အရှေ့မြို့ရိုး၏ ခံတပ်ကြီးတစ်ခု ပြိုကျခြင်း (သို့မဟုတ်) ဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်)

ရခိုင်လူမျိုးများထဲတွင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟူသော အစွဲတစ်ခုရှိနေခြင်းကို ဆရာတော်မှ ချေဖျက်နိုင်ခဲ့သည်။ ရခိုင်လူမျိုးတို့တွင် မြောက်ပိုင်းသားနှင့် တောင်ပိုင်းသားဟူ၍ ကွဲပြားမှုမရှိကြောင်းကို ဆရာတော်က သက်သေပြသည်။

By ရက္ခ 29 Mar 2021

တို့အမျိုးသား၊ ဘာကြောင့်များ
ကြောက်အားပို၍ နေသနည်း။
သူတို့လည်းလူ၊ ကိုယ်လည်းလူ
ဘယ်သူသံမှုန့်စားသနည်း။
(ငွေသဇင် (သံတွဲ) ၏ ‘ဖြေကြစမ်းပါ’ ကဗျာမှ)

(တစ်)

၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ နံနက် ၁၁ နာရီ၊ ၁၀ မိနစ်။ 

နွေဦးလေပြေသည် သုန်သုန်အေးအေးက လေး ညှင်းနေ၏။ 

ထိုနေ့က ရခိုင်ရိုးမပေါ်တွင် အဖြူရောင်မြူစိုင်အုပ်များ ခါတိုင်းထက်ပိုမို၍ငွေ့ရည်ဖွဲ့နေသည်။ 

ထိုနေ့က ရခိုင့်ပင်လယ်ပြင်တွင် ငွေလှိုင်းဖြူကလေးများ တစ်လှိုင်းပြီး တစ်လှိုင်း ဦးကျိုးကျငြိမ်သက်သွားသည်။ 

ကောင်းကင်ယံတွင် မိုးသောက်ကြယ်များ တသောသော ကြွေနေသည်။ 

မြေပြင်တွင် သစ်ရွက်ကြွေများ ဘယ်ဆီဘယ်ဝယ်မှန်းမသိဘဲ ရှပ်ပြေးလွင့်မျောနေကြသည်။ 

ကောင်းကင်၊ မြေပြင်၊ ပယ်လယ်ပြာငွေလှိုင်းနှင့် ကမ်းခြေသောင်ယံသဲပွင့်ဖြူကလေးများ၊ သစ်ပင်တောင်တန်းနှင့် ရခိုင်ရိုးမ၏ အိန္ဒြေကြီးမြတ်ခြင်းများ၊ သဇင်အနမ်းနှင့်လခြမ်းမြေ၊ ဝတီလေးရပ်နှင့် စည်သံဟိန်းသော အာရက္ခဒေသတစ်ခွင်လုံး စိတ်နှလုံးဘဝင် ညှိးကျသွားစေခဲ့သော နေ့။ ထိုနေ့….

ထိုနေ့သည် ဒွါရာဝတီသံတွဲမြို့ရှိ အောင်မြေသာစည်ပရိယတ္တိစာသင်တိုက်၏ ဦးဆောင်နာယက ဆရာတော် အရှင်ဘဒ္ဒန္တကုသလ (ဂန္တဝါစကပဏ္ဍိတ) သို့မဟုတ် ရခိုင့်သမိုင်းသုတေသီ၊ ကဗျာဆရာ၊ စာရေးဆရာ ဒွါရာဝတီ-အသျှင်ကုသလ (ငွေသဇင်) ဆရာတော် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့နေ့ဖြစ်သည်။ 

ရခိုင်လူထုတစ်ရပ်လုံး၏ ဦးဆောင်လမ်းပြဆရာတော်တစ်ပါး မမျှော်လင့်ဘဲ ကြွေလွင့်သွားခဲ့ရသောနေ့ဖြစ်သည်။ 

ထိုထက်မက ဆိုရမည်ဆိုလျှင် ရခိုင်စာပေ၊ ရခိုင့်သမိုင်း၊ ရခိုင့်ယဉ်ကျေးမှုနှင့် ရခိုင်တစ်မျိုးသားလုံးစည်းမှု၏ အရှေ့မြို့ရိုးခံတပ်ကြီးတစ်ခု ကျိုးပျက်ကြွေကျသွားခဲ့ရသော နေ့တစ်နေ့ပင် ဖြစ်သည်။ 

ထိုနေ့သည် ရခိုင်လူထုတစ်ရပ်လုံးအတွက် ကြီးမားလွန်းသော ဆုံးရှုံးမှုကြီးတစ်ရပ်ကို မမျှော်လင့်ဘဲ ရရှိလိုက်သောနေ့ပင် ဖြစ်လေသည်။

(နှစ်)

ကိုယ့်စာပေ ကိုယ်မစစ်
မျက်နှာလှစ် ရှောင်ခွာ။
“အမေကျော် ဒွေးတော်လွမ်း”
ဝမ်းနည်းစရာ။
ယဉ်ကျေးမှု မကွယ်ကာ
မျိုးနွယ်ပါ ဆိတ်သုဉ်း။ ”
“ယဉ်ကျေးမှု အစဉ်ပျက်ရင်ဖြင့်
အသက်ပင် ရှူမဝနိုင်တော့
လင်းတငိုင် မှိုင်ကာဆွေးလို့ရယ်
ခွေးဖြစ်မယ့်ထုံး။ ”
(ဒွါရာဝတီ-အသျှင်ကုသလ(ငွေသဇင်)၏ ‘လူမျိုး၏ အသက်သွေးကြော’ ကဗျာမှ)

၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီ-၁၃ ရက်နေ့၊ ရခိုင်-မြန်မာသက္ကရာဇ်-၁၃၂၂ ခုနှစ်၊ တပေါင်းလကွယ်နေ့ ထိုနေ့သည် သိုးဆောင်းဂဏန်းအက္ခရာတွင် ကံဆိုးမိုးမှောင်ကျဂဏန်း-၁၃ ဂဏန်း စိုးမိုးသောနေ့ဖြစ်သကဲ့သို့ ရခိုင်- မြန်မာပြက္ခဒိန်ထဲတွင်လည်း ပြသဒါးနေ့၊ တနင်္လာနေ့ ဖြစ်၏။ ရခိုင်-မြန်မာပြက္ခဒိန်အလိုအရ နဂါးဦးခေါင်း တောင်ဖက်သို့လှည့်၏။

ထိုနေ့က ဖေဖော်ဝါရီလ၏ ဆောင်းနှောင်းနှင်းကြွင်းနှင်းကျန်ကလေးများသည် ထုထည်ကြီးမားလွန်းစွာ ပိုးပိုးပေါက်ပေါက်ကြွေကျနေ၏။ ညလေညှင်းတို့ ကသုတ်ကရက် မွှေ့ရမ်းတိုက်ခိုက်နေသဖြင့် တုန်ရီအေးစက်မှုတို့က အရိုးခိုက်မတတ်ပင် ရှိတော့သည်။ အချိန်မှာ ညကိုးနာရီကျော်ခဲ့ပြီ ဖြစ်သည်။ သံတွဲမြို့၊ ရွှေလှေကျေးရွာ ကလေးသည် လကွယ်ည၏အမှောင်ထုအောက်တွင် ငြိမ်သက်နေသည်။

ညဦးယံ အိုးသိမ်းကြက်တွန်သံနှင့် ခွေးဟောင်သံတချို့မှလွဲလျှင် ရွှေလှေတစ်ရွာလုံး မီးခွက်မှိတ်ကာ တိတ်ဆိတ်နေသည်။ သို့သော် ဦးသိန်းမြင့်နှင့် ဒေါ်မြတင်တို့၏ နေအိမ်ကလေးထဲတွင်မူ ရေနံဆီမီးခွက်အလင်းရောင် ဝါကြင်ကြင်ကလေးက မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေ၏။ ထို့အပြင် အိမ်အတွင်းဖက်ဆီမှ အမျိုးသမီးတချို့၏ တီးတိုးစကားပြောသံနှင့် ညဉ်းငြူသံတချို့ကို ခပ်သဲ့သဲ့ ကြားနေရလေသည်။

မကြာမီ ရွာဦးဘုန်းတော်ကြီးကျောင်းဆီမှ တုန်းမောင်းခေါက်သံ ဆယ်ချက် ထွက်ပေါ်လာ၏။ ထိုတုန်းမောင်းခေါက်သံနှင့် မရှေးမနှောင်းမှာပင် “အူဝဲ” ဟူသော ကလေးငိုသံစူးစူးကလေးက ကပ်ပါလာ၏။ ထို့နောက်တွင် “မွေးပြီဟေ့… ယောကျ်ားလေးဟေ့…” ဟု ဝမ်းသာအားရအော်လိုက်သော ဝမ်းဆွဲလက်သည်၏ အသံက ကျယ်လောင်စွာထွက်ပေါ်လာပြန်သည်။ ရွှေလှေကျေးရွာ၏ တိတ်ဆိတ်နေသော တပေါင်းလကွယ်ညကလေးသည် ရွာဦးကျောင်းမှတုန်းမောင်းခေါက်သံ၊ မွေးကင်းစကလေးငိုသံနှင့် ဝမ်းဆွဲလက်သည်မကြီး၏ အော်ဟစ်သံများဖြင့် တဒင်္ဂဆူညံသွားလေတော့သည်။

ထိုနေ့သည် ပုံမှန်လည်ပတ်နေသော ကမ္ဘာမြေကြီးအတွက် သမရိုးကျနေ့တစ်နေ့ပင် ဖြစ်ပါသည်။ သို့သော် လေးရပ်ဝတီရခိုင်ပြည်အတွက်မူကား တန်ဖိုးအနဂ္ဃထိုက်သော အာဇာနည်တစ်ဦးကို မီးရှူးသန့်စင်လိုက်သော နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့သည် နောင်တစ်ချိန်တွင် ရခိုင့်ဝတီလေးရပ်တို့၏ ညီညွတ်ခြင်းသင်္ကေတ၊ ရခိုင့်စာပေ၊ ရခိုင့်သမိုင်းနှင့် ရခိုင့်ယဉ်ကျေးမှုတို့၏ အရှေ့မြို့ရိုးခံတပ်ဦးတစ်ခုအဖြစ် ကျော်ဇောထင်ရှားလာမည့် ဒွာရာဝတီ-အသျှင်ကုသလ(ငွေသဇင်) ကို မီးရှူးသန့်စင်ဖွားမြင်လိုက်သော နေ့ပင်ဖြစ်လေသည်။

အနောက်တိုင်းအယူအဆအရ ကံဆိုးမိုးမှောင်ကျခြင်းသင်္ကေတ ၁၃ ဂဏန်း၊ ရခိုင်-မြန်မာဗေဒင်ကျမ်းဂန်အလိုအရ ကံဆိုးခြင်းသင်္ကေတ ပြသဒါးနေ့တွင် မရဏဖွားတစ်ဦးအဖြစ် မီးရှူးသန့်စင်လာခဲ့သော ဆရာတော်၏မွေးနေ့က ထူးခြားလှပါသည်။ မည်သို့ပင်ဆိုစေ ကံဆိုးခြင်းသင်္ကေများဖြင့် မွေးဖွားလာခဲ့သော ထိုမရဏဖွားတစ်ဦးသည် ရခိုင်လူထုတစ်ရပ်လုံး၏ စံပြုလေးစားထိုက်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မော်ကွန်းဝင်ခဲ့သူပင် ဖြစ်လေသည်။

(သုံး)

ဆရာတော် ဒွါရာသတီ-အသျှင်ကုသလ(ငွေသဇင်) ၏ ငယ်နာမည်မှာ မောင်ကျော်ရှိန် ဖြစ်သည်။ ဖခမည်းတော် ဦးသိန်းမြင့်နှင့် မယ်တော် ဒေါ်မြတင်တို့မှ ဖွားမြင်သော သားသမီးငါးယောက်ထဲတွင်  အထွေးဆုံးသားဖြစ်သည်။ မောင်ကျော်ရှိန်ကလေးသည် ငယ်စဉ်အချိန်က ပန်းချီရေးဆွဲရန် အလွန်ဝါသနာပါခဲ့သည်။ သူခြောက်နှစ်သားအရွယ်ခန့် ရောက်သောအခါ မီးသွေးခဲများကိုအသုံးပြု၍ အိမ်နံရံများ၊ အိမ်တိုင်များနှင့် ကြမ်းခင်းများပေါ်တွင် ပန်းချီရုပ်ပုံများကို မပြတ်ရေးဆွဲနေတတ်၏။ ကြီးလာလျှင် ပန်းချီဆရာလုပ်မည်ဟု စိတ်ကူးယဉ်နေတတ်သူလည်း ဖြစ်သည်။

သို့သော် မောင်ကျော်ရှိန်ကလေး၏ စိတ်ကူးနှင့် ဝါသနာသည် တကယ့်လက်တွေ့တွင် ဖြစ်မလာခဲ့ချေ။

မောင်ကျော်ရှိန် အသက် ၉ နှစ်သားအရွယ်သို့ ရောက်သောအခါ မိဘများက ရှင်သာမဏေပြုပေးကြသည်။ ရှင်သာမဏေ၏ဘွဲ့တော်မှာ ရှင်ကုသလ ဖြစ်၏။ အရှင်ကုသလသည် ရှင်သာမဏေဘဝတွင် လောကီ၊ လောကုတ္တရာတရားများကိုသင်ယူရင်း တစ်ဖက်မှာလည်း ကဗျာစာပေတို့ကို ရေးသားကာ ပျော်မွေ့နေတော့သည်။ 

ရှင်ကုသလသည် သံတွဲမြို့၊ ရွှေလှေကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် လောကီ၊ လောကုတ္တရာစာပေများကို လေ့လာဆည်းပူးသင်ယူခဲ့သည်။ ၁၉၈၂ ခုနှစ်သို့ ရောက်သောအခါတွင် အစိုးရပထမအကြီးတန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုကာ အောင်မြင်ခဲ့သည်။ ရှင်ကုသလသည် ပညာရေးတွင် ဓမ္မာစရိယတန်းအထိ သင်ယူတတ်မြောက်ခဲ့ပြီးနောက် ၂၀.၅.၁၉၈၂ ခုနှစ်တွင် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။

ဆရာတော်သည် သံတွဲမြို့နယ်၊ သူဌေးချောင်း(သဒေးချောင်း)၊ မန်ကျေးချောင်းရွာ ဝိဇယရံသီကျောင်း တွင် ၁၉၈၇ မှ ၁၉၉၀ အထိ လေးနှစ်တိုင် သီတင်းသုံးနေထိုင်ကာ စာသင်ကြားပို့ချခြင်းနှင့် သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ထိုစဉ်အတောအတွင်း၌ အချိန်ရလျှင်ရသလို ကဗျာလင်္ကာများရေးစပ်ခြင်းနှင့် ရခိုင်သမိုင်းလေ့လာခြင်းတို့ကို လုပ်ဆောင်နေခဲ့သည်။

ဆရာတော်သည် စာပေအနုပညာအလုပ်နှင့် ပညာရှာမှီးခြင်း အလုပ်တို့တွင် အလွန် ဇွဲနဘဲကြီးမားသောသူဖြစ်သည်။ ထိုအလုပ်များကိုလုပ်ဆောင်နေရပါက ဆွမ်းဘုန်းပေးရန်ပင် မေ့လျှော့နေတတ်သူဖြစ်၏။

ဆရာတော်သည် ၃၁.၅.၁၉၉၁ ခုနှစ်တွင် သံတွဲမြို့ရှိ  မြို့မဝေဠုဝန်ကျောင်းတိုက်ကို စာသင်တိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ထိုစာသင်တိုက်တွင် ရဟန်းသာမဏေများကို ပရိယတ္တိစာပေများ သင်ကြားပို့ချရင်းဖြင့် ပျော်မွေ့နေခဲ့ပြန်သည်။ 

၁၉၉၄ ခုနှစ်သို့ရောက်သောအခါ သံတွဲမြို့၊ ဒွါရာဝတီမြို့သစ်၊ မင်းဗာကြီးလမ်းတွင် အောင်မြေသာစည် ပရိပတ္တိစာသင်တိုက်ကို ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ထိုကျောင်းတိုက်တွင် ဦးဆောင် နာယကဆရာတော်အဖြစ် သီတင်းသုံးနေထိုင်ရင်း သာသနာပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့သည်။ 

အောင်သုခဓမ္မရိပ်သာတရားစခန်း၏ ဦးစီးပဓာန နာယကဆရာတော်၊ ဒွါရာဝတီ ပရိယတ္တိသာသနာနုဂ္ဂဟစာမေးပွဲတွင် ပုစ္ဆကတာဝန်ခံ၊ အစိုးရပထမပြန်စာမေးတွင် ကြီးကြပ်ရေးတာဝန်ခံ မြို့နယ်သံဃဝန်ဆောင်၊ သံတွဲမြို့နယ် သံဃနာယကအဖွဲ့ဝင်၊ ရခိုင်ပြည်နယ်သံဃဝန်ဆောင်၊ ရခိုင်ပြည်နယ်သံဃနာယက တွဲဖက်အကျိုးတော်ဆောင် စသော သာသနာ့တာဝန်များကို မပြတ်တမ်း ထမ်းပိုးဆောင်ရွက်ခဲ့သည်။

(လေး)

ဆရာတော် ကုသလသည် ကဗျာအလင်္ကာတို့ ရေးသားခြင်းတွင် အလွန် အထုံဝါသနာပါသူ ဖြစ်၏။ သူသည် ပရိယတ္တိ၊ ပဋိပတိသာသနာ့တာဝန်များကို မပြတ်ထမ်းရွက်နေစဉ်၌ပင် တဖက်မှလည်း ကဗျာလင်္ကာ၊ ဆောင်းပါး၊ ဝတ္ထုစ စသည်တို့ကို မဂ္ဂဇင်းများနှင့် စာစောင်များတွင် မပြတ်ရေးသားနေခဲ့သည်။ ဆရာတော်သည် ဒွါရာဝတီ-အသျှင်ကုသလ (ငွေသဇင်) ကလောင်အမည်ဖြင့် ရခိုင်စာပေနှင့် ရခိုင်သမိုင်းဆန်းစစ်လေ့လာချက် များကိုလည်း မပြတ်တမ်းရေးသားနေခဲ့သည်။ ကိုယ်တိုင်သည်လည်း ရခိုင့်သမိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို မြေပြင်ကွင်းဆင်းလေ့လာမှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့သည်။ ရခိုင်စာပေ၊ ရခိုင်စကားနှင့်ပတ်သက်၍ လေ့လာဆန်းစစ်သုံးသပ်ချက်များကို စာအုပ်များ ထုတ်ဝေခဲ့သည်။ ရခိုင်စာပေသင်ရိုးညွှန်တမ်း ပြုစုရေးအဖွဲ့တွင် အဖွဲ့ဝင်တစ်ဦးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့သည်။

ဆရာတော်သည် ၁၉၈၄ ခုနှစ်၊ စက်တင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းတွင် “ရင်းမာလှိုင်သင်း တော်သလင်း” ဆောင်းပါးဖြင့် စတင်ဝင်ရောက်ခဲ့ပြီး မင်းရွှေစင်၊ အသျှင်ကုသလ(သူဌေးချောင်း)၊ မြို့ပျံနန်းမှ ရဟန်းစာဆို၊ သံတွဲမြို့-အောင်မြေသာစည်ဆရာတော်၊ ငွေသဇင်(ဒွါရာဝတီ) စသော ကလောင်ခွဲများစွာဖြင့် စာစုံရေးသားခဲ့သည်။ 

သို့သော် စာပေအနုပညာအလုပ်တွင် ဆရာတော်၏ အဓိကသွားရာလမ်းကြောင်းမှာ ရခိုင်စာပေနှင့် ရခိုင်သမိုင်းလေ့လာချက်များပင် ဖြစ်၏။ ဆရာတော်သည် ယခင် မြန်မာနိုင်ငံစာနယ်ဇင်းအဖွဲ့နှင့် ယခု မြန်မာနိုင်ငံစာရေးဆရာအသင်းတို့တွင် အဖွဲ့ဝင် စာရေးဆရာတစ်ဦးဖြစ်သည်။ ဆရာတော်၏ အဖွဲ့ဝင်အမှတ်မှာ (၇၆၅၄) ဖြစ်သည်။ ထို့အပြင် ယခင် သံတွဲမြို့နယ်စာပေနှင့် စာနယ်ဇင်းအဖွဲ့နှင့် ယခု မြန်မာနိုင်ငံစာရေးဆရာအသင်း၏ မြို့နယ်နာယက တာဝန်ကို ထမ်းဆောင်ထားခဲ့သည်။

ဆရာတော်သည် မဂ္ဂဇင်းနှင့်စာစောင်ပေါင်း (၈၂) ခုတို့၌ ကဗျာ၊ ဆောင်းပါးနှင့် ရခိုင့်သမိုင်းသုတေသနစာတန်းများ ရေးသားခဲ့သည်။ ထို့အပြင် သူ့ဘဝတလျှောက်တွင် သဇင်ပန်းတို့လန်းမြေ(၂၀၀၃)၊ ရခိုင့်တစ်ဆယ့်နှစ်ရာသီ(၂၀၀၄)။ ဘဝလောကဓံ လှိုင်းခတ်သံ၊ အားသစ်နဲ့မာန်ချီ၊ သိင်္ဂလောဝါဒဆုံးမစာ၊ လူစွမ်းလူစ၊ ရခိုင်ဌာနီလာရာသီကျမ်း၊ ငြိမ်းအေးမှုဓမ္မရသ၊ ဟိုဖက်ခြံက အသံများ၊ အိုမနုသ စိတ်ဓာတ်မကျနဲ့၊ အောင်မြေသာစည်ဝတ်စဉ်နှင့် ၃၈ ဖြာ မင်္ဂလာလေးချိုး၊ ရခိုင်လူမျိုးနှင့် မြန်မာစာ (ပထမကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်)၊ ကဗျာအလင်္ကာကျမ်း၊ ရခိုင်တို့၏ ပဉ္စမသင်္ဂါယနာတင်သမိုင်း စသော စာအုပ် ၁၄ အုပ်ကို ရေးသားရိုက်နှိပ်ထုတ်ဝေခဲ့သည်။

ဆရာတော်သည် သံတွဲမြို့နယ်၊ အောင်မြေသာစည်ကျောင်းဝင်းအတွင်း၌ အနုပညာရင်ပြင်တစ်ခုကို ဖွင့်လှစ်ထားရှိပြီး ထိုရင်ပြင်ထဲတွင် သံတွဲခရိုင်နယ်တဝိုက်မှ အောင်မြင်ကျော်ကြားခဲ့ကြသော ရခိုင့်ဂုဏ်ဆောင်ပုဂ္ဂိုလ်များကို ကမ္ဗည်းကျောက်စာတိုင်များ စိုက်ထူထားရှိသည်။ ဆရာတော်သည် ရခိုင့်ယဉ်ကျေးမှုနှင့်ပတ်သက်၍ သံတွဲမြို့၊ ငပလီကမ်းခြေတွင် သျှစ်သောင်းမြှောက်ပွဲကို ယခုနောက်ပိုင်းနှစ်များ၌ နှစ်စဉ် ဦးဆောင်းကျင်းပခဲ့သည်။

ဆရာတော်၏ အထူးခြားဆုံး ဂုဏ်ပုဒ်တစ်ခုမှာ ရခိုင်လူမျိုးတို့ကို တစ်စုတစ်စည်းတည်း ဖြစ်စေခြင်းပင် ဖြစ်သည်။ ရခိုင်လူမျိုးများထဲတွင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟူသော အစွဲတစ်ခုရှိနေခြင်းကို ဆရာတော်မှ ချေဖျက်နိုင်ခဲ့သည်။ ရခိုင်လူမျိုးတို့တွင် မြောက်ပိုင်းသားနှင့် တောင်ပိုင်းသားဟူ၍ ကွဲပြားမှုမရှိကြောင်းကို ဆရာတော်က သက်သေပြသည်။ ရခိုင့်သမိုင်းနှင့် ရခိုင်တို့၏ ယဉ်ကျေးမှုအနုပညာတို့သည် ရခိုင်တောင်ပိုင်းနှင့် ရခိုင်မြောက်ပိုင်းဟူ၍ ကွဲပြားမှုမရှိဘဲ ခေတ်အဆက်ဆက်တွင် တစုတစည်းတည်း ဆင်းသက်လာခဲ့ကြောင်းကို ဆရာတော်မှ ယုံကြည်သည်။

ရခိုင်အမျိုးသားရေးစိတ်နှင့် ရခိုင့်သမိုင်းဗဟုသုတအားနည်းသော ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များထဲတွင် ဆရာတော်သည် ရခိုင့်ယဉ်ကျေးမှုအနုပညာ၏ အရှေ့မြို့ရိုးခံတပ်ဦး ဖြစ်သည်။ ထိုသို့သော စံပြုထိုက်သော ပုဂ္ဂိုလ်တစ်ဦး စောစီးစွာကြွေလွင့်သွားခြင်းမှာ ရခိုင်လူမျိုးတို့အတွက် ပြန်လည် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးတစ်ရပ်ပင် ဖြစ်ပါသည်။ နောင်တွင် ဆရာတော်ကဲ့သို့သော ရခိုင့်ဂုဏ်ဆောင်ပုဂ္ဂိုလ်မျိုး ပေါ်ထွန်းလာနိုင်ရန်မှာ မည်မျှအထိ ကြာမြင့်ဦးမည်ကိုလည်း မသေချာပေ။ 

မည်သို့ပင်ဆိုစေ ဆရာတော် သက်တော်ထင်ရှားရှိခဲ့စဉ်အချိန်ခါက သယ်ပိုးထမ်းရွက်ခဲ့သမျှ ရခိုင့်သမိုင်းပေးတာဝန်များကို အမှတ်ရအောက်မေ့ရင်းဖြင့် ရခိုင်လူမျိုးတိုင်း ဆရာတော်ကို အတုယူကြရမည် ဖြစ်ပါသည်။ ရခိုင်သူမြတ်၊ ဦးဥတ္တမနှင့် ဒွါရာယတီ- အ သျှင်ကုသလ (ငွေသဇင်) စသော ရဟန်းတော်သုံးပါးသည် ရခိုင်လူမျိုးတို့အတွက် အဖိုးအနဂ္ဃထိုက်သော ရဟန်းပညာရှိများပင် ဖြစ်ပါတော့သည်။

ရက္ခ ရေးသားသည်။ 
(မှတ်ချက် - ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းကို အကျယ်ဖွင့်ဆိုထားခြင်း ဖြစ်ပါသည်။) 

ဗီဒီယိုများ