- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြီးကို မဖြေရှင်းနိုင်လျှင် မကြာမီကာလအတွင်း ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာဖွယ်ရာ ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး တိုဟစ်ဟူစိန်က ပြောကြားလိုက်သည်။
21 Jun 2025

မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြီးကို မဖြေရှင်းနိုင်လျှင် မကြာမီကာလအတွင်း ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာဖွယ်ရာ ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး တိုဟစ်ဟူစိန်က ပြောကြားလိုက်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် "ဆင်းရဲမွဲတေမှု၊ ဖွံ့ဖြိုးရေးနိမ့်ကျမှုနှင့် ပဋိပက္ခတို့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် သက်ရောက်ပုံ" ခေါင်းစဉ်ဖြင့် ဇွန်လ ၁၉ ရက်နေ့က ကျင်းပသည့် ဆွေးနွေးပွဲ၌ တိုဟစ်ဟူစိန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ရဲ့ စာနာမှုဆိုင်ရာ ကူညီဆောင်ရွက်ချက်ကြောင့်ပဲ လူမှုစီးပွားနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်ချက်တွေ ရင်ဆိုင်နေရပြီဖြစ်သလို အခြေအနေက ခုချိန်မှာ လုံခြုံရေးအန္တရာယ် ရှိတဲ့ အထိ ရောက်လာပြီဖြစ်ပါတယ်" ဟု တိုဟစ်ဟူစိန်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သော ရှစ်နှစ်တာအတွင်း မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသည့် မွတ်ဆလင်ဒုက္ခသည် ၁.၂ သန်းကျော်ကို လက်ခံ စောင့်ရှောက်ထားခဲ့သည်ဟု သူကပြောသည်။ ယခုအခါ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် တစ်ကျော့ပြန် အလေးထား ဆောင်ရွက်ပေးကြရန်လည်း တိုဟစ်ဟူစိန်က တိုက်တွန်းပြောကြားသည်။
"ဒါဟာ တရားမျှတမှု တစ်ခုတည်း အတွက်သာမဟုတ်ဘဲ ဒေသတွင် မတည်ငြိမ်မှု ဖြစ်လာစေနိုင်တဲ့ အလားအလာကိုလည်း ကာကွယ်ရာရောက်မှာ ဖြစ်ပါတယ်" ဟု လုံခြုံရေးကောင်စီ ဆွေးနွေးပွဲ၌ သူကပြောကြားသည်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့များသည် အာရက္ခတပ်တော်ကို တိုက်ခိုက်ရန်အတွက် လူသစ်စုဆောင်းနေသလို စစ်သင်တန်းပေးမှုများလည်း ရှိနေသည်ဟု နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG) က ဇွန်လ ၁၈ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ လက်နက်ကိုင် အဖွဲ့များသည် ဒုက္ခသည်စခန်းများ အတွင်း၌ ဗိုလ်ကျစိုးမိုးမှုများလည်း ရှိနေသဖြင့် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များအနေဖြင့် ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်သင့်သည်ဟုပါ အစီရင်ခံစာ၌ တိုက်တွန်းထားသည်။