ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေတဲ့ သေနတ်သမားတွေ

ဘင်္ဂါလီကိစ္စတွေ၊ တိုက်ပွဲကိစ္စတွေနဲ့ နပန်းလုံးနေရတဲ့ ရခိုင်ပြည်နယ်ဟာ အခုဆိုရင် ပြည်နယ်အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့ပေါ်မှာတောင် လုံခြုံရေးအခြေအနေဟာ တစ်နေ့တစ်ခြား ဆိုးရွာလာနေတယ်လို့ ဆိုနိုင်သလို ပြည်သူတွေဟာလည်း စိုးရိမ်မှုတွေ အပြည့်နဲ့ သွားသတိ၊ လာသတိ အမြဲထားပြီး နေနေရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေပါတယ်။ ဒီထက်ပိုဆိုးလာတာကတော့ အိမ်အထိလာရောက် ပစ်သတ်မှုတွေ ဖြစ်လာတဲ့နောက်ပိုင်းမှာ လူတွေက ပိုပြီးတော့ ကြောက်လန့်လာကြပါတယ်။

By ကျောက်ဖြူ အောင်ဒိုး 13 Feb 2019

Written by - ကျောက်ဖြူ အောင်ဒိုး / DMG

စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဖွင့်လှစ်ထားတဲ့ ညဈေးရောင်းပွဲတော်ရဲ့ အရောင်စုံ မီးရောင်များအောက်က မုန့်မျိုးစုံရောင်းတဲ့ ဆိုင်တွေ၊ ဈေးဆိုင်တန်းတွေမှာ ဈေးဝယ်သူတွေနဲ့ စည်ကားနေပါတယ်။ မြူးမြူးကြွကြွ တေးသီချင်းတွေ ဖွင့်ထားတဲ့ ကလေးကစားကွင်းတွေမှာလည်း ကလေးတွေ ကခုန်ကစားနေကြပါတယ်။

ညဈေးရောင်းပွဲတော်ကို လာရောက်လည်ပတ်နေကြတဲ့ သူတွေလည်း  ရယ်မောပျော်ရွှင်ကာ လှုပ်ရှားသွားလာ နေကြပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့အားလုံးရဲ့ ပျော်ရွှင်မှုတွေကို “ဒိုင်း”ဆိုတဲ့ အသံတစ်သံက အဆုံးသတ်ပေးလိုက်ပါတယ်။ အဲ့ဒီအသံကတော့ ဈေးပွဲတော်အတွင်းမှာရှိတဲ့ ကုက္ကိုလ်ပင်အောက်မှာ လူတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတာကနေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ က စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က တပ်ကြပ်ဝင်းထိုက် (ခေါ်) ဖိုးလုံးဟာ သူရဲ့ မိသားစုနဲ့အတူ ဈေးပွဲတော်ကို လာရင်း ဈေးပွဲတော်က အပြန်မှာ အမည်မသိ သေနတ်သမား တစ်ဦးက ဖိုးလုံးကို အနီးကပ် လုပ်ကြံလိုက်တာကြောင့် သေနတ်ဒဏ်ရာနဲ့ ဆေးရုံမရောက်ခင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ သီချင်းသံတွေလည်း မကြားရတော့သလို ပွဲကို ရောက်ရှိနေတဲ့ လူတွေလည်း ချက်ချင်းဆိုသလို ကိုယ့်အိမ်ကိုယ် ပြန်သွားကြပြီး ဈေးပွဲတော်ဟာလည်း တိတ်ဆိတ်သွားခဲ့ပါတယ်။

ဖိုးလုံးကို လုပ်ကြံလိုက်တဲ့ သေနတ်သမားဟာ ဘယ်သူမှန်း မသိလိုက်ကြပါဘူး။ ဖိုးလုံးသေဆုံးမှုနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ရဲစခန်းသို့ခေါ် ယူစစ်ဆေးကြတာတွေရှိပေမယ့် ဖိုးလုံးကို သတ်သွားတဲ့သူဟာ ဘယ်သူလဲ ဆိုတာကိုတော့ အခုအချိန်ထိ  မသိရသေးပါဘူး။

အိမ်ထဲဝင်ပစ်တဲ့ သေနတ်သမား

လူသူ ထူထပ်နေတဲ့နေရာမှာ စရဖတပ်က တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံး သေနတ်နဲ့ ပစ်သတ်ခံရမှုဖြစ်စဉ်ဟာ ရခိုင်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးမှု အတိုင်းအတာကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီလို သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ကြောင့် ပြည်သူလူထုဟာ စိုးရိမ်စိတ်တွေ ဖြစ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၊ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်ကို အမည်မသိ သေနတ်သမားတစ်ဦးက အိမ်ထဲအထိ ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် အသက်ရှုံးဆုံးခဲ့ရပါတယ်။

အဲ့ဒီဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့မှာလည်း မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက ဦးမောင်အေးသိန်းကို အမည်မသိ လူတစ်ယောက်က အိမ်ထဲဝင်ရောက်ပြီး သေနတ်နဲ့ အနီးကပ် ပစ်သတ်လိုက်တာကြောင့် ရင်ဘတ်နှင့် ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာ ၅ ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

သေနတ်သမားတွေက ဘယ်သူလဲ

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုတိုက်ပွဲတွေ ဖြစ်ပွားနေစဉ် ရက္ခိုင့်တပ်မတော်(AA)က ရဲအရာရှိတချို့နဲ့ အရပ်သားတချို့ကို ကျည်ဆံတစ်တောင့်နဲ့ အတူ ခြိမ်းခြောက်စာတွေ ပေးပို့လာပါတယ်။

ရက္ခိုင့်တပ်မတော် (AA) ရဲ့ ပထမဆုံး ခြိမ်းခြောက်စာ ပေးပို့ခံရသူကတော့ ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာ နယ်မြေရဲစခန်းက စခန်းမှူး ဒုရဲအုပ် သျှစ်ရှားအောင်နဲ့ ဒေသခံနှစ်ဦးတို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ သတိပေးခံရတာ ဖြစ်ပါတယ်။

အလားတူ ဇန်နဝါရီလ ၆ ရက်နေ့မှာလည်း မြောက်ဦးမြို့နယ်၊ တိမ်ညိုစခန်းမှူး ရဲအုပ်ကျော်ကျော်လှ ကို သတိပေးခြိမ်းခြောက်စာ ပေးပို့ခဲ့ပြန်ပါတယ်။

အဲဒီ သတိပေးစာမှာတော့ ရခိုင်ပြည်နယ်အတွင်း အမျိုးသားရေး လုပ်ငန်းတာဝန်များနှင့် AA/ULA က ချမှတ်ထားတဲ့ လမ်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသူတွေ ကို တစ်စုံတစ်ရာ အနှောင့်အယှက် မပေးဖို့နဲ့၊ အနှောင့်အယှက်ပေးမယ်ဆိုရင် လက်တုန့်ပြန်သွားမယ်လို့ ပါရှိပါတယ်။ ဒါပေမယ့်  သတိပေးခံရသူတွေကတော့ တစ်စုံတစ်ရာ ထိခိုက်မှုများ မရှိသေးတာကို တွေ့ရပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်နေ့က ပန်းမြောင်းဒေသခံ ဦးမောင်အေးသိန်း ပစ်သတ်ခံရမှုဖြစ်စဉ်မှာ ဖေ့ဘွတ်ခ် လူမှုကွန်ရက်သုံးစွဲသူ တစ်ချို့ကတော့ သူဟာ ရက္ခိုင့်တပ်မတော်(AA)ရဲ့ သတိပေးခြိမ်းခြောက်စာ ပေးပို့ခံထားရသူဖြစ်ပြီး အဲဒီလို ပေးပို့ခံရပြီးနောက် အသတ်ခံရတာလို့ စွပ်စွဲရေးသားမှုတွေ ရှိလာပါတယ်။

ဒါပေမယ့် ရက္ခိုင့်တပ်မတော်(AA) ကတော့ သူ့ကို ခြိမ်းခြောက်စာ မပေးပို့ဖူးတဲ့အပြင် သတ်လည်း မသတ်ခဲ့ဘူးလို့ တုန့်ပြန်ပြောဆိုပါတယ်။

“ကျနော်တို့ဘက်က စာပို့ထားခြင်း မရှိပါ။ ဒီဟာက လုပ်ကြံတာပါ” လို့ ရက္ခိုင့်တပ်မတော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကတော့  သူတို့ကို ဘယ်သူသတ်တာလဲဆိုတာ  အခုချိန်ထိ စုံစမ်းလို့ မရသေးပါဘူး။

“ပစ်သတ်တယ် ဆိုကတည်းက တရားခံက ရှိနေပြီးသားလေ။ ဒါကို ဖော်ထုတ်ပေးရမှာက တပ်မတော်ရဲ့ တာဝန် မဟုတ်သလို ပြည်သူတွေရဲ့ တာဝန်လည်း မဟုတ်ဘူး။ ဒါက အစိုးရက ဦးဆောင်ပြီး ဖော်ထုတ်ပေးရမှာ ဖြစ်တယ်။ အခုအချိန်ထိ မဖော်ထုတ်နိုင်သေးတာကတော့ အုပ်ချုပ်တဲ့ အစိုးရရဲ့ အားနည်းချက်ဖြစ်တယ်” လို့ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှူး ကိုထွန်းကြည် က ဝေဖန်ပါတယ်။

အခုလို အသတ်ခံရမှုဖြစ်စဉ်တွေ ပေါ်ပေါက်နေတာဟာ ဒေသလုံခြုံမှု မရှိဘူးဆိုတာကို ပြသနေတယ်လို့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ထောက်ပြပါတယ်။

“အကြောင်းမဲ့သက်သက် အသတ်ခံနေရတဲ့ကိစ္စဟာ သေနတ်တွေ အလွန်တရာ ပေါများနေတယ်။ ဒီသေနတ်တွေဟာ ဘယ်သူ့ဆီမှာ ရှိနေတာလဲ။ ဘယ်ကလာတာလဲ။ ကျည်ဆံတွေ ဘယ်က လာတာလဲ”လို့ မေးခွန်းထုတ်လိုက်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သတ်ပြီး ရခိုင်ပြည်နယ်ရဲမှူးကြီး ကြည်လင်းကို DMG က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီရက်ပိုင်းမှာ အလုပ်များနေတာကြောင့် မဖြေနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ခြားဖြေနိုင်မယ့် သူကို ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ လူကိုယ်တိုင် သွားရောက်စုံစမ်းခဲ့ပေမယ့် ဖြေကြားပေးမယ့်သူ တစ်စုံတစ်ယောက်မှ မရှိပါဘူး။ သတင်းအချက်အလက် ရရှိဖို့အတွက်  DMG က ၃ ရက်အထိ စောင့်ဆိုင်းခဲ့ပေမယ့်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိခဲ့ပါဘူး။

“ရခိုင်ပြည်မှာ အခုလို လုပ်ကြံမှုတွေက အရင်ကတည်းက တွေ့ရတယ်။ အခုဟာ ပိုဆိုးလာတာက အိမ်ပေါ်မှာ ထိုင်နေတာကို လုပ်ကြံလာတယ်ဆိုတော့ ရခိုင်ပြည်မှာ တရားဥပဒေစိုးမိုးမှု နည်းတာကို တွေ့ရတယ်။ နောက်ပြီး လုပ်ကြံခံရမှုတွေမှာ တရားခံတွေ မပေါ်ဘူး။ ဒါဟာ အကြမ်းဖက်မှုတွေ ရခိုင်ပြည်နယ်ထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာတယ်လို့ မြင်ပါတယ်။ အသက်အိုးအိမ်လုံခြုံမှု မရှိလို့လည်း ခံစားရပါတယ်။ သက်ဆိုင်ရာကလည်း တရားခံကို ဖော်ထုတ်ပေးဖို့ လိုပါတယ်” လို့  ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောပါတယ်။

ဒေသခံပြည်သူတွေ လုံခြုံမှုမရှိ

ဒီလို သေနတ်သမားတွေရဲ့ လုပ်ကြံခံရမှုတွေကြောင့် အရပ်သားများ သေဆုံးနေမှု ဖြစ်စဉ်တွေကြောင့် ပြည်သူတွေရဲ့ စိုးရိမ်မှုဟာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေပါတယ်။

“အခုဖြစ်ပျက်နေတဲ့ လူသတ်မှုတွေကိုကြည့်ရင် မင်းမဲ့စရိုက် ဆန်နေသလားလို့တောင် ပြောလို့ရတယ်။ တရားဥပဒေစိုးမိုးရေး နည်းလာတယ်လို့ မြင်တယ်။ ရှင်းရှင်းပြောရရင်တော့ ကိုလိုနီခေတ်ကို ပြန်ရောက်သွားသလို ခံစားရတယ်” လို့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက  ပြောပါတယ်။

အခုလို လူပုံအလယ်မှာ ပစ်သတ်ခံရတာတွေ၊ အိမ်အထိလာပြီး ပစ်သတ်တာတွေဟာ တကယ်တော့ လုံး၀ မဖြစ်သင့်တဲ့ အရာတစ်ခုဖြစ်တယ်။ နိုင်ငံသား တစ်ယောက်တိုင်းစီရဲ့ လုံခြုံရေးဟာ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတာကြောင့်  ပြည်သူတွေရဲ့ လုံခြုံမှုကို မပေးနိုင်ဘူးဆိုတာကတော့ အစိုးရရဲ့ ညံ့ဖျင်းမှုကြာင့် ဖြစ်တယ်လို့လည်း ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိ

လက်ရှိရခိုင်ပြည်ရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ မသေချာ မရေရာသလို ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေဟာလည်း ရှေ့က ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ကြည့်ခြင်း အားဖြင့် စိုးရိမ်စရာကောင်းတယ်လို့ ပြည်သူတစ်ချို့က DMG ကို ပြောကြပါတယ်။

ဘင်္ဂါလီကိစ္စတွေ၊ တိုက်ပွဲကိစ္စတွေနဲ့ နပန်းလုံးနေရတဲ့ ရခိုင်ပြည်နယ်ဟာ အခုဆိုရင် ပြည်နယ်အစိုးရ ရုံးစိုက်ရာ စစ်တွေမြို့ပေါ်မှာတောင် လုံခြုံရေးအခြေအနေဟာ တစ်နေ့တစ်ခြား ဆိုးရွာလာနေတယ်လို့ ဆိုနိုင်သလို ပြည်သူတွေဟာလည်း စိုးရိမ်မှုတွေ အပြည့်နဲ့ သွားသတိ၊ လာသတိ အမြဲထားပြီး နေနေရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိနေပါတယ်။ ဒီထက်ပိုဆိုးလာတာကတော့ အိမ်အထိလာရောက် ပစ်သတ်မှုတွေ ဖြစ်လာတဲ့နောက်ပိုင်းမှာ လူတွေက ပိုပြီးတော့ ကြောက်လန့်လာကြပါတယ်။

ရခိုင်ပြည်ရဲ့ လုံခြုံရေးနဲ့တရား ဥပဒေစိုးမိုးရေးအပိုင်းကို တာဝန်ယူနေရတဲ့ ပြည်နယ်အစိုးရဟာလည်း ဒီကိစ္စတွေအပေါ် လုပ်ဆောင်ချက်တွေ အားနည်းနေသလို ပြည်နယ်အစိုးရ ကိုယ်တိုင်တောင် မလုံခြုံတော့ဘဲ လုပ်ကြံခံနေရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က မြောက်ဦးမြို့အနီးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဒေသန္တရလုပ် အဝေးထိန်းမိုင်းသုံးလုံးနဲ့ တစ်ပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်အပါအဝင် ခရီးစဉ်မှာ လိုက်ပါလာတဲ့ လူတွေကတော့ တစ်စုံတစ်ရာ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်

ရခိုင်ပြည်နယ် တရားဥပဒေစိုးမိုးမှု ရှိဖို့အတွက် သေနတ်နဲ့ ပစ်သတ်ခဲ့သူတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူသင့်ပြီး နောက်နောင် ဒီလိုဖြစ်စဉ်တွေ မပေါ်ပေါက်အောင်၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံအောင် ပြည်နယ်အစိုးရအနေနဲ့ သတိ ပြုလုပ်ဆောင်ဖို့ အရေးကြီးပါတယ်။

“အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်ရမယ်။ တကယ်လို့ ကာကွယ်မပေးနိုင်ဘူး ဆိုရင်တော့ အဲ့ဒီ အစိုးရဟာ အသုံးမကျတဲ့ အစိုးတစ်ရ တစ်ရပ်သာ ဖြစ်တယ်။ ဒီမိုကရေစီ အစိုးရလို့ ပြောထားပြီး ပြည်သူလူထုအတွက် အားကိုးမရဘူးဆိုရင် အဲ့ဒီအစိုးရဟာ ပြည်သူတွေ အယုံအကြည် ကင်းမဲ့တဲ့ အစိုးရတစ်ရပ်လို့ပဲ မြင်တယ်” လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။

ကျောက်ဖြူ အောင်ဒိုး

ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၂) တွင်လည်း ဖတ်ရှုနိုင်သည်။

ဗီဒီယိုများ