ရခိုင်တွင် ဆရာတော်တစ်ပါး ရိုက်နှက်ခံရ၍ ဆေးကုသမှုခံယူနေရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မြောက်ဦးမြို့သို့ကြွရောက်သည့် ဆရာတော်တစ်ပါးအား စစ်တွေမြို့နယ် ပါဒလိတ် အခြေစိုက်တပ်စခန်းမှ ခေါ်ယူရိုက်နှက်ခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

By DMG 18 Apr 2020

သတင်းအဖွဲ့ | DMG
ဧပြီ ၁၈ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ မြောက်ဦးမြို့သို့ကြွရောက်သည့် ဆရာတော်တစ်ပါးအား စစ်တွေမြို့နယ် ပါဒလိတ် အခြေစိုက်တပ်စခန်းမှ ခေါ်ယူရိုက်နှက်ခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က စစ်တွေမှ မြောက်ဦးသို့ပြေးဆွဲနေသည့် ဟိုက်ဂျစ်ကားအမျိုး အစားဖြင့် ဆရာတော်၊ ကားဆရာနှင့် ခရီးသည် စုစုပေါင်း ၇ ဦးတို့ စစ်တွေမှ မြောက်ဦးသို့ ထွက်ခွာလာရာတွင် ယင်းသို့စစ်ဆေးခံရပြီး ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေရသည့် ဆရာတော်က မိန့်သည်။

ထိုသို့ရိုက်နှက်ခံခဲ့ရသည့် ဆရာတော်မှာ မြောက်ဦးမြို့ လက်ဆည်ကန်အနီး မင်္ဂလာရာမကျောင်းတိုက်မှ အရှင်တေဇဝံသဖြစ်ပြီး သက်တော် ၈၁ နှစ်၊ ဝါတော် ၁၁ ဝါဖြစ်ကြောင်း သိရသည်။

“စစ်တွေမြို့က မြောက်ဦးမြို့ကိုအပြန် ကျောက်တန်းဂိတ်မှာတခါ စစ်တယ်။ နောက်ပြီး ပါဒလိပ်စစ်တပ်စခန်းဂိတ် တစ်ခုအရောက်မှာ ကားကိုစစ်တပ်ဝင်းထဲဝင်ခိုင်းပြီး ဆင်းခိုင်းတယ်။ ဘယ်ကလဲ ဘယ်ကိုသွားမှာလဲမေးပြီး ဆရာတော်ဖုန်းဆက်မလို့လုပ်တော့ ဖုန်းကိုယူပြီးရိုက်ခွဲလိုက်တယ်”ဟု ဆရာတော်အရှင်တေဇဝံသက DMG ကို မိန့်ကြားသည်။

“ဒီဘုန်းကြီးတွေ ရှုပ်တယ်ဆိုပြီး သေနတ်ဒင်နဲ့ ခြေထောက်တွေ၊ ပါးတွေကို သုံးချက်လေးချက်လောက် ရိုက်တယ်။ အဲဒီတော့ သတိလစ်သွားတယ်။ သတိပြန်ရလာတော့ ကိုယ်ပေါ်မှာ သင်္ကန်းတွေ မရှိတော့ဘူး။ သုံးပွင့်နဲ့ စစ်သားတစ်ယောက်က အရပ်သားအဝတ်တစုံဝတ်ခိုင်းပြီး ပြန်တော့လို့ပြောတယ်”ဟု ဆရာတော် ဆက်၍ မိန့်သည်။

ထို့ပြင် ဆရာတော်ထံပါလာသည့် ငွေကျပ် ၂ သိန်းကျော်အားလည်း ယူဆောင်ထားလိုက်ကြောင်းနှင့် ဆရာတော်ပြန်လာချိန်တွင် အတူလာသည့် ကားနှင့် ကားဆရာ၊ ခရီးသည်များကိုလည်း မတွေ့ရှိခဲ့တော့ ကြောင်း ဆရာတော်ထံမှ သိရသည်။

ဆရာတော်မှာ ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာများဖြင့် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်မှ မြတ်လှဲကျေးရွာသို့ သွားရောက်ကာ အသိဆရာတော်တစ်ပါးထံ ညအိပ်နားခိုခဲ့ကြောင်းလည်း သိရသည်။

“စစ်တွေမြို့နယ် ပါဒလိတ်အခြေစိုက် စစ်တပ်ဂိတ်တခုက ရိုက်လွှတ်ပြီး သင်္ကန်းတွေကိုလည်း မီးရှို့လိုက်ပြီ။ အခုလာတာက ပါဒလိပ်ကျေးရွာဆိုင်တစ်ဆိုင်က လိုင်းကားနဲ့ထည့်ပေးလိုက်လို့ မြတ်လှဲကိုရောက်လာတာ”ဟု မြတ်လှဲကျေးရွာမှ ကျောင်းတကာ ဦးလှအောင်က ပြောသည်။

လက်ရှိ ဆရာတော်အရှင်တေဇဝံသမှာ မျက်နှာနှင့် ဦးခေါင်းဒဏ်ရာများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသဖြင့် တပ်မတော်၏ တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။

လက်ရှိမှာ ဆရာတော်နှင့်အတူ သွားရောက်သည့် ကားဆရာနှင့် ခရီးသည် စုစုပေါင်း ၆ ဦးခန့်မှာ မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ၎င်းတို့ မည်ကဲ့သို့ဖြစ်သွားသည်ကိုလည်း မသိရှိရသေးပေ။

ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “မနေ့က နံနက် ၉ နာရီ လောက်မှာဖြစ်တာ။ ပါဒလိတ်ဂိတ်က စစ်တယ်လို့ကြားတယ်။ ဆရာတော်က နည်းနည်းဒဏ်ရာရသွားတယ်။ အခုပုဏ္ဏားကျွန်းဆေးရုံမှာ တက်ရောက်ကုသနေတယ်။ ကားဆရာနဲ့ ခရီးသည်တွေကတော့ ပျောက်နေတယ်” ဟု ပြောသည်။

ဗီဒီယိုများ