- UWSA ဒေသတွင် မြေရှားသတ္တုတူးဖော်မှု သံလွင်နှင့် မဲခေါင်းမြစ်ဝှမ်းအထိ ဆိုးကျိုးသက်ရောက်နိုင်
- နွေဦးတော်လှန်ရေး ဦးဆောင်မှုကဏ္ဍတွင် အမျိုးသမီးပါဝင်ခွင့် အားနည်းနေသေး
- မွတ်ဆလင်ဒုက္ခသည် အကျပ်အတည်းကြောင့် လုံခြုံရေးအန္တရာယ်သစ် ပေါ်လာမည့်အလားလာရှိဟု ဘင်္ဂလားဒေ့ရှ်က ကုလတွင် သတိပေး
- ကျောက်ဖြူ-ရန်ကုန် ခရီးသွားများ စစ်ကောင်စီဌာနများနှင့် ပွဲစားများမှ ပူးပေါင်းချယ်လှယ်မှုကို ခံနေရ
- သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲ အရှိန်မြင့်တက်
UWSA ဒေသတွင် မြေရှားသတ္တုတူးဖော်မှု သံလွင်နှင့် မဲခေါင်းမြစ်ဝှမ်းအထိ ဆိုးကျိုးသက်ရောက်နိုင်
'ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ မိုင်းပေါက်ဒေသမှ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်များသည် သံလွင်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းအထိ ဆိုးကျိုးသက်ရောက်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ လေ့လာချက်အရ သိရသည်။
23 Jun 2025

DMG ၊ ဇွန် ၂၃
'ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ မိုင်းပေါက်ဒေသမှ မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်များသည် သံလွင်မြစ်နှင့် မဲခေါင်မြစ်ဝှမ်းအထိ ဆိုးကျိုးသက်ရောက်လာနိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ လေ့လာချက်အရ သိရသည်။
မြေရှားသတ္တုတွင်းများသည် ရှမ်းပြည်၏ အဓိက မြစ်ဝှမ်းနှစ်ခုဖြစ်သည့် သံလွင်မြစ်နှင့် မဲခေါင်မြစ်ဝှမ်း ကြားတွင်ရှိပြီး ယင်းသတ္တုတွင်းများမှ စီးဆင်းလာသော ညစ်ညမ်းရေများမှာ မြစ်ထဲသို့စီးဆင်နေကြောင်း ပြီးခဲ့သည့်ဇွန်လ ၁၉ ရက်က ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မိုင်းပေါက်ဒေသတွင် ၂၀၁၅ ခုနှစ်က မြေရှားသတ္တုတွင်း ၃ ခုသာ ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သတ္တုတွင်း ၂၆ ခုထက်မနည်း တိုးလာခဲ့ပြီး ယင်းဒေသရှိ ဒေသခံများ၊ သဘာဝပတ်ဝန်းကျင်၊ ဂေဟစနစ်နှင့် သက်ရှိများအပေါ် ဘေးထွက်ဆိုးကျိုးကြီးမားစေသဖြင့် စိုးရိမ်ရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က DMG ကို ပြောသည်။
"သံလွင်မြစ်ဆိုတာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး မြစ်ဖြစ်တယ်။ ဒီမြစ်က ရှမ်းပြည်တစ်ခုတည်း မဟုတ်ဘူး။ မြစ်ထဲကို စီးဝင်သွားတဲ့ ရေဆိုးတွေအကုန်လုံးကို စီးဆင်းသွားနိုင်တယ်။ ရှမ်းပြည်တစ်ခုတည်း မဟုတ်ဘဲ မြစ်အောက်ဘက်မှာရှိတဲ့ တခြားတိုင်းရင်းသားပြည်သူတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုပဲ မဲခေါင်မြစ်၊ နိုင်ငံတကာမြစ်ပေါ့နော်။ အဲဒီမြစ်မှာ ထိုင်းဘက်က လေ့လာတွေ့ရှိချက်အရဆိုရင် ရေထဲမှာ အာဆင်းနစ် အဆိပ်သင့်နေပြီလို့ပြောတယ်" ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လျန်းဟန်က ပြောသည်။
မြေရှားသတ္တုတူးဖော်ရာတွင် အမိုနီယမ်ဆာလဖိတ် (Ammonium Sulfate)၊ အောက်ဆဲလစ်အက်ဆစ် (Oxalic Acid) စသည့်ဓာတုပစ္စည်းများ သုံးစွဲရသည်။ ဓာတုပစ္စည်များကြောင့် မြေအောက်ရေကိုပါ အဆိပ်သင့်စေပြီး သက်ရှိများအတွက် ချောင်းဆိုးခြင်း၊ ထုံကျဉ်ခြင်း၊ အရိုးပွခြင်း၊ အရေပြားနှင့် ကျောက်ကပ်ရောဂါ စသည့်အန္တရာယ်များဖြစ်စေကြောင်း သိရသည်။
အဆိုပါ မြေရှားသတ္တုတွင်းများကို မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တရုတ်နိုင်ငံက အဓိက တူးဖော်နေခြင်းဖြစ်ပြီး အာဏာပိုင်များအနေဖြင့် ခွင့်ပြုချက်များကို တားမြစ်ရန် လိုအပ်နေခြင်းလည်း ဖြစ်သည်။
"ကျမတို့ နောင်လာမယ့် မျိုးဆက်တွေအတွက် သန့်ရှင်းတဲ့ရေ၊ သန့်ရှင်းတဲ့မြေကို ချန်ထားဖို့အတွက်၊ နောက်တစ်ခုက ကိုယ့်ပြည်သူတွေ အကျိုးမရှိဘဲနဲ့ တရုတ်နိုင်ငံကသာ အကျိုးဖြစ်စေတဲ့ ဒီမြေရှား တူးဖော်မှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်ပေါ့နော်" ဟု လျန်းဟန်က ပြောသည်။
မြေရှားသတ္တုသည် လျှပ်စစ်ကား၊ ဖုန်း၊ ကွန်ပျူတာ စသည့်ခေတ်သစ်နည်းပညာ ထုတ်ကုန်များအတွက် အရေးကြီးကုန်ကြမ်းဖြစ်ပြီး သတ္တု၏ အမျိုးအစား၊ အရေအသွေးပေါ်မူတည်၍ လက်ရှိ ကမ္ဘာ့ဈေးကွက်တွင် တစ်ကီလိုဂရမ်ကို ဒေါ်လာ ၄၀၀ မှ ဒေါ်လာ ၂,၀၀၀ ခန့်အထိရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံသို့ မြေရှားသတ္တုတင်ပို့မှုပမာဏမှာ ၂၀၂၁ ခုက တန်ချိန် ၂၀,၀၀၀ (နှစ်သောင်း)ခန့် ရှိခဲ့ပြီး ၂၀၂၃ ခုတွင် တန်ချိန် ၄၀,၀၀၀ (လေးသောင်း)ကျော်အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံတကာအဖွဲ့ဖြစ်သော သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness က ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။