စစ်ကိုင်းတိုင်းက ပေါ်တူဂီမျိုးဆက်များ

မြန်မာနိုင်ငံတွင် ပေါ်တူဂီမျိုးဆက်ဟုဆိုလျှင် ဖိလစ်ပီ ဒီဘရစ်တို ငဇင်ကာကို မေ့ထားလို့ မရပေ။ လူစွန့်စား ကြေးစားစစ်သည် ငဇင်ကာသည် ရခိုင်ဘုရင် မင်းရာဇာကြီးထံ မင်းမှုထမ်းခဲ့သည်။ ထို့နောက် သံလျင်စားဖြစ်လာကာ တောင်ငူကို တိုက်ခိုက်ပြီး နတ်သျှင်နောင်ကို မိဖုရားအခြွေအရံနှင့်အတူ သန်လျင်သို့ ခေါ်ဆောင်သွားခဲ့ကာ အနောက်ဖက်လွန်မင်းကို ပုန်ကန်ခဲ့သည်။

By ဖဒူ ထွန်းအောင် 16 Feb 2019

Written by - ဖဒူ ထွန်းအောင် / DMG

ရွာထဲသို့ လှမ်းဝင်လိုက်သည့် အချိန်မှာ အုတ်၊ သစ်သားများဖြင့် ဆောက်လုပ်ထားသည့် နှစ်ထပ်မြင့် အိမ်များက ဆီးကြိုနေသည်။ ယင်းအိမ်များတွင် သစ်၊ ဝါးများကို အမြင့် ၁၀ ပေခန့်ပြုလုပ်ကာ ခြံတပ်များ ကာရံထားလျက်ရှိပြီး ခြံတံခါးများ ပိတ်ထားသည်ကို တွေ့မြင်ရသည်။ ရွာဝင်လမ်းမှ နည်းနည်းလျှောက်လှမ်းလာလျှင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ခပ်လှမ်းလှမ်းကပင် တွေ့မြင်နိုင်မည် ဖြစ်သည်။

ယင်းရွာသည် ပေါ်တူဂီမျိုးဆက်များ နေထိုင်ကြသည့် စစ်ကိုင်းတိုင်း၊ နဘက်ကျေးရွာအုပ်စုရှိ နဘက် (ဘုရင်ဂျီ ) ကျေးရွာဖြစ်သည်။ နဘက် ကျေးရွာအုပ်စုတွင် နဘက် ဘုရင်ဂျီ၊  နဘက် ရွာသစ်နှင့် နဘတ် (ရွာမ) ဟူ၍ ရှိသည်။  နဘတ် ဘုရင်ဂျီ ကျေးရွာသည် ခရစ်ယာန်ဘာသာဝင် အများစုဖြစ်ပြီး ကျန်နှစ်ရွာသည် ဗုဒ္ဓဘာသာ  အများစု ဖြစ်ကြသည်။

(နဘက်(ဘုရင်ဂျီ)ရွာက နေအိမ်တစ်အိမ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖဒူ ထွန်းအောင်)
(နဘက်(ဘုရင်ဂျီ)ရွာက နေအိမ်တစ်အိမ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖဒူ ထွန်းအောင်)

ပေါ်တူဂီမျိုးဆက် နဘက်ဒေသသို့ ရောက်ရှိခြင်း

အေဒီ ၁၅၀၀ ခုနှစ်ကျော်များတွင် ပေါ်တူဂီလူမျိုးတို့သည် အရှေ့ဘက် နိုင်ငံများသို့ ကုန်သည်လမ်းကြောင်း ရှာဖွေရင်း လမ်းသစ်ဖြစ်သော တရုတ်နိုင်ငံနှင့် ဂျပန်သို့ အသွားတွင် ရခိုင်ကမ်းခြေများသို့ ရောက်ရှိခဲ့ကြသည်။

၁၅၀၀ ခုနှစ်များမှ ၁၆၀၀ ခုနှစ် နှောင်းပိုင်းများတွင် ပေါ်တူဂီတို့သည် မျက်မှောက်ခေတ် မြန်မာနိုင်ငံရှိ ဘုရင့်နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ကြပြီဖြစ်သည်။ ကုန်သွယ်မှုလိုပင် ဘုရင်များနှင့် နယ်စားများထံတွင် စစ်မှုထမ်းခြင်း၊ အမြောက်လက်နက် ကိုင်တွယ်ပစ်ခတ်သူများအဖြစ် အမှုထမ်းခြင်း၊ ကိုယ်ရံတော်လုပ်ခြင်းတို့ ပါဝင်သည်။

ပေါ်တူဂီသားတစ်ချို့က သူတို့၏ မိသားစုဝင်များကိုလည်း ခေါ်ဆောင်လာတတ်သလို ဒေသခံများနှင့် အိမ်ထောင်ကျသူများလည်း ရှိခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပေါ်တူဂီမျိုးဆက်ဟုဆိုလျှင် ဖိလစ်ပီ ဒီဘရစ်တို ငဇင်ကာကို မေ့ထားလို့ မရပေ။ လူစွန့်စား ကြေးစားစစ်သည် ငဇင်ကာသည် ရခိုင်ဘုရင် မင်းရာဇာကြီးထံ မင်းမှုထမ်းခဲ့သည်။ ထို့နောက် သံလျင်စားဖြစ်လာကာ တောင်ငူကို တိုက်ခိုက်ပြီး နတ်သျှင်နောင်ကို မိဖုရားအခြွေအရံနှင့်အတူ သန်လျင်သို့ ခေါ်ဆောင်သွားခဲ့ကာ အနောက်ဖက်လွန်မင်းကို ပုန်ကန်ခဲ့သည်။

အမျက်ဒေါသထွက်နေသော အနောက်ဖက်လွန်မင်းက သန်လျင်ကို တိုက်ခိုက်ပြီး ငဇင်ကာနှင့် နတ်သျှင်နောင်တို့ကို ကွပ်မျက်မှုလုပ်ခဲ့ပြီးနောက် နောက်လိုက်နောက်ပါ ထောင်နှင့်ချီသော ပေါ်တူဂီတို့ကို အကျဉ်းသားအဖြစ် အင်းဝသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ်းခရီးသည် ၇၅ ရက် ကြာမြင့်ခဲ့သည်ဟု ပေါ်တူဂီတစ်ဦး ရေးသားခဲ့သော မြန်မာပြည် အမြောက်စစ်သည်တော်များ စာအုပ်တွင် ရေသားထားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ရွာပေါင်း ၁၃ ရွာခန့်တွင် ပေါ်တူဂီ အနွယ်များ နေထိုင်ကြပြီး နဘက် ဘုရင်ဂျီ ရွာတွင် အိမ်ထောင်စု ၁၃၅ စုရှိပြီး လူဦးရေ ၅၀၀ ကျော်ရှိသည်။  

(ခရစ်ယာန်ဘာသာဝင် နဘက်ဘုရင်ဂျီ ဒေသခံများသည် နဘက်ရွာမ ဘုန်းကြီးကျောင်းသို့ ဝင်ထွက်သွားမှုများ ရှိသကဲ့သို့ ရွာမဒေသခံများလည်း ခရစ်ယာန်ကျောင်းသို့ ဝင်ထွက်သွားလာမှုများရှိသည်။)

အနီးအနားရှိ ဒေသခံများနှင့် ဆက်ဆံရေးကောင်းသည့် ပေါ်တူဂီမျိုးဆက်များ

ဘုရင်ဂျီရွာ၏  ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှ လှမ်းကြည့်လျှင် နဘက်ရွာမရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို မြင်နိုင်ပြီး သုံးမိနစ်ခန့် လမ်းလျှောက်နိုင်သည့် အကွာအဝေးတွင် ရှိသည်။ ယင်းအပြင် နဘက် ရွာသစ်ကလည်း ကပ်လျက် ဖြစ်သည်။

ဘာသာမတူသူများ စုပေါင်းနေထိုင်ကြသော်လည်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ကြသည်။ 

 “တစ်ယောက်နဲ့ တစ်ယောက် မေတ္တာတရား ထားကြတာပေါ့။ မေတ္တာတရား ထားကြတော့ တည့်တာပေါ့။ နှစ်ပေါင်းများစွာရှိပြီ တစ်ခါမှ ပြဿနာမရှိဘူး ” ဟု ကျေးရွာ ရပ်မိရပ်ဖ ဦးသိန်းရွှေက  ပြုံးရွှင်ရွှင်ဖြင့် ပြောသည်။

ဘုရင်ဂျီကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က နှစ်စဉ်ကျင်းပနေကျဖြစ်သည့် ခရစ်ယာန်ကျောင်း ရဟန ္တာ၏ မွေးနေ့ကို အကြီးအကျယ် ကျင်းပကြသည်။ ယင်းပွဲတော်သို့ အနီးအနားရှိ ကျေးရွာများက ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်ဆင်နွဲကြသည်။

“ကျနော်တို့ ဒီဘုရင်ဂျီက လူတွေနဲ့ ကျန်တဲ့ရွာက လူတွေနဲ့ အိမ်ထောင်ကျတာတွေရှိတယ်။ အဲ့တော့ အဲဒီရွာတွေ သွားလာနေတာလည်းရှိတယ်။ အဲ့ဒီရွာတွေက လူတွေလည်း ကျနော်တို့ဘာသာက လူတွေနဲ့ အိမ်ထောင်ကျပြီး ဒီမှာ လာနေကြတာရှိတယ်။ အဲ့တော့ တစ်ရွာနဲ့တစ်ရွာ ဆက်စပ်နေသလို ဖြစ်သွားတာပေါ့” ဦးသိန်းရွှေက ရှင်းပြသည်။

နဘတ်ကျေးရွာတွင်ရှိသည် ရွှေတံခါးဘုရားပွဲတော် အတွက်လည်း ဘုရင်ဂျီရွာက ဦးသိန်းရွှေအပါအဝင် ဒေသခံနှစ်ဦးခန့်မှာလည်း ဂေါပကအဖွဲ့ဝင်များအဖြစ် ပါဝင်ကြပြီး ဘုရားပွဲဖြစ်မြောက်အောင် လုပ်ဆောင်ကြသည်ဟု ဒေသခံများက ဆိုသည်။

 “အနေနီးတော့ မိသားစုလို ဖြစ်သွားကြတာ” ဟု  ပရဟိတလုပ်ဆောင်နေသော နဘက်ရွာသား  ဦးမင်းမင်းကိုက  ရယ်ရယ်မောမော ပြောပြခဲ့သည်။

“ခရစ္စမတ်ပွဲဆိုရင်လည်း သူတို့ရွာထဲက လူတွေက ကျနော်တို့ရွာကို လာပြီးတော့ သီချင်းဆိုကြတယ်။ ကကြတယ်။ အကိုတို့ ဗုဒ္ဓဘာသာတွေကလည်း တန်ဆောင်တိုင်ပွဲ ၊သင်္ကြန်ပွဲဆိုရင်လည်း ခရစ်ယာန်တွေဆီ သွားပြီး အလှူခံတယ်။ တန်ဆောင်တိုင်ပွဲမှာဆိုရင်လည်း အကိုတို့ ကြက်သားချက်စားကြတယ်။ ခရစ်ယာန်တွေလည်း လာရောက်စားသောက်ကြတယ်” ဟု ဦမင်းမင်းကိုက ဆက်လက်ဆိုသည်။

 

(နဘက်(ဘုရင်ဂျီ)ရွာရှိ သံယောဟန် ဗတ္တစ္စတား ခရစ်ယာန်ဘုရားရှိခိုးကျောင်းသည် မြောင်မြို့နယ်တွင် သမိုင်းဝင်ထင်ရှားသည်။)

နာရေးကိစ္စရပ်များ၊ အလှူပွဲတော်များတွင် ဘုရင်ဂျီကျေးရွာမှ ဒေသခံများက ဝင်ရောက်ကူညီကြသည်။ ယင်းရွာတွင် ခရိယာန်ကျောင်းပွဲ နှစ်(၁၀၀)ပွဲတော် လုပ်ခဲ့စဉ်ကလည်း အနီးအနားရှိ ဗုဒ္ဓဘာသာဘုန်းကြီးများ ပင့်ဖိတ်ကာ ကထိန်ပွဲပြုလုပ်ခဲ့သည်။

“အကုန်လုံး ညီညီညွှတ်ညွှတ်ပါပဲ”ဟု နဘက်ရွာမကျောင်းထိုင်ဆရာတော် ဦးခမာဝုဒ  က မိန့်ကြားသည်။ 

လက်ရှိအချိန်မှာတော့ နဘက်(ဘုရင်ဂျီ)ကျေးရွာတွင် နှာခေါင်းရှည်ရှည်၊ ပြာလဲ့နေသည့် မျက်ဝန်းရှိသူ အနည်းငယ်ကိုသာ တွေ့ရသည်။

“အခု နှစ်လေးရာ ကျော်သွားပြီ။ (ပေါ်တူဂီတွေ) မဖြစ်နိုင်တော့ဘူးလေ။ မြန်မာလူမျိုးတွေ ဖြစ်သွားပြီလေ” ဟု အသက် ၈၇ အရွယ် ဒေါ်လှတင်က ရယ်မောရင်းပြောသည်။

ခရစ်ယာန်ဘာသာဝင် ပေါ်တူဂီမျိုးဆက်များသည် ဘုရင်ဂျီကျေးရွာတွင် တခြားဘာသာဝင်များနှင့် အေးဆေးစွာ နေထိုင်လျက်ရှိကြသည်။ နောင်နှစ်ပေါင်းများစွာလည်း အတူအကွ အေးချမ်းစွာ နေထိုင်ရန် မျှော်လင့်ချက် ကိုယ်စီရှိနေကြသည်။

ဖဒူ ထွန်းအောင်

Development Media Group

ဗီဒီယိုများ