စစ်ကြောင့် ကြွေလွင့်ခဲ့ရသည့် ပန်းကလေးများ

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခုနှစ်တွင် နှစ်ဦး၊နှစ်လယ်ပိုင်းတို့တွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ခဲ့ကြသည်။သို့သော် တိုက်ပွဲ၏ ရေရှိန်သည် ၂၀၁၈ ခုနှစ် ၊ဒီဇင်ဘာလ (၂၁) ရက်နေ့ နောက်ပိုင်းတွင်  အမြင့်ဆုံးအထိဖြစ်သွားခဲ့သည်။တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်( အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ)ကလွဲပြီး တခြားတိုင်းစစ်ဌာနချုပ်နယ်မြေ(၅)ခုတွင် တစ်ဖက်သတ် အပစ်ရပ်စဲခဲ့နောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲပိုမိုပြင်းထန်လာခဲ့သည်။

By ဖဒူ ထွန်းအောင် 31 Aug 2019

Written by > ဖဒူ ထွန်းအောင်

သြဂုတ် ၃၁ ၊ စစ်တွေ

“ဒိုင်းကနဲ”ဟုပေါက်ကွဲသံကြားလိုက်သောအခါ ဦးမောင်ဘကျော်တစ်ယောက် မိမိနေ အိမ်သို့ အလျင်စလို ပြေးလွှားလာသည်။ အိမ်ကိုရောက်သည့်အခါ သွေးများပယ်လျံနေသည့် ညီမလေးကို အစ်ကိုဖြစ်သူက ချီပိုးပြီး ထွက်ပြေးသည်ကိုမြင်တွေ့ရကာ သမီးနှင့် မြေးလည်း မှောက်နေသည်ကို တွေ့မြင်ရသည်။သူတို့ကို ဆွဲထူ ရန်ပြုလုပ်နေစဉ် ဇနီးဖြစ်သူလည်း မထနိုင်သည်ကိုမြင်တွေ့လိုက်ရသောကြောင့်ဆောက်တည်ရာ မရဖြစ် သွားသည်။

“အဲ့တော့ လူတွေကို ခေါ်ပြီးတော့ ကူကြပါ၊ ကူကြပါဆိုပြီး ကျနော်လည်း ရူးမတတ်အောင်ဖြစ်သွားတယ်”ဟု အင်္ကျီအဖြူကို ဝတ်ဆင်ထားသည့် အသားခပ်ညိုညို အသက် (၆၅)နှစ်အရွယ် ဦးမောင်ဘကျော်က နေအိမ်သို့ လက်ညိုးထိုးပြရင်း ပြောသည်။

ထိုဖြစ်ရပ်သည် သြဂုတ်လ ၂၄ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာတွင် လက်နက် ကြီးကျည်ဆန်ထိမှန်မှုကြောင့် ကျောင်းသား၊ကျောင်းသူ (၃)ဦးသေဆုံးသွားပြီး လူ(၃)ဦးဒဏ်ရာရရှိသွားသည့် ဖြစ်ရပ်ဖြစ်သည်။

ကြောက်လန့်ခဲ့ရသော ပစ်ခတ်သံများ

ပန်းမြောင်းကျေးရွာအနီးရှိ တောင်ဖြူတောင်၊ ရွှေကျန်ကျေးရွာတို့တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA) တို့ ကြားတိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။ တပ်မတော်ဘက်က ယင်းတိုက်ပွဲတို့တွင် ရဟတ်ယာဉ်များအသုံးပြု၍ တိုက်ခိုက်ရသည်အထိ ပြင်းထန်ခဲ့သည်။

ထိုသို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ် သြဂုတ်လ ၂၁ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းတစ်ခုက အိမ်ခြေ (၄၀၀၀)ခန့်ရှိသည့် ပန်းမြောင်းတိုက်နယ်ကျေးရွာကြီးသို့ ရောက်ရှိ လာပြီး ရွာအလယ်ရှိ စေတီတည် ထားကိုး ကွယ်လျက်ရှိသည့် အောင်မင်္ဂလာတောင်(ခေါ်) ဘုရားတောင်ပေါ်တွင် စခန်းချကာ တိုက်ပွဲဖြစ်ပွား မှုရှိနေသည့် တောင်ဖြူတောင်၊ရွှေကျန်ကျေးရွာအနီးများသို့ လက်နက်ကြီးများဖြင့်ပစ်ကူပေးနေသည်။

တပ်မတော်သည် ယင်းရွာကို ရောက်သည့်နေ့မှစတင်၍ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့်နေရာ များသို့ နေ့၊ညမရွေး ပစ်ခတ်နေခြင်းဖြစ်သည်။ထိုပစ်ခတ်သံများကြောင့် ရွာသူ၊ရွာသားများလည်း ကြောက်လန့်၍ အိမ်တွင်းမှ အိမ်ပြင်မထွက်ရဲကြတော့ပေ။ဈေးဆိုင်တစ်ချို့ကိုလည်း ပိတ်ထားလိုက်ရပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းမတက်ကြရတော့သောကြောင့် စာသင်ကျောင်းကိုလည်း ပိတ်ထားလိုက်ရသည်။

သြဂုတ်လ ၂၂ ရက်နေ့သည် ဗုဒ္ဓဘာသာရခိုင်လူမျိုးတို့ အလေးထားရသည့် ဥပုသ်နေ့ဖြစ်သည်။ထို့ကြောင့် တပ်မ တော်က စခန်းချထားသည့် ဘုရားတောင်ပေါ်အောက်ရှိ ဘုန်းတော်ကြီးကျောင်းကို ဥပုသ်သီလ ဆောက်တည်ရန်သွားရောက်ကြသည်။သို့သော် တောင်ပေါ်မှ အဆက်မပြတ်ပစ်ခတ်နေ သော လက်နက်ကြီးကျည်ဆန်များ၏ ပြင်းအားသည် ဥပုသ်သီလဆောက်တည်နေသူများ၏ နားထဲသို့ ရိုက်ခတ် လာသည်။

ယင်းကြောင့် ရွာသူ၊ရွာသားများသည် ဥပုသ်သီလကောင်းစွာမဆောက်တည်ခဲ့ရဘဲ တစ်ချို့ရွာထဲသို့ ပြန်ဝင်သွား ခဲ့ရပြီး တစ်နေ့တာသည် ကျည်ဆန်ပစ်ခတ်သံများအဆက်အပြတ်ကြားနေရမှုဖြင့် ကုန်ဆုံးသွားခဲ့သည်။

“အရင်တုန်းကတော့ သူတို့(တပ်မတော်)မရောက်တုန်းကတော့ ဘုရားတောင်ကိုတက်ပြီးတော့ ဥပုသ်စောင့် ကြတယ်။သူတို့ စစ်သားတွေရောက်နေတယ်ဆိုတော့ တောင်ကိုလည်းမတက်ရဲတော့ဘူး။အဲ့တော့ အောက်မှာ စောင့်ကြတာပေါ့။အမြှောက်တွေပစ်နေတယ်ဆိုတော့ အသံတွေကို မခံနိုင်လို့ ကျောင်းမှာတောင်မနေခဲ့ဘဲ ရွာ ကို ဆင်းလာရတဲ့အဆင့်ပါ ”ဟု သေဆုံးသူ၏ မိသားစုဝင် ဒေါ်ဝင်းဝင်းက တည်ငြိမ်စွာ ပြောသည်။

နောက်တစ်နေ့တွင်လည်း ပစ်ခတ်သံများရှိနေသောကြောင့် စိုးရိမ်မှုရှိသော်လည်း ရွာသူ၊ရွာသားများ ထိခိုက်မှု မရှိသဖြင့် စိတ်သက်သာမှုရှိခဲ့ ကြသည်။

မိသားစုကို ဖျက်ဆီးလိုက်သည့် ကျည်တစ်လုံး

သြဂုတ်လ ၂၄ ရက်နေ့၊နံနက် (၁၀) နာရီခန့်တွင် ပန်းမြောင်းရွာ၊စာသင်ကျောင်းရပ်ကွက်တွင်နေထိုင်သော ဦးမောင်ဘကျော်တို့ မိသားစုသည် ထမင်းစားရန်ပြင်ဆင်နေကြသည်။ယင်းအိမ်တွင် သူ့ဇနီး ဒေါ်ဦးကြိုင်၊ သူ့သမီး မဖြူနှင်းစိုးနှင့် မြေးဖြစ်သူ အသက် (၆)နှစ် KG တန်းတက်နေသည့် မောင်ဇင်အောင်ဖြိုး၊ဆွေမျိုးဖြစ်သူ အသက် (၁၅)နှစ် အရွယ် ဆယ်တန်းကျောင်းသူ မညိုညိုဝင်းတို့ ထမင်းစားရန်ပြင်ဆင်နေခြင်းဖြစ်သည်။

မညိုညိုဝင်း၏ အစ်ကို မောင်ရာဇာထွန်းနှင့် ဦးမောင်ဘကျော်၏သား ကိုဝင်းမြင့်အောင်သည် နေအိမ် တွင်ရှိ နေသော်လည်း ထမင်းမစားသေးကြပေ။တစ်ယောက်က လှေကားပေါ်တွင် ထိုင်နေ၍ တစ်ယောက်က အိမ် ပေါ်မှာတက်အိပ်နေကြသည်။ဦးမောင်ဘကျော်လည်း အိမ်နီးနားချင်းနေအိမ်တွင် စကားထိုင်ပြောနေသော ကြောင့် ထမင်းဝိုင်းသို့မလာ ရောက် နိုင်ပေ။

သူတို့မိသားစု ထမင်းစားရန်ပြင်ဆင်နေဆဲတွင် “ဂျိမ်း”ဆိုသည့် လက်နက်ကြီးပစ်ခတ်သံကိုကြားလိုက်ရသော ကြောင့် လှေကားပေါ်တွင် ထိုင်နေသည့် မောင်ရာဇာထွန်းသည် ထမင်းစားခန်းကိုချောင်းကြည့်လိုက်သည့် အခါ တွင် “ကလေးမှာဝမ်းဗိုက်ပေါက်လို့သွေးတွေပယ်လို့ဖြစ်သွားပါပြီ”ဟု ပြောသည်။

“မေချေ(ဖြူနှင်းစိုး)က ပြေးလာပါတယ်။ မေချေလဲကျသွားတယ်။ လဲပြီး ကျွန်တော့်ညီမလေးလည်း ကျွန်တော့် ဆီကိုပြေး လာပါတယ်။ ကျွန်တော့်ရင်ခွင်မှာလဲသွားတယ်။ ကျွန်တော်လည်း ညီမလေးကိုထမ်းပြီးတော့ ဆေးရုံကို ပြေးပေမယ့် အသက်ကိုမမှီလိုက်တော့ဘူး”ဟု မညိုညိုဝင်း၏ အစ်ကို မောင်ရာဇာထွန်းက ဆက် ပြောပြသည်။

အိမ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသည်ကို မြင်သောကြောင့် ဦးမောင်ဘကျော်လည်း အမြန်ဆုံး ပြေးလာခဲ့သည်။သို့သော် သူ့မြေးငယ် ဇင်အောင်ဖြိုး၊သူ့ဆွေမျိုး ညိုညိုဝင်း တို့သေဆုံးသွားပြီ။သူ့သမီး ဖြူနှင်းစိုး နှင့်သူ့ဇနီး ဒေါ်ဦးကြိုင်မှာလည်း ဒဏ်ရာများရရှိသွားကြပြီ။

“ဒိုင်းကနဲ စစ်တပ်ကပစ်တာနဲ့ ၊ကျွန်တော့်အိမ်မှာကွဲတာနဲ့ ကျွန်တော်ပြေးလို့လာတော့ တူမလေးရယ်၊ မြေး လေးရယ် မှောက်နေတယ်။ကျနော်ရောက်တာနဲ့ နှစ်ယောက်သေပြီ။နောက် အိမ်ရှင်မ ထမင်းချက်တာကို လှည့်ကြည့်လိုက်တော့ သူလည်း သတိမရတော့ဘူး”ဟု ဦးမောင်ဘကျော်က ပြော သည်။

ယင်းလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထမင်းစားရန် ပြင်ဆင်နေသည့် အိမ်နီးနားချင်း နေအိမ် တစ်အိမ်ကိုလည်း ကျည်စများထိမှန် သွားသည်။ထို့ကြောင့် အသက် (၁၀)နှစ်အရွယ် စတုတ္တတန်းကျောင်းသား မောင်မင်း ထက်ကျော်လည်းသေဆုံးသွားပြီး အသက် (၆၀)နှစ်အရွယ် ဒေါ်အေးရွှေလှကိုလည်း ပေါင်ကို ထိမှန်သွားသဖြင့် ဒဏ်ရာရရှိသွားသည်။မောင်မင်း ထက်ကျော်၏ မိခင်လည်း မူးလဲသွားသည်။ 

မိသားစုဝင်များ ထိခိုက်၊သေဆုံးမှုများရှိနေသည့်အချိန်တွင် မောင်မင်းထက်ကျော်၏ ဖခင်သည် မိမိလယ်ကွင်း တွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည်။ရွာက ဖုန်းဆက်၍ နေအိမ်သို့ပြန်လာသည့်အခါတွင် သားဖြစ်သူ လည်း သေဆုံးသွားပြီ။သူ့ယောက်ခမလည်း ဒဏ်ရာများဖြင့် ဆေးရုံတွင်ဆေးကုသမှုခံယူနေပြီး သူ့ဇနီး လည်း သတိမေ့နေသည်ကိုသာတွေ့မြင်ရသည်။

ဦးမောင်ဘကျော် နေအိမ်တွင် ထမင်းစားရန်ပြင်ဆင်နေစဉ်သေဆုံးသွားသူ မညိုညိုဝင်းသည် မင်းပြားမြို့ နယ်၊ ရွှေကျန် ကျေးရွာကဖြစ်သည်။သူတို့ရွာတွင် အလယ်တန်းကျောင်းသာရှိသောကြောင့် သူ့အစ်ကို မောင်ရာဇာ ထွန်းနှင့်အတူ ပန်းမြောင်းကျေးရွာရှိ ဆွေမျိုးဖြစ်သူ ဦးမောင်ဘကျော် နေအိမ်တွင် နေထိုင်ပြီး ပန်းမြောင်း အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသူများဖြစ်သည်။

“ငါ့ကို ကြည့်ပါဦး။ငါ့သမီးကျောင်းတက်နေတာသေသွားတယ်။ ငါ့သမီးစာကြိုးစားတာကို၊ ငါ့သမီး စာတော်ကို လည်း ကျောင်းဆရာတွေပြောတယ်”ဟု သမီးရုပ်အလောင်းကိုကြည့်ကာ မျက်ရည်များအဆက် မပြတ်စီး ကျနေ သူ မညိုညိုဝင်း၏ မိခင်က ပြောပြနေသည်။ 

ထိုသို့ နေအိမ်ကို တပ်မတော်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ ကျောင်းသား၊ ကျောင်း သူ များ၊လူကြီး၊လူငယ်များ အသက်ဆုံးရှုံး၊ ဒဏ်ရာရရှိသွားသောကြောင့် ရွာအုပ်ချုပ်ရေးမှူးက ဘုရားတောင် ပေါ်တွင်စခန်းချထားသည့် တပ်မတော်အရာရှိ တစ်ဦးကို ဖုန်းလှမ်းဆက်သည်။

“ဗိုလ်ကြီး ဒီမှာ ကျည်ကျပြီး သေတဲ့သူကသေနေပါပြီလို့ အကြောင်းကြားတယ်။အဲဒါကျတော့ ဘယ်ကလာ ပြီးကျတဲ့ ကျည်လဲတဲ့။သူတို့ကတော့ အဲလိုပြောတာပဲ။သူတို့ပစ်လို့ကျတာကို ဘယ်ကလာပြီးကျတယ်ဆိုတော့ ကျမတို့က ဘယ်လိုပြောရမလဲ ”ဟု ဒဏ်ရာရရှိသွားသူ မဖြူနှင်းစိုး၏ အစ်မတစ်ဝမ်းကွဲတော်စပ်သူ ဒေါ်ဝင်းဝင်း က ပြောသည်။

ဒဏ်ရာရရှိသွားသူ(၃)ဦးအနက် အသက် (၆၂)နှစ်အရွယ် ဒေါ်ဦးကြိုင်နှင့်အသက် (၆၀)နှစ်အရွယ် ဒေါ် အေးရွှေ လှတို့ကို မြောက်ဦးဆေးရုံသို့ပို့ဆောင်လိုက်ရပြီး အသက် (၂၉)နှစ်အရွယ် မဖြူနှင်းစိုးကို ဒဏ်ရာပြင်းထန်သော ကြောင့် မြောက်ဦးဆေးရုံမှ တစ်ဆင့် စစ်တွေဆေးရုံကြီး ယင်းနေ့တွင်ပင်အရေးပေါ်ပို့ဆောင်လိုက်ရသည်။

တပ်မတော်၏ ဖြေရှင်းမှု

ရွာသားများနှင့်မိသားစုဝင်များက ဘုရားတောင်ပေါ်တွင်စခန်းချထားသည့် တပ်မတော်သားများ ပစ်ခတ် လိုက်သောလက်နက်ကြီးကျည်ကြောင့် သေဆုံး၊ဒဏ်ရာရရှိခဲ့သည်ဟု ပြောဆိုသွားသော်လည်း တပ်မတော်က ထိုပြောဆိုချက်များ ငြင်းဆိုသည်။

ပန်းမြောင်းရွာ အရှေ့ဘက်တွင်ရှိသော တောင်ပေါ်တွင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များရှိနေပြီး  ယင်း တောင်ပေါ်မှ ပန်းမြောင်းရွာတွင် ရှိသည့် တပ်မတော်ကို ပစ်ခတ်စဉ် နေအိမ်ကို ထိမှန်သွားပြီး လူသေဆုံး၊ ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ခြင်းဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကို ပြောသည်။

“AA ကနေပြီးတော့ ပန်းမြောင်းရဲ့ အရှေ့ဘက်မှာတောင်ကြောရှိတယ်။အဲဒီတောင်ကြောကနေပြီးတော့မှ ကျ နော်တို့တပ်က ပန်းမြောင်းရွာထဲမှာရှိတော့ ရွာထဲကိုလှမ်းပစ်တာ။ပစ်တော့ တပ်ရှိတဲ့နေရာကိုမကျဘဲ ရွာဘက် ကိုလာကျတာ”ဟု ၎င်းက ယင်းနေ့တွင် ပြောသည်။

သို့သော် မိမိတို့လက်ချက်မဟုတ်ဘဲ တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် သေဆုံး၊ဒဏ်ရာရရှိ သွား ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)ဘက်ကဆိုသည်။

“ကျနော်တို့ဘက်က အဲလို ရမ်းသန်းပစ်တာမရှိဘူး။လက်နက်ကြီးနဲ့ တစ်လျှောက်လုံးပစ်နေတာကတော့ ဗမာ စစ်တပ်ပဲရှိတယ်”ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တုန့်ပြန်သည်။

ယခုကဲ့သို့ အဖြစ်ဆိုးများကြုံတွေ့ရသောကြောင့် တပ်မတော်က ရွာထဲတွင် တပ်စွဲထားသည်ကို ရွာသား များလက်မခံကြပေ။ထိုသို့ တပ်စွဲထားမှုတို့ကြောင့် ရွာသားများ စိုးရိမ်နေရသည်ဟု ဆိုကြသည်။

“ကျမတို့နဲ့ AA နဲ့လည်း မဆိုင်ပါ။လူထုပါ။လူထုကို လူထုလို့မြင်စေချင်ပါတယ်။လူထုကို AA လို့ မမြင် စေချင်ပါ ” ဟု အသက် (၆)နှစ်အရွယ် မောင်ဇင်အောင်ဖြိုး၏ အဒေါ်ဖြစ်သူ ဒေါ်ဝင်းဝင်းက ပြောသည်။

ရှေးဟောင်းသာသနိကအဆောက်အအုံများ၊ဘာသာရေးအဆောက်အအုံတို့တွင် တပ်စွဲခြင်းသည် မဖြစ်သင့်ဟု မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်အမတ် ဦးထွန်းသာစိန်ကလည်း မှတ်ချက်ပြုသည်။

“ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊ဘယ်ဘာသာပဲဖြစ်ဖြစ် ဘယ်ဘာသာဝင်ရဲ့ ပုရဝုဏ်ထဲမှာပဲဖြစ်ဖြစ် ဒီလိုမျိုးတော့ တပ်စွဲတာတို့ အမြောက်ပစ်တာတို့ မလုပ်သင့်ဘူးလို့ထင်တယ်”ဟု ၎င်းက ပြောသည်။

ပစ်ခတ်သံကြားက နောက်ဆုံးခရီး

နောက်တစ်ရက်အကြာတွင်လည်း ဘုရားတောင်ပေါ်က လက်နက်ကြီးပစ်ခတ်သံများအဆက်မပြတ်ထွက်ပေါ် လာသည်။ရွာထဲသို့ လက်နက်ကြီးကျည်များကျရောက်မည်ကိုစိုးရိမ်သောကြောင့် ဒေသခံများသည် မြောက်ဦး မြို့နယ်က ကျေးရွာတစ်ချို့နှင့် ရွာအနီးရှိ ကျေးရွာတစ်ချို့ကို ထွက်ပြေးသွားကြသည်။

ရွာသားများ ထွက်ပြေးနေသော်လည်း လက်နက်ကြီးကျည်ထိမှန်သွား၍ သေဆုံးသွားသည့် ကျောင်းသား၊ ကျောင်းသူများကို ယင်းနေ့တွင် ဂူသွင်းသဂြိုလ်လိုက်ကြသည်။ ထို့ကြောင့် မိသားစုဝင်များနှင့်ရွာသားတစ်ချို့ ရွာထဲတွင် ကျန်ရစ်ခဲ့ကြသည်။

လျှပ်စစ်မီးရောင်စုံထွန်းထားသည့် ခြင်ထောင်ထဲရှိ ရုပ်အလောင်းများကို ရွာသားများသည် ဝမ်းနည်း စွာကြည့်ရှု နေကြသည်။မိသားစုဝင်များသည် သူ့သား၊သမီးရုပ်အလောင်းများကို ကြည့်ရှုပြီးငိုကြွေးနေကြသည်။

မောင်ရာဇာထွန်းလည်း မညိုညိုဝင်း၏ နဖူးကို လက်ဖြင့်ပွတ်သပ်လျက် “မောင်ကြီးမကယ်နိုင်လိုက်ဘူး  ညီမလေးရယ်”ဟု မျက်ရည်များစီးကျလျက်ဖြင့်ပြောဆိုနေသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့သည် ၂၀၁၈ ခုနှစ်တွင် နှစ်ဦး၊နှစ်လယ်ပိုင်းတို့တွင် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ခဲ့ကြသည်။သို့သော် တိုက်ပွဲ၏ ရေရှိန်သည် ၂၀၁၈ ခုနှစ် ၊ဒီဇင်ဘာလ (၂၁) ရက်နေ့ နောက်ပိုင်းတွင်  အမြင့်ဆုံးအထိဖြစ်သွားခဲ့သည်။တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်( အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ)ကလွဲပြီး တခြားတိုင်းစစ်ဌာနချုပ်နယ်မြေ(၅)ခုတွင် တစ်ဖက်သတ် အပစ်ရပ်စဲခဲ့နောက် ရခိုင်ပြည်နယ်တွင် တိုက်ပွဲပိုမိုပြင်းထန်လာခဲ့သည်။

စစ်၏ဆိုးကျိုးကြောင့် သေဆုံး၊ဒဏ်ရာရရှိသူအရေအတွက်လည်း တဖြည်းဖြည်းမြင့်တက်လာသည်။လက်ရှိ အချိန်ထိ မိုင်းပေါက်ကွဲမှု၊လက်နက်ကြီးကျည်ဆန်ထိမှန်မှုတို့ကြောင့် သေဆုံးသူ ၆၇ ဦး၊ ဒဏ်ရာရရှိသွားသူ (၁၈၂)ဦးအထိရှိလာပြီဟု ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏ စာရင်းအရ သိရသည်။

ထိုသို့ ထိခိုက်သူများအတွက် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မျှ တာဝန်မယူကြပေ။ကြားထဲတွင် အရပ်သား ပြည်သူများ မြေစာပင်ဖြစ်နေရကြရသည်။တိုက်ပွဲများ ရပ်စဲမှသာလျှင် ပြည်သူများ ငြိမ်းချမ်းမှု၊လုံခြုံစိတ်ချ ရစွာဖြင့်နေထိုင်နိုင်ကြမည်ဖြစ်သည်။

“ဒါတွေပြေငြိမ်းဖို့ဆိုရင်တော့ နှစ်ဦးနှစ်ဖက်အနေနဲ့ သဘောထားကြီးရမှာဖြစ်သလို အစိုးရကလည်းပဲ ငြိမ်းချမ်း ရေးအတွက် ထဲထဲဝင်ဝင် ပါဝင်ပြီးတော့ ဆောင်ရွက်ရမယ်။ ပြီးတော့ ပြောလိုတာကတော့ နိုင်ငံတကာအဖွဲ့ အစည်းတွေရော အိမ်နီးချင်းနိုင်ငံတွေပါ ဒီစစ်ပွဲတွေရပ်စဲအောင် ပူးပေါင်းပါဝင်ကူညီသင့်တယ်လို့ မြင်ပါတယ် ”ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

တိုက်ပွဲများကြောင့် ပြည်သူများထိခိုက်မှုများရှိနေသဖြင့် မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်စဲပေးရန်ပြည်သူများလိုလားနေကြသည်။ထိုသို့တောင်းဆိုသူများ ထဲတွင် သေဆုံးသွားသည့် အသက် (၆)နှစ်အရွယ် မောင်ဇင်အောင်ဖြိုး၏ အဘိုး ဦးမောင်ဘကျော်လည်းပါဝင် သည်။

“ဒီစစ်ကို တိုင်းရင်းသားအချင်းချင်း ရပ်စဲလိုက်ရင် ကောင်းမှာပဲလို့ ကျနော့်အနေနဲ့ပြောချင်တယ်။ကျနော် ကာယကံရှင်တစ်ယောက်အနေနဲ့ ခံစားမတတ်ဖြစ်နေပြီ ”ဟု ၎င်းကဆိုသည်။

ဖဒူ ထွန်းအောင်

31.8.2019

ဗီဒီယိုများ