သံဇစ်မြစ်ရဲ့ ငိုရှိုက်သံ

‘‘အဲဒီအရောင်တွေ ငါးဖမ်းပိုက်တွေကို စွန်းထင်းသွားတော့ တစ်ကြိမ် နှစ်ကြိမ်ဆေးကြောလို့တောင် ပျောက်မသွားဘူး။ အဲဒီအရောင် စွန်းထင်းသွားတဲ့အတွက် ငါးဖမ်းပိုက်က အနံ့တော်တော်ထွက်တယ်။ ရက်ပေါင်း (၂၀)လောက်ရှိပြီ  ပိုက်မှာ ခုတောင် အရောင်မပျောက်သေးဘူး။ ဒီလမှာတော့ ပုဇွန်တွေအများအပြားရတယ်ဆိုပေမယ့် နောက်လတွေမှာ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး’’

By ကျော်ဝင်း (ကျောက်ဖြူ) 07 Sep 2018

ကျော်ဝင်း ( ကျောက်ဖြူ )ရေးသားသည်။

  ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ကျောက်ဖြူ သံဇစ်မြစ်မှာ ရေနံပါဝင်မှုလို့ ယူဆရတဲ့ ရေထုအမဲ ရောင် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဒေသခံတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ် လာခဲ့ပါတယ်။ ၎င်းရေနမူနာကိုယူကာ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ဓါတ်ခွဲခန်းတွင် စမ်းသပ်ခဲ့ရာမှာ ရေညစ်ညမ်းမှု အလွန်မြင့်မားနေပြီး လူနှင့်ရေသတ္တဝါများ အန္တရာယ်ရှိနိုင်တဲ့ စံနှုန်း သတ်မှတ်ချက်ထက် ကျော်နေတာကို တွေ့ရှိကြောင်း ဓါတ်ခွဲခန်းရလဒ်ကို သြဂုတ်လ (၁၇)ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရဘက်နဲ့ တရုတ်ကုမ္ပဏီဘက်က ဆီငွေ့သန်းခြင်း၊ အနံ့ရခြင်းမရှိသောကြောင့် ရေနံမဖြစ်နိုင် ကြောင်း ပင်လယ်အောက်ခြေတွင် တစ်ခုခုဖြစ်နေနိုင်ခြင်းကြောင့် ရေနံပါဝင်မှုမရှိပါဘူး၊ ပြည်နယ် ဓာတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် တရုတ်စီမံကိန်းနဲ့ ပတ်သက်မှုရှိနိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ဒီအဖြစ်အပျက်ဟာ သံဇစ်မြစ်မှ အချက်ပေး ခေါင်းလောင်းခေါက်လိုက်သလို ဒေသခံရေလုပ်သား များ၏ အသက်မွေးဝမ်းကြောင်းနဲ့ လုပ်ကိုင်စားသောက်မှုကို ခြိမ်းခြောက်လိုက်တာလည်း ဖြစ်ပါတယ်။

ကုလားနဲ့ ငါးကို နောင်အခါ အရုပ်ဆွဲပြရမယ်လို့ ရခိုင် စကားပုံတစ်ခုရှိပါတယ်။ လူသားတွေ လောဘ ကြောင့် ငါးတွေကို စည်းကမ်းမဲ့ ဖမ်းဆီး ရောင်းဝယ်မှုဖြစ်လာရင် ငါးမျိုးစိတ်တွေ ပျောက်ကွယ်သွား နိုင်တယ်။ နောင်တစ်ချိန်မှာ ငါးမမြင်ဖူးသူတွေကို ငါးဆိုတာ ဘယ်လို ပုံသဏ္ဍာန်မျိုးဖြစ်တယ်ဆိုတာ အရုပ်ဆွဲပြရမယ်လို့ ရှေးပညာရှိတွေက ဆင်ခြင်နိုင်အောင် သတိပေးထားပြီး စကားပုံတစ်ခု ထားရစ်ခဲ့ တာလည်း ဖြစ်ပါတယ်။ ကုလားနဲ့ငါး စကားပုံ ဆိုပေမယ့် ဒီနေရာမှာ ကုလားနဲ့ပတ်သက်ပြီး အဓိက ထား ဖော်ပြလိုခြင်းမဟုတ်၍ ချန်လှပ်ထားခဲ့မှာ ဖြစ်ပါတယ်။

ယင်းစကားပုံနဲ့ ဆက်စပ်ပြီး ရခိုင်ဒေသခံတွေကြားမှာလည်း မကြာသေးမီနှစ်များအတွင်းက လူအများ စု ခန့်မှန်းခဲ့ကြတာ တစ်ခုရှိပါတယ်။  ရေနံတင်ဆိပ်ကမ်းမှ အညစ်အကြေးများ၊ စွန့်ပစ်ပစ္စည်းများ ဖြစ် ပေါ်လာရင် ရခိုင်ပြည်နယ်မှာ ငါးရှားပါးလာလိမ့်မယ်လို့ လူပြောများခဲ့ပါတယ်။ ရေနံသင်္ဘော တစ်ကြိမ် ဝင်လျှင် ရေနံဆီနှစ်စက်ခန့်မျှသာ ရေထဲကိုကျလာမည်ဆိုရင်တောင် (၅)နှစ်လောက်ကြာရင် ပင်လယ် ပြင် ညစ်ညမ်းနိုင်ပြီး ငါးမျိုးစိတ်များ ရှားပါးလာနိုင်တယ်လို့ ဒေသခံများကြားမှာ ခန့်မှန်းကြပါတယ်။

၂၀၁၇ခုနှစ်၊ ဧပြီလ(၉)ရက်နေ့က ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်း တရုတ်ရေနံတင်ဆိပ်ကမ်းတွင် တူရကီနိုင်ငံ CEYHAN ဆိပ်ကမ်းမှ MT UNITED DYNAMIC  အမည်ရှိ တရုတ်ရေနံတင်သင်္ဘော ရေနံစိမ်း တန်ချိန် (၁၅၀၀၀၀)ကို တင်ဆောင်လာပြီး ပထမဆုံးအကြိမ် စတင်ဆိုက်ကပ်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်၊ သြဂုတ်လအထိ ရေနံတင်သင်္ဘော (၄၆)စီးအထိ ရှိပြီးဖြစ်တယ်လို့ဆိုပါတယ်။ အစပိုင်း တွင် ရေနံစိမ်းတန်ချိန် (၁၅၀၀၀၀) ဝန်းကျင်ခန့် တင်ဆောင်သော သင်္ဘောများသာ ဝင်ရောက်ခဲ့ပေ မယ့် နောက်ပိုင်းတွင် ရေနံစိမ်းတန်(၂၇၀၀၀၀)ခန့်ရှိ သင်္ဘောများ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ရေနံတင်သင်္ဘောဝင်ရောက်ပြီး တစ်နှစ်ကျော်ကြာလာတဲ့အခါမှာတော့ ရခိုင့်စကားပုံနဲ့ ဒေသခံများ၏ ရေနံတင်ဆိပ်ကမ်းကြောင့် မြစ်ချောင်း၊ ပင်လယ်ပြင် ရေထုညစ်ညမ်းပြီး သားငါးရှားပါလာမည့် ခန့်မှန်း ပြောဆိုချက်မှာ တကယ်ပဲ မှန်ကန်လာနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်း ရေနက်ဆိပ်ကမ်းအထက်ပိုင်း ရေနံဆီအရောင်ဖြစ်ပေါ်နေသော မြစ်ချောင်းရေများမှာ ရေနံတင်သင်္ဘော ရေနံကန်များကို ဆေးကြောပြီး မသန့်ရှင်းတဲ့ရေများကို  မြစ်ထဲသို့ စွန့်ပစ်တာကြောင့် အမဲရောင် ရေအရောင်ဖြစ်နေတာလို့ ဒေသခံတွေကြားမှာ ယူဆနေကြပါတယ်။

ရေအရောင်ပြောင်းမှုဖြစ်ပေါ်နေသော နေရာသို့ ကျောက်ဖြူဒေသခံအချို့ ဇူလိုင်(၂၇)ရက်နေ့က သွား ရောက် ကြည့်ရှုခဲ့ကြသည်။ ထိုနေရာမှ ရေနမူနာကို ရေသန့်ပုလင်းဖြင့် ခပ်ယူလာပြီး ခဏအကြာတွင် ရေအနည်ထိုင်သွားပြီး တစ်ညအကြာတွင် ရေမှာအပုပ်နံ့ထွက်ကြောင်း သိရသည်။

ထိုသတင်းနှင့် စပ်လျဉ်းပြီး ဇူလိုင်(၂၈)ရက်နေ့တွင်  ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ၊ အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ သစ်တောအရာရှိ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စား လှယ်၊ SEAOP ကုမ္ပဏီမှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ မဒဲကျွန်းဆိပ်ကမ်း၏ ရေဆန်ဘက် (၅) မိုင်ခွဲခန့်အကွာ ပန်းတောင်းကွေးမြစ်ပြင်သို့ရောက်ချိန် ရေအရောင်သည် အခြားနေ ရာများနှင့်မတူဘဲ ကွဲပြားလျက်ရှိသောကြောင့် ကြည့်ရှုစစ်ဆေးရာ ဆီငွေ့သန်းခြင်း၊ အနံ့ရခြင်းမရှိ သောကြောင့် ရေနံမဖြစ်နိုင်ကြောင်း ပင်လယ်အောက်ခြေတွင် တစ်ခုခုဖြစ်နေနိုင်ခြင်းကြောင့် ရေနမူနာ အား ပြည်နယ်ဓာတ်ခွဲခန်းသို့ ပို့၍ စစ်ဆေးမည်ဖြစ်ကြောင်း  စွမ်းအင်ဝန်ကြီးဌာန ဖေ့စ်ဘုတ်တွင် ဖော်ပြခဲ့သည်။ ပြည်နယ်ဓာတ်ခွဲခန်းမှ ရရှိတဲ့ အဖြေရလဒ်ကိုတော့ တစ်လနီးပါး ကြာလာပေမယ့် မသိရသေးပါ။

ပြီးခဲ့တဲ့လတုန်းက စစ်တွေတက္ကသိုလ်ကလည်း ကျောက်ဖြူ သံဇစ်မြစ်က ရေနမူနာကိုယူပြီး ဓာတ်ခွဲ စမ်းသပ်နေတယ်လို့ သတင်းကြားခဲ့ပေမယ့် ရလဒ်ထွက်လာတာကိုတော့ မကြားရသေးပါ။

နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန(ရုံးချုပ်)တွင် သြဂုတ်လ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မဒဲကျွန်းမြစ် ညစ်ညမ်းရေတွင် ဆီငွေ့သန်းခြင်း၊ ဆီအနံများမရှိသည့်အ တွက် ရေနံပါဝင်မှုမရှိကြောင်း ထိုရေများ ညစ်ညမ်းနေမှုမှာ ရေစီးအရှိန်ပြင်းထန်မှုကြောင့် ရေအောက် ကြမ်းပြင်နှင့် ကျောက်ဆောင်များကြားတွင် တွယ်ကပ်နေသည့် ရေမှော်များနှင့် နုန်းအမှိုက်များ ရေပြင် ပေါ်သို့ ပေါ်လာခြင်းဖြစ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်မှ ပြောဆိုခဲ့ပါတယ်။

ကျောက်ဖြူ သံဇစ်မြစ်မှ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော မြစ်ပြင်အရောင် ပြောင်းလဲမှုကြောင့် ရခိုင်ပြည်သူ တွေကြားမှာ စိုးရိမ်တစ်ကြီးဖြစ်လာကြပါတယ်။ ကုမ္ပဏီ၏ တာဝန်ယူမှု တာဝန်ခံမှုကို ပကတိအခြေ အနေက ဖော်ပြလိုက်တာဖြစ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှု အားနည်းသည့် ပုံစံနဲ့ ရှေ့ဆက်သွား မယ်ဆိုရင် အားနည်းချက် လိုအပ်ချက် အများအပြားရှိနေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် အပါအ ဝင် စီမံကိန်းကြီးများအပေါ် ဒေသခံများ၏ စိုးရိမ်ပူပန်မှုမှာ လျော့မသွားသည့်အပြင် ပိုတိုးလာစေမှာ ဖြစ်ပါတယ်။

ကျောက်ဖြူ လူမှုအဖွဲ့အစည်းများက သြဂုတ်လ( ၃ )ရက်တွင် ထပ်မံ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရရှိလာ သော ရေနမူနာကို ရန်ကုန်မြို့ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဓါတ်ခွဲခန်းတွင် စမ်းသပ် စစ်ဆေးရန် ပေးပို့ခဲ့ပါတယ်။

သြဂုတ်လ(၁၇)ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအနောက်မြောက်ဘက်၊ သံဇစ်မြစ်ရေ ကို စမ်းသပ်စစ်ဆေးခဲ့ရာ ရေညစ်ညမ်းမှု အလွန်မြင့်မားနေပြီး လူနှင့်ရေ သတ္တဝါများ အန္တရာယ်ရှိနိုင်သော စံနှုန်းသတ်မှတ်ချက်ထက် ကျော်နေသည်ကိုတွေ့ရှိကြောင်း ဓါတ်ခွဲခန်း ရလဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။

စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ထုတ်ပြန်ချက် မှာ သိသိသာသာ ကွဲလွဲနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကျောက်ဖြူ လူမှုအဖွဲ့အစည်းများမှ ပေးပို့လာသော ရေနမူနာ၏ ရူပ၊ ဓာတုဂုဏ် သတ္တိ ၁၆မျိုးကို စမ်း သပ် စစ်ဆေးခဲ့ရာ သတ်မှတ်စံနှုန်းထက် ခဲဓါတ်မှာ ၁၀ ဆ၊ ဖီနောဓါတ်မှာ ၂၆ ဆ များနေသည့်ကိုတွေ့ ရှိရသည်။ အဆိုပါဒေသ၌ ၂ မိုင်အကျယ်ခန့်ရှိ မဲညစ်နေသောရေပြင်ကို တွေ့ရှိရသည့်အတွက် ဒေသခံ များစိုးရိမ်မှု မြင့်မားလာပြီးနောက် သြဂုတ်လ ၃ရက်တွင် ကွင်းဆင်းစစ်ဆေးရာမှ ရရှိလာ သောရေနမူ နာကို ရန်ကုန်မြို့ စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးခဲ့ တာ ဖြစ်ပါတယ်။

ခဲဓါတ် (Lead) ကို သဘာဝကျောက်ဆောင် ကျောက်သားများကွဲအက်ခြင်း၊ သဘာဝတွင်းထွက်များ လောင်ကျွမ်းခြင်းတို့မှတွေ့ရှိနိုင်သည်။ ထို့အပြင်  ရေနံ နှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်ခြင်း၊ ဓါတ်ဆီ၊ ဒီဇယ်ထုတ်လုပ် ရာ တွင် Leaded Gasolineထုတ်လုပ်ကြခြင်း၊ သတ္တုတူးဖော်ခြင်း၊ သင်္ဘောဆေးစက် ရုံနှင့် အခြားစက်မှုလက်မှုလုပ်ငန်း အမျိုးမျိုးတို့ကြောင့်လည်း ခဲဓါတ်ညစ်ညမ်းမှုဖြစ်ပေါ်စေနိုင်သည်။ ဖီနောဓါတ်သည် ကျောက်မီးသွေး၊ ကတ္တရာနှင့် ရေနံတို့မှထွက်ရှိသော ဓါတ်ပေါင်းဖြစ်ခြင်းကြောင့် ၎င်းတို့နှင့် ဆိုင်သောလုပ်ငန်းများမှာလည်း ဖီနောဓါတ်ကြွင်းများ ထွက်ရှိနိုင်သည်။ ထို့အပြင် ပိုးသတ် ဆေးစက်ရုံများ၊ ပလတ်စတစ်စက်ရုံများ၊ ဆပ်ပြာစက်ရုံများ၊ ဆေးဝါးစက်ရုံများတွင် ဖိနော ဓါတ်ပစ္စည်း ကို အသုံးပြုကြသည်။ သို့ဖြစ်၍ လက်ရှိဖြစ်ပေါ်နေသော ရေ ညစ်ညမ်းမှုမှာ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်မှုရှိ၊မရှိ ဆက်လက်စုံစမ်း ပြုလုပ်သင့်ကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အကြံပြုထားပါတယ်။

ကျောက်ဖြူမြို့နယ်ရှိ သံဇစ် မြစ်ရေများ ညစ်ညမ်းမှုနှင့် အရောင်ပြောင်းလဲမှုမှာ မြေပုံမြို့နယ်နှင့် အမ်း မြို့နယ်အထိ ပျံနှံ့ခဲ့ပြီး ရခိုင်လူထုအကြားတွင် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ သံဇစ်မြစ်နဲ့ ပတ်ဝန်း ကျင် မြစ်ချောင်းများမှာ လုပ်ကိုင်နေတဲ့ ရေလုပ်သားများမှာလည်း စိုးရိမ်မှုတွေ တိုးပွားလာနေပါတယ်။ ယင်းဖြစ်ရပ်ကြောင့် ကျောက်ဖြူမြို့နယ် သာမက ရခိုင်ပြည်နယ်တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိလာ နိုင်ပါတယ်။

ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ ရခိုင်ပြည်နယ်ရဲ့ အဓိကစီးပွားရေးဖြစ်သလို အသက်သွေးကြော လည်းဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၃)ရက်နေ့ကတည်းက ရေနံသင်္ဘောကြီးတွေဝင်ရောက် နိုင်ဖို့အတွက် လမ်းကြောင်းရှင်းသည့်အနေဖြင့် သံဇစ်မြစ်တစ်လျှောက် ကျောက်ဖြူမြို့အောက်ဘက် ကနေ မဒဲကျွန်းထိ အနံ မီတာ ၃၀၀ အတွင်း ငါးမဖမ်းရန် တားမြစ်ခဲ့ပါတယ်။ ၎င်းနေရာတွင် ငါးဖမ်းဆီး ခွင့် ပိတ်ပင်ထားခြင်းမှာ ရေနံစိမ်းတင်သင်္ဘောများ ဝင်ထွက်သွားလာရန်နှင့် ငါးဖမ်းသမားများအပေါ် အန္တရာယ် တစ်စုံတစ်ခုမဖြစ်စေရန်လို့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ယင်းတားမြစ်ချက်ကြောင့် ငါးဖမ်းသမား အများအပြားမှာလည်း လုပ်ကွက်ပျောက်ဆုံးပြီး များစွာ ထိခိုက်နစ်နာခဲ့ရပါတယ်။

ကုမ္ပဏီဘက်ကလည်း ဆုံးရှုံးနစ်နာသည့် ရေလုပ်သားများကို တာဝန်ယူဖြေရှင်းမှု တစ်ခုမှ မလုပ်ခဲ့တာ ကို တွေ့ရပါတယ်။ ယခုတစ်ကြိမ် သံဇစ် မြစ်ရေများ ညစ်ညမ်းမှုနှင့် ရေထုအရောင်ပြောင်းလဲမှု ထပ်မံကြုံတွေ့လာရတာကတော့ ရေလုပ်သားများအပေါ် တစ်ပူပေါ် နှစ်ပူဆင့် တာလို့ ပြောရမှာဖြစ်ပါတယ်။

သံဇစ်မြစ်မှာ ရေအရောင်ပြောင်းလဲမှု ဖြစ်ပေါ်လာနောက် မဒဲကျွန်းတဝိုက်နဲ့ ပန်းတောင်းကွေးမြစ်တဝိုက် ငါးဖမ်းသမားများကို သွားရောက် လေ့လာမေးမြန်းခဲ့ရာ မကြုံစဖူး ပုဇွန်အများအပြား ရရှိကြတယ်လို့ ဆိုကြပါတယ်။ ငါးရရှိမှုမှာ ပုံမှန်လို့ဆိုရပေမယ့် ဂဏန်းထောင်သူအများစုမှာ ဂဏန်းရရှိမှု လုံး၀ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ငါးဖမ်းပိုက်တွေမှာလည်း ရေနံချေးရည်လို အရောင်စွန်းထင်းမှု ဖြစ်ပေါ်ခဲ့တယ်လို့ဆိုပါတယ်။

‘‘အဲဒီအရောင်တွေ ငါးဖမ်းပိုက်တွေကို စွန်းထင်းသွားတော့ တစ်ကြိမ် နှစ်ကြိမ်ဆေးကြောလို့တောင် ပျောက်မသွားဘူး။ အဲဒီအရောင် စွန်းထင်းသွားတဲ့အတွက် ငါးဖမ်းပိုက်က အနံ့တော်တော်ထွက်တယ်။ ရက်ပေါင်း (၂၀)လောက်ရှိပြီ  ပိုက်မှာ ခုတောင် အရောင်မပျောက်သေးဘူး။ ဒီလမှာတော့ ပုဇွန်တွေအများအပြားရတယ်ဆိုပေမယ့် နောက်လတွေမှာ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး’’ဟု ပန်းတောင်းကွေးမြစ်တွင် နေထိုင်ပြီး ငါးဖမ်းနေသူ တစ်ဦးကပြောသည်။

သံဇစ်မြစ်မှာ ရေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် ပုံမှန်မဟုတ်သော ပုဇွန်တွေရရှိမှု များပြားခဲ့ခြင်းမှာ အဆိပ်သင့်၍ ထွက်ပြေးနေကြတာကြောင့် ဖြစ်နိုင်ခြေရှိပြီး နောက်လတွေမှာ ငါးပုဇွန်ရရှိမှု ကျဆင်းလာနေတယ်လို့ ယူဆနေကြပါတယ်။ ရေထုညစ်ညမ်းမှုဖြစ်ပေါ်လာပြီးနောက် သံဇစ်မြစ် ပတ်ဝန်းကျင်မှာ လုပ်ကိုင်နေတဲ့ ရေလုပ်သားများနဲ့ စားသုံးသူ လူထုအပေါ် ဘယ်လို သက်ရောက်မှုတွေ ဆက်ဖြစ်လာမလဲဆိုတာကလည်း စိုးရိမ်စရာဖြစ်နေပါတယ်။

ကျောက်ဖြူ သံဇစ်မြစ်သည် ဒေသခံများ၏ အသက်သွေးကြောဖြစ်သလို အနာဂါတ်လည်းဖြစ်ပါတယ်။ အစိုးရအနေဖြင့် သံဇစ်မြစ် ရေထုညစ်ညမ်းမှုကို ပွင့်လင်းမြင်သာစွာဖြင့်  ထိထိရောက်ရောက် ဖြေရှင်းရန်လိုအပ်ပြီး ယခုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံပေါ်ပေါက်မလာအောင် ပြင်ဆင် ကြပ်မတ် ရန်လိုအပ်ပါတယ်။ သဘာဝပတ်ဝန်းကျင်နှင့် မသန့်ရှင်းသော မြစ်ချောင်းများ၏ ဂေဟစနစ်ပျက်စီးခြင်းကြောင့် ရေထုရေညစ်ညမ်းမှုမှ ရရှိသော အခြေအနေဆိုးကျိုးကို မရောက်ရှိရန် ပြင်ဆင်ဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုက်ပါသည်။

ဗီဒီယိုများ