုးရှိတဲ့သူတွေကို သူ့နေရာနဲ့သူ အသိအမှတ် ပြုထားကြတယ်။ ဒီနိုင်ငံမှာလည်း အဲဒီလိုဖြစ်သင့်တယ်။ အသိအမှတ်ပြုဖို့၊ မပြုဆိုတာက အာဏာပိုင်တွေရဲ့ စိတ်နေစိတ်ထားပေါ်မှာ မူတည်တယ်” ဟု မိန့်ကြားသည်။ 

#I010

ဗီဒီယိုများ