တရုတ်မယားအဖြစ် ရောင်းစားခံနေရသည့် ရခိုင်အမျိုးသမီးနှစ်ဦး အကူအညီလိုအပ်နေ

လူကုန်ကူးခံရပြီး တရုတ်မယားအဖြစ် ရောင်းစားခံနေရသည့် ရခိုင်အမျိုးသမီးနှစ်ဦး လွတ်မြောက်ရေးအတွက် အကူအညီ‌များ လိုအပ်နေကြောင်း ကာယကံရှင်နှင့် ကူညီပေးနေသူတို့ထံမှ သိရသည်။

By Admin 07 Aug 2025

မြန်မာ-တရုတ် နှစ်နိုင်ငံဝင်ထွက် မူဆယ်နယ်ဂိတ်ကို ၂၀၂၃ ဧပြီလက တွေ့ရစဉ်။  ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာန
မြန်မာ-တရုတ် နှစ်နိုင်ငံဝင်ထွက် မူဆယ်နယ်ဂိတ်ကို ၂၀၂၃ ဧပြီလက တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ ပြန်ကြားရေး ဝန်ကြီးဌာန

DMG ၊ ဩဂုတ် ၇

လူကုန်ကူးခံရပြီး တရုတ်မယားအဖြစ် ရောင်းစားခံနေရသည့် ရခိုင်အမျိုးသမီးနှစ်ဦး လွတ်မြောက်ရေးအတွက် အကူအညီ‌များ လိုအပ်နေကြောင်း ကာယကံရှင်နှင့် ကူညီပေးနေသူတို့ထံမှ သိရသည်။

ရမ်းဗြဲမြို့နယ်၊ ပုညဝတီကျေးရွာမှ အသက် ၂၈ နှစ်အရွယ် မခင်မာရွှေနှင့် မြေပုံမြို့နယ်၊ င/ပသုန်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် မနှင်းစန္ဒာစိုးတို့မှာ လက်ရှိ တရုတ်နိုင်ငံ၊ ခက်နန်မြို့တွင် တရုတ်မယားအဖြစ် ရောင်းစားခံနေရခြင်းဖြစ်သည်။

မခင်မာရွှေသည် ပြီးခဲ့သည့် ၂၀၂၅ ၊ ဖေဖော်ဝါရီလတွင် ကျောက်ဖြူဒေသခံ ပွဲစားအမျိုးသမီးနှင့် ဆက်သွယ်ပြီး အလုပ်လုပ်ရန် တရုတ်သို့ သွားရောက်ခဲ့သည်။ ယင်းနောက် နယ်စပ်တွင် နောက်ထပ် ပွဲစားအမျိုးသမီးတစ်ဦးက တရုတ်အမျိုးသားထံ မယားအဖြစ် ရောင်းစားခံခဲ့ရကြောင်း ကာယကံရှင်က DMG ကို ပြောသည်။

" ပွဲစားက ဒီလကုန်ဆိုရင် ကျမကို ခုနေတဲ့ အမျိုးသားအိမ်က ခေါ်ထုတ်ပြီး နောက်ထပ် အမျိုးသားတစ်ယောက်ဆီ ပို့မယ်လို့ ပြောနေတယ်။ မလိုက်ဘူးပြောလည်း အတင်းလာခေါ်တော့မယ် ပြောတယ်။ ကျမက ဒီမှာ ဘယ်မှမသွား တတ်မလာတတ် ဖြစ်နေတယ်။ ကျမ မလိုက်လို့ ရှိရင် ရဲတိုင်တော့မယ်။ အဖမ်းခံလိုက်ဆိုပြီးလည်း ပြောတယ် " ဟု မခင်မာရွှေက ပြောသည်။

မခင်မာရွှေ၏ ပြောဆိုချက်အရ အချိန်တစ်နှစ်အတွင်း သူမသည် တရုတ်အမျိုးသားတစ်ဦးထံတွင် မယားအဖြစ် နေထိုင်စေရန် ရောင်းစားခဲ့၍ အခကြေးငွေ မြန်မာငွေသိန်း ၅၀ ကျော်ကို ပွဲစားအမျိုးသမီးက မိသားစုထံ လွှဲပေးမည်ဟု ယူသွားကြောင်း ဆိုသည်။ သို့သော်လည်း အဆိုပါငွေကို ပွဲစားအမျိုးသမီးက မိသားစုထံ မလွှဲပေးဘဲ လိမ်လည်ယူသွားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လူကုန်ကူးသူ အမျိုးသမီးပွဲစားက မခင်မာရွှေအား နောက်ထပ် တရုတ်အမျိုးသားတစ်ဦးထံ ဇနီးမယားအဖြစ် ရောင်းစားရန် အတင်းအဓမ္မ စီစဉ်နေပြီး ခကြာခဏ လာရောက်ဆဲဆို ခြိမ်းခြောက်မှုများကိုလည်း ခံနေရကြောင်း မခင်မာရွှေက ပြောသည်။

အဆိုပါ ပွဲစားအမျိုးသမီးနှစ်ဦးမှာ ကျောက်ဖြူမြို့၊ ဆားပြင်ကွင်းရပ်ကွက်နှင့် တောင်ရင်းရပ်ကွက်မှ ဖြစ်ပြီး ကျောက်ဖြူတွင် တစ်ဦး၊ ရန်ကုန်တွင် တစ်ဦးနေထိုင်ကြောင်း သိရသည်။

အလားတူ မြေပုံမြို့နယ်၊ ငပသုန်ကျေးရွာမှ မနှင်းစန္ဒာစိုးမှာလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တရုတ်ပြည်သို့ အလုပ်လုပ်ရန် ပွဲစားအကူညီနှင့် ရောက်လာပြီး နယ်စပ်ကတစ်ဆင့် လက်ရှိတွင် တရုတ်မယားအဖြစ် ရောင်းစားခံနေရသည်။

မနှင်းစန္ဒာစိုးသည် လက်ရှိတွင် အိမ်ပြင်ထွက်ခွင့်၊ ဖုန်းနှင့် အခြား အဆက်သွယ်များကိုပါ ပိတ်ပင်ခံထားရကြောင်း သိရသည်။

ယင်းအပြင် မနှင်းစန္ဒာစိုး လုပ်အားခ မြန်မာငွေကျပ် ၆၅ သိန်းကို တရုတ်အမျိုးသားထံမှ ပွဲစားအမျိုးသမီးက ထုတ်ယူခဲ့ပြီး မနှင်းစန္ဒာစို မိသားစုထံ မလွှဲပေးဘဲ လိမ်ယူသွားပြီးကြောင်း သိရသည်။

စစ်ရေးပဋိပက္ခနှင့် အလုပ်အကိုင်ရှားပါးနေသည့် လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးသမီးများသည် ပြည်ပတွင် အလုပ်လုပ်ရန် ကြိုးစားထွက်ခွာနေကြပြီး ယင်းအထဲ တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ရောင်းစားခံရသည့် မြန်မာအမျိုးသမီး အများအပြားရှိနေကြောင်း သိရသည်။

အလားတူ ရခိုင်အမျိုးသမီးများမှာလည်း ပွဲစားများ၏ ဆွဲဆောင်မှု၊ မက်လုံးပေးမှုများကြောင့် ရခိုင်ပြည်က ထွက်ခွာကာ တရုတ်နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် လာရောက်ရာတွင် အလိမ်ခံရခြင်း၊ ရောင်းစားခံရခြင်း ခေါင်းပုံဖြတ်မှုများနှင့် အခက်ခဲမျိုးစုံကို ခံနေကြရကြောင်း သိရသည်။

တရုတ်နိုင်ငံရောက် ရခိုင်အမျိုးသားတစ်ဦးက " အမျိုးသမီးတွေအနေနဲ့ အလုပ်ပေးမယ် ပြောတိုင်း လွယ်လွယ်ယုံပြီး မလိုက်မိကြဖို့ သတိပေးချင်တယ်။ ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီဖြစ်ရပ်တွေ ကြုံနေရတဲ့ အမျိုးသမီးတွေကို မျက်ကွယ်မပြုကြဖို့၊ ကူညီပေးကြဖို့ တိုက်တွန်းချင်တယ် " ဟု DMG ကိုပြောသည်။

ထို့အတူ တရုတ်မယားအဖြစ် ရောင်းစားခံရသည့် အမျိုးသမီးအချို့မှာ အိမ်တွင်း လှောင်ပိတ်ခံရခြင်း၊ ရိုက်နှက်နှိပ်စက်ခံရခြင်းနှင့် ပြင်ပလူများနှင့် အဆက်အသွယ် မပေးခြင်းတို့အပြင် ဆိုးဝါးသည့် လူ့အခွင့်ရေးများစွာ ချိုးဖောက်ခံရသူများလည်း ရှိနေကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးအများစုမှာ ပွဲစားများ၏ မက်လုံးပေး သွေးဆောင်ဖျားယောင်းပြောဆိုမှုများကြောင့်ဖြစ်ပြီး မိသားစုစားဝတ်နေအကျပ်အတည်းများကြောင့် မိမိဆန္ဒအလျောက် လုပ်ကိုင်သူများလည်း ရှိကြောင်း သိရသည်။

တရုတ်မယားအဖြစ် အရောင်းစားခံရသူ အမျိုးသမီးများမှာ လူ့အခွင့်အရေးမျိုးစုံ ချိုးဖောက်ခံရနိုင်ခြေ အလွန်များပြီး ဥပဒေအကာအကွယ်ရရှိရန်လည်း ခက်ခဲသည့်အတွက် တရုတ်နှင့် မြန်မာနိုင်ငံ အာဏာပိုင်များက အဓိက တားဆီးရန် လိုအပ်ကြောင်း ဂျဲန်ဒါအရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

" ဒီပြဿနာအရင်းအမြစ်နဲ့ ပတ်သက်မှုအများဆုံးရှိတဲ့ တရုတ်နိုင်ငံအနေနဲ့ အထူးအလေးပေး လုပ်ဆောင်ဖို့တာဝန် ရှိပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အဖွဲ့တွေနဲ့ သက်ဆိုင်ရာအစိုးရအားလုံးကလည်း တားဆီးရေး၊ အသိပညာပေးရေးနဲ့ ထောက်ပံ့ရေး အစီအစဉ်တွေ လုပ်နိုင်မှ ဒီပြဿနာတွေကို တားဆီးနိုင်မယ်လို့ ယူဆပါတယ် " ဟု ဂျဲန်ဒါအရေး လှုပ်ရှားသူ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကြောင့် အမျိုးသမီးများအနေဖြင့် လူလိမ်ပွဲစားများကို သတိထားရန် လိုအပ်ပြီး၊ လူကုန်ကူးခံနေရသည့် အမျိုးသမီးများကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဒေသတွင်း လူမှုအဖွဲ့အစည်းများက ကူညီထောက်ပံ့မှုဖြင့် ကာကွယ်ပေးရမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

လက်ရှိ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေကြရပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုနှင့်အတူ အမျိုးသမီးငယ် အပါအဝင် ဒေသခံများမှာ ရရာနည်းလမ်းဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာနေကြသည်။