ဆရာတော် ဦးဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် သစ်ပင် ၁,၃၀၀ ကျော် စိုက်ပျိုး

ယနေ့ ကျရောက်သော ၈၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်သူများက သီးပင်၊ စားပင်နှင့် နှစ်ရှည်သစ်ပင် ၁,၃၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

By Admin 09 Sep 2023

၈၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ်နေ့အဖြစ် အမ်းတွင် သစ်ပင်များ စိုက်ပျိုးနေကြစဉ်။ ဓာတ်ပုံ - ကိုမျိုးလွင်
၈၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမ အထိမ်းအမှတ်နေ့အဖြစ် အမ်းတွင် သစ်ပင်များ စိုက်ပျိုးနေကြစဉ်။ ဓာတ်ပုံ - ကိုမျိုးလွင်

DMG ၊ စက်တင်ဘာ ၉ 

ယနေ့ ကျရောက်သော ၈၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်သူများက သီးပင်၊ စားပင်နှင့် နှစ်ရှည်သစ်ပင် ၁,၃၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့က အမ်းမြို့နယ်၊ ပျဉ်ချောင်းတောင်ပေါ်က ဧက ၃၀၀ တွင် ကုက္ကိုပင်၊ မကျည်းပင်၊ ပိန္နဲပင်နှင့် အခြားသီးပင်စားပင် ၅၀၀ ကျော်နှင့် ယနေ့ (စက်တင်ဘာ ၉) ရက်နေ့တွင် ပြူးဝိုင်းပင်၊ တုပ်ခမောက်ပင်၊ ရေအုန်းပင် စသည့် ဒီရေရောသစ်ပင် ၈၀၀ ကျော်ကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

ဦးဆောင်စိုက်ပျိုးသူ ကိုမျိုးလွင်က “သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ သစ်တောကိုမှီခိုနေတဲ့ တိရိစ္ဆာန်တွေ နေထိုင်ကျက်စားဖို့၊ ဒေသခံတွေလုပ်ကိုင်စားသောက်ရေး အဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီး ဦးဥတ္တမနေ့အထိမ်းအမှတ်အဖြစ် စိုက်ပျိုးရတာ ဖြစ်ပါတယ်။ အသျှင်ဥတ္တမ ဘေးမဲ့ဒီရေတောမှာလည်း စိုက်ပျိုးခဲ့ကြတယ်” ဟု ပြောသည်။ 

အမ်းမြို့နယ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများ ဖော်ဆောင်ထားသည့် ဆရာတော် အသျှင်ဥတ္တမ ဘေးမဲ့ဒီရေတောကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က အမည်ပေးခဲ့ပြီး အကျယ် ဧက  ၅၀၀ ရှိကာ ဒီရေပင် ၅၆,၀၀၀ ကို စိုက်ပျိုး ထိန်းသိမ်းထားကြောင်း သိရသည်။

အမ်းဒေသတွင် သစ်ပင်ထိန်းသိမ်းစိုက်ပျိုးမှုများကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစပြီး အထင်ကရနေ့ရက်များကို ဂုဏ်ပြုစိုက်ပျိုးမှုအပါအဝင် လစဉ်စိုက်ပျိုးလျက်ရှိပြီး လက်ရှိတွင် တောင်ပေါ်နေရာများနှင့် ဒီရေတောများအတွင်း သစ်ပင် သုံးသိန်းကျော် စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရသည်။

၎င်းတို့စိုက်ပျိုးခဲ့သည့် သစ်ပင်များမှာ ၇၅ ရာခိုင်နှုန်း ဖြစ်ထွန်းမှုရှိပြီး ကျန်သည့် ၂၅ ရာခိုင်နှုန်းခန့်မှာ ထင်းအသုံးပြုရန်၊ မီးသွေးဖုတ်ရန်၊ အုတ်ဖုတ်ရန် အတွက် နေ့စဉ်ခုတ်ယူမှုများရှိနေကြောင်း ကိုမျိုးလွင်က ပြောသည်။ 

“ထင်းအသုံးပြုဖို့ပဲဖြစ်ဖြစ် မီးသွေးဖုတ်ဖို့ပဲဖြစ်ဖြစ် အပင်ကြီးတစ်ပင်လောက် ခုတ်လိုက်ပြီးဆိုရင် အဲဒီအပင်အောက်မှာ စိုက်ပျိုးထားတဲ့ ပျိုးပင်တွေနဲ့ အရွယ်ရောက်ခါစ အပင်တွေဟာ အကိုင်းအခက်တွေနဲ့ပိပြီး သေသွားတာမျိုးတွေရှိသလို  မဆင်မခြင်လုပ်ရပ်တွေကြောင့် အကြောင်းအမျိုးမျိုးနဲ့ သေသွားတဲ့ အပင်တွေလည်း အများကြီး ရှိပါတယ်” ဟု ကိုမျိုးလွင်က ပြောသည်။ 

ရခိုင်တွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း တောင်ပေါ်သစ်တောများနှင့် ဒီရေတောများကို အရပ်ဘက်အဖွဲ့အစည်းများက ကာကွယ်ထိန်းသိမ်းမှုများ တစ်စိုက်မတ်မတ် လုပ်ဆောင်လာခဲ့ကြသော်လည်း အစိုးရဘက်က ကူညီပံ့ပိုးမှုမှာ အားနည်းနေဆဲ ဖြစ်သည်။  

ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံနှင့် ရမ်းဗြဲ စသည့်မြို့နယ်တို့တွင် ဒီရေတောများ တစ်နှစ်ထက်တစ်နှစ် ပြုန်းတီးလာနေသည့်အတွက် အရပ်ဘက်အဖွဲ့များနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်နေသူများက ပြောသည်။

လူထုနှင့်သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးအဖွဲ့ တာဝန်ခံ ဦးစောဝင်းက “သစ်တောပြုန်းတီးမှုဆိုတာထက် သစ်တော အရည်အသွေးတွေ ကျဆင်းလာတယ်လို့လည်း ပြောလို့ရတယ်။ ဒါတွေကို ကာကွယ်ဖို့ တစ်ဘက်မှာလည်း သက်ဆိုင်ရာအစိုးရ အာဏာပိုင်တွေနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ လိုပါတယ်။ ဒါမှလည်း မလိုအပ်တဲ့ ထုတ်ယူသုံးစွဲမှုတွေကို လျော့ချသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့် စာရင်းအရ ဒီရေတောဧက စုစုပေါင်း ၃၉၅,၇၂၆ ဧက ရှိပြီး မောင်တောခရိုင်တွင် ၅,၃၂၀ ဧက၊ စစ်တွေခရိုင်တွင် ၇,၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈,၂၆၈ ဧက၊ ကျောက် ဖြူခရိုင်တွင် ၈၃,၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃,၈၇၆ ဧကရှိကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။  

#I008

ဗီဒီယိုများ