သူတို့ ဘာကြောင့် ထွက်သွားကြတာလဲ

မြန်မာပြည်မှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးတဲ့နောက်ပိုင်းမှာ လူသားလုံခြုံမှုဆိုတဲ့ စကားလုံးဟာလည်း ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဖိနှိပ်ခံဘဝနဲ့ နေသားကျလာခဲ့ကြတဲ့ သက်ကြီးပိုင်းတွေအတွက်က ထူးခြားမှုတစ်ခုမဟုတ်တော့ပေမဲ့လည်း ဒီမိုကရေစီရဲ့တစိတ်တစ်ပိုင်းလွတ်လပ်ခွင့်ကို ဆယ်စုနှစ်တစ်ခု ခံစားဖူးခဲ့ကြတဲ့ လူငယ်တွေဟာ စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ ရှင်သန်ရမှာကို စိုးထိတ်လာခဲ့ကြပါတော့တယ်။

By ရမ္မာကျော်စော 09 Oct 2022

ရမ္မာကျော်စော

မကြာခင်အချိန်အတွင်းကပဲ ညီဖြစ်သူက Passport လုပ်ချင်တယ်ဆိုလို့ လိုက်ပို့ဖြစ်ခဲ့ပါတယ်။ အစိုးရရုံးတွေရဲ့ ထုံးစံအတိုင်း မနက် ၉ နာရီနောက်ပိုင်းမှာသာ ရုံးဖွင့်လေ့ရှိပေမယ့်လည်း တချို့လူတွေကတော့ နံနက် ၇ နာရီလောက်ကတည်းက Passport ရုံးရဲ့ ဘေးပေါက်ကနေ ဝင်သွားကြတာကိုတော့ မြင်တွေ့ခဲ့ရပါတယ်။

ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုပေါ့။  နောက်တော့မှ သိခဲ့ရတာကတော့ ပွဲစားနဲ့ချိတ်ဆက်ထားလို့ဆိုပဲ။

အလုပ်အကိုင်ရှားပါးမှု

ရခိုင်ဒေသဟာ စီးပွားရေးအခွင့်အလမ်းတွေပေါများပေမဲ့လည်း အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမှာ အားနည်းလွန်းတာကြောင့် ဒေသတွင်းက လူငယ်အများစုဟာ ဒေသကိုစွန့်ခွါဖို့ကိုပဲ ဦးတည်ပြီး စဉ်းစားလာကြပါတော့တယ်။ အားမနာတမ်းပြောရရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက အုတ်သယ်၊ကျောက်ထမ်းတဲ့အလုပ်တွေကိုတောင် ပြည်မဖက်က လာရောက်လုပ်ကိုင်နေသူတွေ မလုပ်ချင်မှ လုပ်နေရတဲ့အခြေအနေပါ။ ပြည်မဖက်က အခြေခံအလုပ်သမားတွေအနေနဲ့လည်း ဒေသတည်ငြိမ်မှုအနည်းငယ်ရှိတဲ့ ရခိုင်ပြည်ဖက်ကို တဖြည်းဖြည်း စိမ့်ဝင်လာနေတာတွေကို တွေမြင်နေရပါတယ်။ ရခိုင်ဒေသရဲ့ အဓိကလုပ်ငန်းတွေဖြစ်ကြတဲ့ ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းတွေဟာဆိုရင်လည်း လက်ရှိ စက်သုံးဆီဈေးနှုန်း ဓာတ်မြေသြဇာဈေးနှုန်းတွေကြောင့် ဆုတ်ယုတ်လုပ်နေတာကိုသာ တွေ့မြင်နေရပါတော့တယ်။ ယခင်နှစ်တွေအတွင်းမှာ ရခိုင်ပြည်တွင်းက လူငယ်လူရွယ်တွေဟာ လက်နက်ကိုင်တော်လှန်ရေးနယ်ပယ်ထဲကို အလုံးအရင်းနဲ့ ဝင်ရောက်ခဲ့ကြပေမဲ့ ဒီနေ့အချိန်မှာတော့ နိုင်ငံရပ်ခြားကို ထွက်ခွါသူတွေ ပိုမိုများပြားလာတာကိုလည်း တွေ့မြင်နေရပါတယ်။

လုပ်ခလစာနည်းပါးမှု

မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်အားခကို ၄၈၀၀ ကျပ် သတ်မှတ်ထားလို့ရှိပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာနဲ့ဆိုရင် နှစ်ဒေါ်လာတောင်မပြည့်တဲ့ လုပ်အားခပါ။ လူတစ်ယောက်ရဲ့ တစ်နေ့လုပ်အားခဟာ စားသုံးဆီ ၁ လီတာဖိုးတောင် မရှိပါဘူး။ဘာလုံခြုံရေးအစီအမံမှ မရှိတဲ့ အထပ်မြင့်အဆောက်အဦတွေမှာ ခက်ခဲကြမ်းတမ်းစွာ လုပ်ဆောင်နေကြရတဲ့ ပန်းရံလုပ်သားတစ်ယောက်ဟာ တနေကုန်လုပ်မှ ကျပ်တစ်သောင်းအောက်သာ ရရှိကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လူတစ်ယောက်ရဲ့လုပ်အားခနဲ့ မိသားစုတစ်စုကို ထမင်းကျွေးနိုင်ပေမဲ့ လက်ရှိ မြန်မာပြည်ရဲ့ အနေအထားကတော့ ကိုယ့်လုပ်အားခနဲ့ ကိုယ့်တစ်ယောက်စာအတွက်တောင် ဖူလုံမှု မရှိပါဘူး။ ဒါကြောင့်လည်း လူငယ်အများစုဟာ ပြည်ပကိုထွက်ခွါပြီး အလုပ်လုပ်ဖို့ကိုသာ ဦးတည်စဉ်းစားလာကြတာလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင်တော့ ဒါဟာ လုပ်အားယိုစီးမှုတစ်ခုပါပဲ။

စစ်အုပ်ချုပ်ရေး

မြန်မာပြည်မှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့ကစပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးတဲ့နောက်ပိုင်းမှာ လူသားလုံခြုံမှုဆိုတဲ့ စကားလုံးဟာလည်း ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဖိနှိပ်ခံဘဝနဲ့ နေသားကျလာခဲ့ကြတဲ့ သက်ကြီးပိုင်းတွေအတွက်က ထူးခြားမှုတစ်ခုမဟုတ်တော့ပေမဲ့လည်း ဒီမိုကရေစီရဲ့တစိတ်တစ်ပိုင်းလွတ်လပ်ခွင့်ကို ဆယ်စုနှစ်တစ်ခု ခံစားဖူးခဲ့ကြတဲ့ လူငယ်တွေဟာ စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ ရှင်သန်ရမှာကို စိုးထိတ်လာခဲ့ကြပါတော့တယ်။ လူကိုလူလိုတန်ဖိုးမထားတတ်တဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာထက်စာရင် တိုင်းတပါးမှာ အောက်ခြေလုပ်သားအဖြစ်နဲ့ အလုပ်လုပ်ရင်းပင် မိသားစုကိုထောက်ပံနိုင်သေးတယ်ဆိုတဲ့အမြင်ဟာ ဒီနေ့လူငယ်တွေရဲ့ အတွေးထဲမှာ ကြီးစိုးနေရာယူလာပါတော့တယ်။ ဒီနိုင်ငံမှာကတော့ ဘယ်သူမဆို အချိန်မရွေး နေရာမရွေး ဘေးအန္တရာယ်၊ အသက်အန္တရယ်တွေနဲ့ ကြုံတွေ့ရနိုင်တာကြောင့် မိမိတို့ရဲ့ ရပ်ရွာကို စွန့်ခွါဖို့ ဝန်မလေးကြတော့ပါဘူး။ အထူးသဖြင့် ရခိုင်ဒေသမှာဆိုရင် စစ်ပွဲတွေ တကျော့ပြန်ဖြစ်လာတာကြောင့် လူသားလုံခြုံမှုဟာ ပိုပြီး နည်းပါးလာနေပါတယ်။ ဒါဟာလည်း လူငယ်တွေကို ပြည်ပထွက်ခွါစေဖို့ တွန်းအားတစ်ခု ဖြစ်လို့နေပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှု

ရခိုင်ဒေသဟာ ပြည်မဘက်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲရတဲ့ကြားထဲ စစ်ကောင်စီရဲ့လက်အောက်ခံတပ်တွေက လမ်းပန်းဆက်သွယ်ရေးတွေကို တင်းကြပ်တာ၊ ဖြတ်တောက်တာတွေ လုပ်ဆောင်နေတာကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာဆိုရင်လည်း သုံးဆ၊လေးဆလောက်ကို မြင့်တက်လို့နေပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးဝါးတွေသယ်ယူခွင့်ကို ကန့်သတ်ခံထားရတာကြောင့် ကျေးလက်နေပြည်သူများမှာ ကျန်းမာရေးအထောက်အကူရရှိမှု ပိုမိုနည်းပါးသွားရပြီး ဒုက္ခပင်လယ် ဝေနေကြရပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှုဟာ ကြေးရတတ် အသိုက်အဝိုင်းတွေအတွက် မသိသာပေမဲ့လည်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေခံလူတန်းစားတွေအတွက်တော့ အထိနာလှပါတယ်။ ဆင်းရဲမွဲတေမှု မြင့်မားလာတာနဲ့အမျှ ပညာတတ်တွေမွေးထုတ်နိုင်မှု ကျဆင်းသွားမှာဖြစ်ပြီး တိုင်းပြည်ရဲ့စီးပွားရေးကိုလည်း တိုက်ရိုက်ထိခိုက်စေမှာဖြစ်ပါတယ်။ ဒါဟာလည်း စစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ တိုင်းပြည်တိုင်းမှာ မြင်တွေရလေ့ရှိတဲ့ ဖြစ်စဉ်တစ်ခုပါ။ ပြည်သူအများစုဟာ အဆမတန် မြင့်မားလာတဲ့ ကုန်းဈေးနှုန်းနဲ့ မလောက်ငှတဲ့ဝင်ငွေကြားမှာ ဗျာများနေကြရပြီး နောက်ဆုံးတော့ ပြည်ပကို ထွက်ခွါပြီးအလုပ်လုပ်ဖို့ကိုသာ စဉ်းစားလာကြပါတော့တယ်။

ပြည်ပထွက်ခွါမှု

မြန်မာပြည်က ထွက်ခွါပြီး ပြည်ပမှာ အနေကြာလာတဲ့သူတွေဟာ မြန်မာပြည်ကိုပြန်လာပြီး အခြေချဖို့ကို စိုးရွံ့နေကြရပါတယ်။ လျပ်စစ်မီးပုံမှန်မရှိ၊ အင်တာနက်ဖြတ်တောက်မှုနှင့် အခြား အခြားသော စိတ်အနှောင့်အယှက် ဖြစ်စရာတွေကြား လုံခြုံမှုကင်းမဲ့စွာနဲ့ အသက်ဆက်နေကြရတဲ့ဒေသမှာ မနေထိုင်ချင်ကြတာလည်း မမှားပါဘူး။ လက်ရှိမှာ ပြည်ပထွက်ခွါမှုဟာ ပိုမိုများပြားလာနေပြီး စစ်တွေမြို့က နိုင်ငံကူးလက်မှတ် (Passport) ထုတ်ပေးတဲ့ရုံးမှာဆိုရင် နေ့တိုင်းလိုလို လူထောင်နဲ့ချီပြီး စုပြုံတိုးဝှေ့နေကြတာကို တွေမြင်ကြရမှာပါ။ နိုင်ငံကူးလက်မှတ်တစ်ခု ရနိုင်ဖို့အတွက် ပွဲစားဆိုသူတွေနဲ့ ချိတ်ဆက်ကြရပြီး ငွေကြေးပိုမို သုံးစွဲနေကြရပါတယ်။ မရှိဆင်းရဲလို့ သူများနိုင်ငံမှာ အလုပ်သွားလုပ်မယ့်သူတွေကို ခေါင်းပုံဖြတ်နေတာကိုလည်း တွေ့မြင်နေရပါတယ်။ ပွဲစားတွေထဲမှာ အပြင်ပွဲစား၊ အတွင်းပွဲစားဆိုပြီး နှစ်မျိုးရှိကာ အပြင်ပွဲစားဆိုသူတွေက ရိုက်စားလုပ်ပြီး အတွင်းပွဲစားဆိုတဲ့ ဝန်ထမ်းတွေကတော့ လုပ်စားလို့ပဲခေါ်ရမလား၊ ပိုက်ဆံယူပြီး မြန်မြန်ဆန်ဆန် လုပ်ပေးတာမျိုးလည်း တွေ့ရပါတယ်။ ပုံမှန်ဆိုရင် သောင်းဂဏန်းလောက်သာကုန်ကျမယ့် Passport စာအုပ်တစ်အုပ်အတွက် တစ်သိန်းရှစ်သောင်းကနေ နှစ်သိန်းခွဲအထိ ပေးဆောင်ပြီး လုပ်နေကြရပါတယ်။

ဒါတွေဟာ အသေးအဖွဲတွေလောက်သာ ရှိသေးပြီး ဒီတိုင်းပြည်ထဲမှာတော့ စိတ်ချမ်းသာသာနဲ့ ဖြတ်သန်းရတဲ့ နေ့ရက်ရှိပါဦးမလားလို့ ယောင်လို့တောင် မတွေးမိသေးပါဘူး။ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ နေရာဒေသမှာ ဘဝတက်လမ်းဆိုတာကိုလည်း ရှာလို့တွေ့မှာမဟုတ်တဲ့ သူတော့ဘာကြောင့်ထွက်သွားကြတာလဲ ဆိုတာကို ကျနော်လည်း တဖြေးဖြေးတော့ သဘောပေါက်လာပြီလို့ ထင်ပါတယ်။

ဗီဒီယိုများ