လုံခြုံရေးစိုးရိမ်မှုကြောင့် ဦးဥတ္တမနေ့အခမ်းအနား ကျင်းပမှုနည်းပါး 

“မလုပ်ဖြစ်တာက ဆရာတော်ကို မေ့နေလို့မဟုတ်ဘူး။ အရင်နှစ်က ကျနော်တို့ ဦးဆောင်ပြီး လုပ်ခဲ့တယ်။ ဒီနှစ်တော့ စစ်တွေမှာလည်း ဆန်ပြသနာနေ့ကကိစ္စတွေ ဖြစ်တော့ လုံခြုံရေး စိုးရိမ်တာတွေကြောင့် မလုပ်ဖြစ်တာ”

By Admin 09 Sep 2023

စစ်တွေမြို့တွင် ယနေ့ အကျဉ်းချုံးကျင်းပခဲ့သည့် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနား။
စစ်တွေမြို့တွင် ယနေ့ အကျဉ်းချုံးကျင်းပခဲ့သည့် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ် အခမ်းအနား။

DMG ၊ စက်တင်ဘာ ၉ 

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် (၈၄) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အောက်မေ့ဖွယ်အခမ်းအနားကို လုံခြုံရေးစိုးရိမ်ချက်ကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်အများအပြားတွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က မြောက်ဦးမြို့တွင် ဦးဥတ္တမနေ့ကို အခမ်းအနားများပြုလုပ်ကာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် လုံခြုံရေးစိုးရိမ်မှုများရှိ၍ ကျင်းပနိုင်ခြင်းမရှိခဲ့ဟု မြောက်ဦးမြို့မှ ကရုဏာလှိုင်းသွေးအလှူရှင်အသင်း ဥက္က ဦးအောင်သန်းထွန်းက ပြောသည်။ 

“မလုပ်ဖြစ်တာက ဆရာတော်ကို မေ့နေလို့မဟုတ်ဘူး။ အရင်နှစ်က ကျနော်တို့ ဦးဆောင်ပြီး လုပ်ခဲ့တယ်။ ဒီနှစ်တော့ စစ်တွေမှာလည်း ဆန်ပြသနာနေ့ကကိစ္စတွေ ဖြစ်တော့ လုံခြုံရေး စိုးရိမ်တာတွေကြောင့် မလုပ်ဖြစ်တာ” ဟု သူက ပြောသည်။ 

ဩဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြို့တွင် (၅၆) နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ဦးဆောင်ပြုလုပ်ခဲ့သော ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားအချို့မှာ တိမ်းရှောင်နေရပြီး အခမ်းအနားတက်ရောက်ခဲ့သူ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္က ဒေါ်ညိုအေးကိုလည်း နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည်။ 

ယင်းကြောင့် မြို့နယ်အများအပြားမှ ဒေသခံများမှာ လုံခြုံရေးစိုးရိမ်မှုများရှိသဖြင့် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ကျင်းပနိုင်မှုမရှိခြင်းဖြစ်သည်။ 

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မောင်တောမြို့တွင်လည်း ဦးဥတ္တမနေ့အခမ်းအနားကို ကျင်းပနိုင်ခြင်းမရှိဟု လူမှုရေးတက်ကြွလှုပ်ရှားသူများထံမှ သိရသည်။  

“နိုင်ငံရေးအခြေအနေက သိတဲ့အတိုင်းပဲ။ လုပ်မယ်ဆိုရင် ကိုယ့်အတွက် အန္တရာယ်အရမ်းများတယ်။ ပွဲတက်တဲ့သူတွေတောင် လုံခြုံမှု မရှိဘူး။ ပွဲစီစဉ်တဲ့သူတွေဆိုရင် ပြောစရာမလိုဘူး” ဟု မောင်တောမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် ယနေ့ ကျရောက်သည့် ဆရာတော် ဦးဥတ္တမနေ့၌ လွမ်းသူ့ပန်းခွေချခြင်း၊ ဂါရဝပြုခြင်းများကို အကျဉ်းချုံးသာ ပြုလုပ်ခဲ့ကြသည်။ 

“အခမ်းအနားတော့ မရှိဘူး။ ဒါပေမယ့် ဦးဥတ္တမနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းသူ/ကျောင်းသားတွေ၊ ပညာရေး ကောလိပ်က ကလေးတွေ ပန်းခွေတွေလာချပြီး ဂါရဝပြုတာတွေတော့ရှိတယ်” ဟု ကျောက်ဖြူမြို့ခံ ကိုအောင်စောသိန်းက ပြောသည်။

စစ်တွေမြို့တွင်လည်း ဆရာတော်ဦးဥတ္တမနေ့အခမ်းအနားကို အကျဉ်းချုံးသာပြုလုပ်ခဲ့ပြီး ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအပြင် ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံအချို့ တက်ရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။ 

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ပြောခွင့်ရ ဦးမြတ်ထွန်းက “တချို့ကတော့ တိုင်းပြည်အခြေအနေကို ကြည့်ပြီး မငြိမ်မသက်ဖြစ်မှာကို စိုးရိမ်လို့ မသွားကြတာတွေ ရှိတယ်။ မလုပ်ဝံ့၊ လုပ်ဝံ့ ဖြစ်နေကြတာတွေ ရှိတယ်” ဟု ပြောသည်။ 

ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် လွတ်လပ်စွာကျင်းပခွင့် ရရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်တွင် လုံခြုံရေး စိုးရိမ်မှုများကြောင့် ပွဲစီစဉ်ကျင်းပမှုများ အားနည်းလာသည်။ 

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်တွေမြို့၌မွေးဖွားခဲ့ပြီး ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ရှေ့ဆောင်လမ်းပြခဲ့၍ မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင်ဟု တင်စားခေါ်ဝေါ်ကြသည်။

#I010

ဗီဒီယိုများ