မြောက်ဦးမြို့မှာ ကွယ်တဲ့လ

“ဒီကိစ္စကို ပျက်ကွက်ရမလား ဆိုပြီးတော့ ဘာတစ်ခုမှမပါဘဲနဲ့ ဆန္ဒပြဖို့ တောင်းကြပါတယ်။ ပြည်သူတွေ အားလုံးပါပါတယ်။ ရန်ငြိုးရန်စနဲ့ သွားတာ မဟုတ်ပါဘူး။ ဒေါက်တာအေးမောင် ဟောပြောရေး ဒို့အရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်” 

By နေဝင်းစံ 09 Feb 2019

Written by - နေဝင်းစံ / DMG

ဖေဖေါ်ဝါရီလ ၄ ရက်နေ့သည် “ပြာသိုလကွယ်နေ့” ဖြစ်ကြောင်း ပြက္ခဒိန်ပေါ်တွင် အမဲရောင်စက်ဝိုင်းဖြင့် ခြယ်သကာ အသိပေးထားလေသည်။

ယခုနှစ်တွင် ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာ မြောက်ဦးမြို့၌ နှစ်စဉ်ကျင်းပနေကျဖြစ်သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးနေ့ ဝမ်းနည်းဖွယ် အထိမ်းအမှတ်ပွဲတော်များ ကျင်းပရန် သတင်းစကား တစ်စုံတစ်ရာ မကြားမိချေ။

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ပြာသိုလကွယ်နေ့တွင် မြောက်ဦးမြို့၌ လူထုနှင့် နယ်မြေခံ ရဲတပ်ဖွဲ့အကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် ပြည်သူလူထု၏သွေးများ မြေခခဲ့ကြရသည်။ ထိုနေ့က အဖြစ်အပျက်ကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် အားထုတ်နေသည့် မြောက်ဦးမြို့ကိုလည်း အရုပ်ဆိုး အကျည်းတန်စေခဲ့ပေသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်(ပြာသိုလကွယ်)နေ့တွင် မြောက်ဦးမြို့၌ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းဖြစ်စဉ်အတွင်း အရပ်သားပြည်သူ ၇ ဦး သေဆုံးခဲ့သည်။ ၁၂ ဦးမှာ ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတက်ရောက်ပြီး ဆေးကုသမှုခံယူခဲ့ရသည်။

မြောက်ဦးအဓိကရုဏ်း ဘယ်ကစခဲ့တာလဲ

နန်းတော်ရာကုန်းတွင် ကျင်းပမည့် ဟောပြောပွဲအား အစိုးရက ကျင်းပခွင့် မပြုခြင်းကြောင့် လူထုက မကျေနပ်ဘဲ ဆန္ဒဖော်ထုတ်ရာမှ ယခုကဲ့သို့ အဓိကရုဏ်း စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(၂၂၃)နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျရှုံးခြင်း အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက သံဃာတော်များဖြင့် တရားပွဲ ကျင်းပခဲ့သည်။

ညနေပိုင်းတွင် ကျင်းပရန်စီစဉ်ထားသည့် ဟောပြောပွဲအား မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြိမ်းစုစီဥပဒေဖြင့် ခွင့်ပြုမိန့် တင်ခိုင်းသည့်အတွက် ၎င်းဥပဒေအရ ၄၈ နာရီ ကြိုတင်ရမည်ဖြစ်သောကြောင့် ပွဲကို ဖျက်သိမ်းလိုက်ရသည်ဟု ဆိုကြသည်။

အဆိုပါ ဟောပြောပွဲသို့ နားထောင်ရန် လာရောက်ကြသည့် မြောက်ဦးမြို့နယ်တဝှမ်းမှ လူထုသည် ပွဲကျင်းပခွင့် မပြုသည့်အတွက် ဟောပြောပွဲ ပျက်သွားရသည်ကို မခံမရပ်နိုင်ဖြစ်ကာ ဆန္ဒပြတောင်းဆိုရန် ဆုံးဖြတ်လိုက်ကြတော့သည်။

“ဒီကိစ္စကို ပျက်ကွက်ရမလား ဆိုပြီးတော့ ဘာတစ်ခုမှမပါဘဲနဲ့ ဆန္ဒပြဖို့ တောင်းကြပါတယ်။ ပြည်သူတွေ အားလုံးပါပါတယ်။ ရန်ငြိုးရန်စနဲ့ သွားတာ မဟုတ်ပါဘူး။ ဒေါက်တာအေးမောင် ဟောပြောရေး ဒို့အရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့ကြပါတယ်” ဟု ဆန္ဒပြရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် အသက် ၂၅ နှစ်အရွယ် မိန်းကလေးတစ်ဦးက ပြောသည်။

မြောက်ဦးမြို့ ဟောပြောပွဲတွင် ဒေါက်တာအေးမောင်လည်း တက်ရောက် ဟောပြောမည်ဟု ပွဲမကျင်းပမီ တစ်ပတ်ခန့်က မြို့အနှံ့တွင် ဗီနိုင်း၊ ကြော်ငြာများဖြင့် ပွဲကျင်းပရေးကေ်ာမတီက အသိပေးခဲ့သည်။ ဒေါက်တာအေးမောင်က “ရခိုင်တို့ရဲ့ အနာဂတ်” ခေါင်းစဉ်ဖြင့် ဟောပြောရန်  ပြင်ဆင်ထားခဲ့သည်။

တစ်နေ့တည်းတွင် တိမ်ညိုကျေးရွာတွင်လည်း မြောက်ဦးကဲ့သို့ ဟောပြောပွဲကျင်းပရန် ပြင်ဆင်ထားပြီး မြောက်ဦးထက် အချိန်စော၍ ပွဲကျင်းပခဲ့သည်။

ဒေါက်တာအေးမောင်သည် တိမ်ညိုပွဲသို့ သွားရောက်ခဲ့သော်လည်း စင်ပေါ်တက်ရောက် ဟောပြောခဲ့ခြင်း မရှိခဲ့ပေ။ မြောက်ဦးပွဲမှာလည်း ခွင့်ပြုချက်မရ၍ ပွဲကိုဖျက်သိမ်းလိုက်သည်ဟု ကြားသိရ၍ တိမ်ညိုမှ စစ်တွေသို့ လှည့်ပြန်ခဲ့ကြောင်း  ၎င်းကပြောသည်။

မြောက်ဦးအဓိကရုဏ်း အဖြစ်အပျက်

ဟောပြောပွဲကို ဖျက်သိမ်းလိုက်ရခြင်းကြောင့် ပွဲတက်ရောက်လာသည့် ပြည်သူများမှာ နန်းတော်ရာကုန်းနေရာမှ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မြောက်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တို့ကို သွားရောက်ပြီး ဟောပြောပွဲကျင်းပခွင့် ရရှိရေးအတွက် တောင်းဆိုခဲ့ကြသည်။

“သူတို့တွေက ပထမဆုံး အရင် သေနတ်နဲ့ပစ်ပါတယ်။ ဘယ်နားကပစ်မှန်း သမီးတို့မသိဘူး။ အသံကိုပဲ ကြားရတယ်။ သမီးတို့ကို ပစ်ရမလားဆိုပြီး သမီးတို့က ခဲနဲ့ပစ်လိုက်ပါတယ်။ ပစ်တဲ့အချိန်မှာ သူတို့က ငါ့ကိုပစ်ရမလားဆိုပြီး သေနတ်တွေနဲ့ အများကြီးပစ်ပါတယ် သမီးတို့ကို။ သမီးတို့ရှေ့က အစ်ကိုတွေ သေဆုံးပါတယ်” ဟု လူစုလူဝေးတွင် ပါဝင်ခဲ့သည့် မိန်းကလေးက ပြောသည်။

ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ် လူစုခွဲရာတွင် လူစုလူဝေးထဲမှ ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုသို့သေဆုံးသွားသည့် အလောင်းများအား ယူဆောင်ခွင့် မရကြကြောင်း၊ နာရေးကားခေါ်ရာတွင်လည်း နာရေးကား မဝင်ရသည့်အတွက် သေသည့်အလောင်းများအား ရဲတပ်ဖွဲ့၏လက်ထဲတွင် ထားခဲ့ရကြောင်း အဆိုပါမိန်းကလေးက ပြောပြသည်။

“ဒူးမှာ သေနတ်ထိသွားတဲ့သူက မထနိုင်တော့လို့ အဲ့ဒီနေရာမှာ ဝပ်နေပါတယ်။ သမီးတို့ ယူခွင့်မရလို့ မယူတဲ့အခါ သူတို့က ခြေကို တစ်ဘက်တစ်ယောက်ကိုင်ပါတယ်။ မြေမှာ အခေါင်းကိုချပြီး ဆွဲသွားပါတယ်” ဟု ၎င်းမိန်းကလေးက ဆိုသည်။

မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်အတွင်း သေဆုံးသွားသူ ၇ ဦးမှာ မောင်ကျော်သိန်းစိုး (၁၅)နှစ်၊ မောင်ကျော်သန်း (၁၆)နှစ်၊ မောင်သန်း မောင်(၁၈)နှစ်၊ မောင်ဆန်းချေ (၂၁)နှစ်၊ မောင်ကျော်နိုင်ဝင်း (၂၃)နှစ်၊ ဦးညီညီကျော် (၃၁)နှစ်နှင့် ဦးအောင် နိုင်လင်း (၃၅)နှစ်တို့ဖြစ်သည်။

ရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နှင်းရေး ဥပဒေအတိုင်း သွားခဲ့သလား

မြောက်ဦးဖြစ်စဉ်တွင် ရဲတပ်ဖွဲ့က အဓိကရုဏ်း နှိမ်နှင်းရေးလက်စွဲ ဥပဒေအရ လည်းကောင်း၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရလည်းကောင်း ကျည်စစ်ကျည်မှန်များဖြင့် လူစုလူဝေးကို ဖြိုခွဲခဲ့ခြင်းဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြောဆိုခဲ့သည်။

အဓိကရုဏ်း နှိမ်နှင်းရေးဥပဒေတွင် ပြည်သူက လူစုလူဝေးနှင့် ဆန္ဒဖော်ထုတ်လာသည့်အခါ စပီကာ အသံချဲ့စက်ဖြင့် အသိပေးခြင်း၊ မီးသတ်ကားဖြင့် ရေပက်ပြီး လူစုကွဲအောင်လုပ်ခြင်း၊ လူအုပ်စုကွဲအောင် ခြောက်လှန့်ပြီး အချက်ပေးသေနတ်ဖြင့် လူစုခွဲခြင်း၊ မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲခြင်း၊ ရာဘာကျည်ဖြင့် ပစ်ခတ်ပြီး လူစုခွဲခြင်းစသည့် လုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ဆောင်ရမည်ဟု ပါရှိသည်။

“ရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ် နှင်းတဲ့ပုံစံ အဆင့်ဆင့်အတိုင်း မဆောင်ရွက်ခဲ့ဘူး” ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဝေဖန်သည်။

သေဆုံးသူများထဲတွင် နဖူး၊ ရင်အုံ၊ ခါးအောက်၊ ဒူး စသည့် နေရာများတွင်ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ လူစုလူဝေးအတွင်း ပါဝင်ခဲ့သူများမှ သေဆုံးသူများတွင် မသေသင့်သည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ ထုထောင်းရိုက်နှက်မှုများ ရှိခဲ့သည်ဟု သံသယဝင်နေကြသည်။

“ဆန္ဒထုတ်ဖော်တဲ့လူတွေကို မသေမချင်း ထုထောင်းရိုက်နှက်တယ် ဆိုတာ မဖြစ်သင့်ဘူး။ ဒီတော့ ထုထောင်းရိုက်နှက်တဲ့ ပုံစံမျိုးကနေပြီးတော့ ဒဏ်ရာတွေရပြီး သေဆုံးသွားတဲ့ ကလေးတွေကိုလည်း တွေ့ရတယ်။ ဒီဟာသည် တရားဥပဒေကို လက်လွတ်စပယ် ပြုလုပ်တာသာဖြစ်တယ်လို့ ပြောချင်တယ်” ဟု ဦးထွန်းသာစိန်က ဆိုသည်။

အဓိကရုဏ်းနောက်ဝယ်

မြောက်ဦးအဓိကရုဏ်း ဖြစ်ပြီးနောက်တွင် ဒဏ်ရာရရှိခဲ့သူ ၁၂ ဦးမှာ ဆေးကုသမှုခံယူခဲ့ရပြီး ဒဏ်ရာပြင်းထန်သူ ၈ ဦးအား စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူကာ ကျန် ၄ ဦးအား မြောက်ဦးဆေးရုံတွင်ပင် ဆေးကုသခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၈ ဦးအား ပြည်သူပိုင်ပစ္စည်း ကာကာကွယ်ရေး အက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အစိုးရက တရားစွဲဆိုခဲ့သည်။ ၎င်းတို့ ၈ ဦးသည် စစ်တွေအကျဉ်းထောင်တွင်းမှ ၈ လကျော်ကြာ အမှုရင်ဆိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ စွဲချက်တင်သည့်အခါ အပြစ်ရှိကြောင်း ဝန်ခံခဲ့သည့်အတွက် ထောင်ဒဏ် ၈ လ ချမှတ်ကာ ချုပ်ရက်ကို ထုတ်နှုတ်ခံစားခွင့်ရခဲ့သည်။

သို့သော် မြောက်ဦးလူငယ် ၈ ဦးကို လွတ်မပေးခဲ့ဘဲ ယင်းနေ့ ညနေ ၇ နာရီအချိန်တွင် နောက်ထပ် အမှုတစ်ခုဖြစ်သော နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆ ဖြင့် ချုပ်ရမန်ထပ်ယူလိုက်သည်။

၎င်းတို့အား မြောက်ဦးမြို့နယ် တရားရုံးမှ တရားစွဲဆိုရန် မသင့်ဟုဆိုကာ စက်တင်ဘာလ ၂၄ ရက်နေ့က အာမခံဖြင့် လွှတ်ပေးလိုက်သည်။ ထိုလူငယ် ၈ ဦးအား ပုဒ်မ ၃၃၃၊ ၃၃၂ တို့ဖြင့်လည်း စွဲဆိုရန် တင်ထားသေးကြောင်း သိရသည်။

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော် စုံစမ်းလေ့လာရေးအဖွဲ့မှ လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကာ လေ့လာတွေ့ရှိချက် အစီရင်ခံစာအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ ပို့ထားပြီဖြစ်ကြောင်း သိရသည်။

ပြည်သူများ၏ ဝေဖန်မှု

မြောက်ဦးဖြစ်စဉ်အား စုံစမ်းသည့်အခါ ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် အစိုးရဌာနမှ သီးသန့်မဟုတ်သည့် ပြင်ပပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရန် အရပ်ဖက်အဖွဲ့အစည်းများမှ သတင်းစာရှင်းလင်းပွဲအတွင်း တောင်းဆိုခဲ့ကြသည်။

အဓိကရုဏ်းဖြစ်စဉ်တွင် ဥပဒေချိုးဖောက်မှုဖြင့် အရပ်သားပြည်သူ ၈ ဦးအား ဥပဒေအရ အရေးယူခဲ့ပြီး အရပ်သားပြည်သူ ၇ ဦး သေဆုံးမှုအတွက် ယနေ့ထိတိုင် တစ်စုံတစ်ရာ အရေးယူမှု မရှိသေးသည့်အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

သေဆုံးသွားသူ ၇ ဦးထဲတွင် ထုထောင်းရိုက်နှက်သည့် ဒဏ်ရာများဖြင့် သေဆုံးသည့် ကလေးများ တွေ့ရပြီး အဓိကရုဏ်းနှိမ်နှင်းသည့် ရဲတပ်ဖွဲ့မှ ဥပဒေချိုးဖောက်ရာ ကျရောက်ရောက်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“တစ်ဖက်ကို အရေးယူမှုရှိသလို တစ်ခြားတစ်ဖက်ကိုကျတော့ ဒီနေ့ထက်တိုင် အရေးယူတာကို မတွေ့ရသေးဘူးပေါ့နော်။ ဒီအတွက် တရားဥပဒေဟာ တစ်ဖက်စောင်းနင်း သွားနေတယ်လို့ပဲ ပြောချင်တယ်” ဟု ဦးထွန်းသာစိန်က ဆိုသည်။

အစိုးရ တုန့်ပြန်မှု

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးဆောင်လှုံ့ဆော်သူများနှင့် ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကာ အရပ်သား ၇ ဦး သေဆုံးခဲ့မှုအတွက် သက်ဆိုင်ရာ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂ /၂၀၁၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုရှိ၊ မရှိကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြောဆိုခဲ့သည်။

လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် တောင်းဆိုမှုသည် ပြည်နယ်အစိုးရတွင် လုပ်ပိုင်ခွင့် မရှိသည့်အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆိုမည်ဟု ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောခဲ့သည်။

“ဒီဖြစ်စဉ်ကြီးကို အကောင်းဆုံးဖြစ်အောင် ဖော်ထုတ်ပြီးတော့ နောင်အနာဂတ်အတွက်၊ နောင်အကျိုးဆက်တွေကို ပြည်သူတွေအတွက်၊ နိုင်ငံ့အတွက် အကျိုးရှိရှိနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နိုင်ရင်တော့ ဆုံးရှုံးမှုထဲကနေပြီးတော့ အမြတ်ထွက်ရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးညီပု က ပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ကတိစကား

“ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ဖြစ်ပျက်သမျှ အရာအားလုံးဟာ ကျနော့်အပေါ်မှာ တာဝန်ရှိပါတယ်။ တာဝန်ရှိတယ်၊ တာဝန်ယူတယ်၊ တာဝန်ခံတယ်။ တာဝန်ကျေအောင်လည်း အတတ်နိုင်ဆုံး ကျနော်ကြိုးစားပြီးတော့ လုပ်သွားဖို့ရှိပါတယ်။ အဲဒီအတွက်လည်းပဲ ကျနော် ကတိပြုပြီးတော့ ဆောင်ရွက်သွားပါမယ့်” ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တာဝန်မကျေမှု၊ ပျက်ကွက်မှု၊ မှားယွင်းမှုများ ရှိခဲ့ပါကလည်း အရေးယူခံရန် အဆင်သင့်ဖြစ်ကြောင်းလည်း ၎င်းက သတင်းစာရှင်းလင်းပွဲအပြီးတွင် ပြောခဲ့ သည်။

“အခုထက်တိုင် အဲဒီကတိ အကောင်အထည် မဖော်သေးဘူးပေါ့လေ။ အကောင်အထည် မဖော်တာဟာ ရခိုင်ပြည်နယ်အစိုးရ၏ အားနည်းချက်လို့ပဲ ပြောချင်တယ်” မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

မြောက်ဦးပဋိပက္ခ ဖြစ်စဉ်အတွင်း မြောက်ဦးလူထုအနေဖြင့် အကြောက်တရားနှင့်အတူ မခံမရပ်နိုင်ဘဲ ဒေါသပေါက်ကွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြသည်။ သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၇ ဦးတို့အတွက် လာမည့် “ပြာသိုလကွယ်” ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ဆုတောင်းပေးမည့်သူများ ရှိလာလိမ့်မည်ဟု မျှော်လင့်ရပေသည်။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၂) တွင်လည်း ဖတ်ရှုနိုင်သည်။

ဗီဒီယိုများ