ကျောက်ဖြူ-ရန်ကုန် ခရီးသွားများ စစ်ကောင်စီဌာနများနှင့် ပွဲစားများမှ ပူးပေါင်းချယ်လှယ်မှုကို ခံနေရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ရန်ကုန်သို့သွားရောက်မည့် ခရီးသည်များမှာ လေယာဉ်လက်မှတ် ဝယ်ယူရရှိရန်အတွက် စစ်ကောင်စီဌာနများနှင့် ပွဲစားများ၏ ပူးပေါင်းချယ်လှယ်မှုကို ခံနေကြရကြောင်း DMG က စုံစမ်းသိရှိရသည်။

By Admin 21 Jun 2025

ပုံစာ - ကျောက်ဖြူလေဆိပ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။
ပုံစာ - ကျောက်ဖြူလေဆိပ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။

DMG ၊ ဇွန် ၂၁

ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ရန်ကုန်သို့သွားရောက်မည့် ခရီးသည်များမှာ လေယာဉ်လက်မှတ် ဝယ်ယူရရှိရန်အတွက် စစ်ကောင်စီဌာနများနှင့် ပွဲစားများ၏ ပူးပေါင်းချယ်လှယ်မှုကို ခံနေကြရကြောင်း DMG က စုံစမ်းသိရှိရသည်။

ကျောက်ဖြူမှ ရန်ကုန်သို့သွားမည့် ခရီးသည်များမှာ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်အထောက်အထားတို့ဖြင့် ခရီးသွားလာခွင့် ခွင့်ပြုမိန့်ရရှိရန် ကျောက်ဖြူမြို့နယ်ထွေ/အုပ်ရုံးတွင် ကနဦးတင်ပြကြရသည်။

ထိုသို့ ခရီးသွားလာခွင့် ခွင့်ပြုမိန့်ကို ရရှိရန်မှာ ရက်ပေါင်းများစွာ ကြာမြင့်တတ်ပြီး ပွဲစားလမ်းကြောင်းမှတစ်ဆင့် သွားပါက ၃ ရက်အတွင်း ခွင့်ပြုမိန့်ကိုရရှိနိုင်ကာ ယင်းအတွက်ပွဲစားခမှာ ငွေကျပ်နှစ်သိန်းအထိ ပေါက်ဈေးရှိနေသည်။

ခရီးသည်များအနေဖြင့် ခရီးသွားလာခွင့်ရရှိပါက လေယာဉ်လက်မှတ် ဝယ်ယူရရှိနိုင်ရန်အတွက်လည်း ပွဲစားများကို ချဉ်းကပ်ကြရသည်။

ကျောက်ဖြူ-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင့်လျှင် ပုံမှန်ဈေးနှုန်းမှာ ငွေကျပ် ၅၅၀,၀၀၀ (ငါးသိန်းငါးသောင်း) နှုန်းထားရှိသည်။ အဆိုပါလေယာဉ်လက်မှတ်ကို စောလျင်စွာ ဝယ်ယူရရှိနိုင်ရန်အတွက် ပွဲစားခအဖြစ် ငွေကျပ်နှစ်သိန်း ထပ်မံပေးဆောင်ကြရသည်။

"ပွဲစားနဲ့ ဆောင်ရွက်တာမျိုး မဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် ကြိုးစားလို့ကတော့ ဘယ်တော့မှ ရမှာမဟုတ်ဘူး" ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ခရီးသွားလာခွင့်ရသော်လည်း ပွဲစားများနှင့်ချိတ်ဆက်ပြီး လေယာဉ်လက်မှတ် မဝယ်ယူနိုင်သည့် ခရီးသည်များမှာ လဝက်ခန့်ကြာသည်အထိ လေယာဉ်လက်မှတ် မရနိုင်ဘဲ ကျောက်ဖြူမြို့တွင် သောင်တင်နေကြရကြောင်း DMG က စုံစမ်းသိရှိရပြီး အရေအတွက်အတိအကျကို မသိရပေ။‌

ကျောက်ဖြူမှ ရန်ကုန်သို့သွားမည့် ခရီးသည်တစ်ဦးလျှင် ခရီးသွားခွင့်ပြုချက်ရရှိရန် ပွဲစားခ ငွေကျပ် နှစ်သိန်းနှင့်အထက်၊ လေယာဉ်လက်မှတ် ဝယ်ယူရရှိရန် ပွဲစားခ ငွေကျပ်နှစ်သိန်းနှင့် လေယာဉ်လက်မှတ်ခ ငွေကျပ်ငါးသိန်းခွဲ စုစုပေါင်းကုန်ကျငွေ ဆယ်သိန်းခန့်ရှိသည်။

"ပိုက်ဆံမလောက်လို့ မိသားစုတွေဆီမှာ ပိုက်ဆံ ထပ်မှာထားတယ်။ ရန်ကုန်ကိုသွားဖို့ အဲလောက်ထိ ပိုက်ဆံကုန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး" ဟု ရန်ကုန်သို့သွားရန် ကျောက်ဖြူမြို့တွင် သောင်တင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ဧပြီလမှစတင်ကာ ကျောက်ဖြူမြို့မှ ရန်ကုန်သို့သွားရောက်မည့် သူများကို စစ်ကောင်စီ၏ ကျောက်ဖြူမြို့နယ်ထွေ/အုပ်အပါအဝင် လ.ဝ.က၊ ရဲတပ်ဖွဲ့တို့က တင်းကျပ်စွာစစ်ဆေးမှုနှင့်အတူ လေယာဉ်လက်မှတ် ရောင်းချမှုများကိုပါ ချုပ်ကိုင်ထားခဲ့သည်။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ ခရီးသွားလာခွင့် ရရှိရန်နှင့် လေယာဉ်လက်မှတ် ဝယ်ယူရရှိနိုင်ရန်အတွက် ပွဲစားများမှာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပေါင်းပြီး ခရီးသည်များကို ချယ်လှယ်နေကြခြင်းဖြစ်သည်။ မြို့နယ်ထွေ/အုပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် နီးစပ်သူများမှာ ပွဲစားများအဖြစ် လုပ်ကိုင်နေကြခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်အနှံ့မှ ဒေသခံများမှာ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကြောင့် ကျောက်ဖြူမြို့မှတစ်ဆင့် ရန်ကုန်သို့ သွားရောက်နေကြရပြီး တစ်ရက်လျှင် အနည်းဆုံး လူဦးရေ ၂၀၀ ခန့် ထွက်ခွာနေကြောင်း DMG မှ စုံစမ်းသိရှိရသည်။

"လေကြောင်းက တစ်ရက်ကို အနည်းဆုံး သုံးကြိမ်လောက်ပျံသန်းတယ်။ လေယာဉ်တစ်စီးမှာ လူဦးရေ ၅၀ ကနေ ၇၀ ကြား ဆံ့တယ်ဆိုတော့ တစ်ရက်ကိုထွက်ခွာနှုန်း ၂၀၀ လောက်တော့ရှိမယ်" ဟု ကျောက်ဖြူလေဆိပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရခိုင်က နယ်မြေအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် ULA/AA ကလည်း အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP)အရ စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များအား ရခိုင်ပြည် ပြင်ပသို့ထွက်ခွာခွင့်ကို လက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေသည့် အရေးပေါ်ကာလထိ တားမြစ်ကြောင်း မေလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကျောက်ဖြူမြို့မှ ၆ မိုင်ခန့်အကွာရှိ အမှတ် (၃၂) ရဲတပ်ရင်းအနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး မြို့ပေါ်နှင့် ၃ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တို့ကိုလည်း AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိသည်။

ကျောက်ဖြူတိုက်ပွဲမှာ မြို့နှင့်တဖြည်းဖြည်းနီးကပ်လာနေသဖြင့် စစ်ကောင်စီသည် မြို့ပေါ်လုံခြုံရေးကို တင်းကျပ်ကာ ရှောင်တခင်စစ်ဆေးမှုများ အပါအဝင် နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများကိုပါ တင်းကျပ်စွာ လုပ်ဆောင်နေသည်။