အစဉ်အလာတွေထဲက ရုန်းထွက်ချိန်တန်ပြီ

အမျိုးသမီးအများစုတို့ဟာ ရှေးယခင်အစဉ်အလာတွေအတိုင်းပဲ မိမိတို့ရဲ့အိမ်ထောင်ရေးသာယာဖို့ မိသားစုကို ဦးစားပေးလေ့ရှိကြပါတယ်။ နိုင်ငံရေးဆိုတာဟာ သူတို့နဲ့မသက်ဆိုင်ဘူးလို့ ယူဆ ထားတဲ့ အမျိုးသမီးတွေလည်း ရှိနေကြဆဲပါ။

By နေဝင်းစံ 08 Oct 2018

နေဝင်းစံ / DMG

အမျိုးသမီးအများစုတို့ဟာ ရှေးယခင်အစဉ်အလာတွေအတိုင်းပဲ မိမိတို့ရဲ့အိမ်ထောင်ရေးသာယာဖို့ မိသားစုကို ဦးစားပေးလေ့ရှိကြပါတယ်။ နိုင်ငံရေးဆိုတာဟာ သူတို့နဲ့မသက်ဆိုင်ဘူးလို့ ယူဆ ထားတဲ့ အမျိုးသမီးတွေလည်း ရှိနေကြဆဲပါ။

လက်ရှိရခိုင့်နိုင်ငံရေးနယ်ပယ်ထဲကိုကြည့်မယ်ဆိုရင် အမျိုးသမီးပါဝင်မှုနှုန်းဟာ လက်ချိုးရေတွက် နိုင်လောက်တဲ့အထိသာ ရှိပါသေးတယ်။ ဒီကြားထဲ အမျိုးသမီးတွေကို လက်တွဲခေါ်မှု၊ တန်းတူ အခွင့်အရေးပေးမှုတွေ အားနည်းချက်ကြောင့်လည်းပဲ အမျိုးသမီးတွေပါဝင်မှုနည်းပါးနေတာလို့ အမျိုးသမီးအချို့က ပြောဆိုကြပါတယ်။

“အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ဘယ်လောက်ပဲပေးတယ်ပဲပြောပါစေ၊ တကယ့်တကယ် အမျိုးသမီးခေါင်းဆောင်မှုပိုင်းမှာဆိုရင် အမျိုးသမီးအင်အားနည်းနေတာကိုက တန်းတူမရှိလို့တော့ ကျွန်မတို့ ပြောလို့ရတယ် ” လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ လူဦးရေ ၃ သန်းကျော်(၂၀၁၄ သန်းခေါင်စာရင်းအရ)ထဲမှာ အမျိုးသမီး ဦးရေထက်ဝက်ခန့်မျှရှိပါတယ်။ အဲဒီအမျိုးသမီးဦးရေနဲ့ နိုင်ငံရေးထဲမှာအမျိုးသမီးပါဝင်နှုန်းကို နှိုင်းယှဉ်ကြည့်ရင် စိုးရိမ်ဖွယ်ရာကောင်းလှပါတယ်။

နိုင်ငံရေးနယ်ပယ်မှာ အမျိုးသမီးတွေပါဝင်လာနိုင်ဖို့အတွက်ဆိုရင် ရခိုင်ပြည်နယ်ထဲမှာရှိကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အမျိုးသမီးတွေကို ဆွဲခေါ်ဖို့လိုသလို ခေါင်းဆောင်မှုပိုင်းမှာလည်း အမျိုးသမီးတွေကို အလေးထားဦးစားပေးဖို့လိုအပ်တယ်လို့ အမျိုးသမီးတွေကဆိုကြပါတယ်။

“ပါတီတွေမှာ အမျိုးသမီးကဏ္ဍနဲ့ လူငယ်ကဏ္ဍဟာ ပျောက်နေတယ်။ ဘယ်ပါတီပဲဖြစ်ဖြစ် အမျိုးသမီး ကဏ္ဍကို အားတက်သရော ဖွဲ့စည်းပြီးတော့ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့လိုအပ်တယ်။ လူငယ်ကဏ္ဍ ကိုလည်း ဝိုင်းဝန်းမြှင့်တင်ပေးဖို့ လိုအပ်တယ်” လို့ ရခိုင်အမျိုးသမီးကွန်ယက်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။

“နောင်တစ်ခေတ်မှာ လူငယ်နိုင်ငံရေးသမားနဲ့ အမျိုးသမီး နိုင်ငံရေးသမားတွေဟာ တွင်တွင် ကျယ်ကျယ် ပြောလာနိုင်ဖို့၊ အသံထွက်လာနိုင်ဖို့က သူတို့တွေကို မွေးထုတ်ပေးနိုင်ဖို့ လူကြီးတွေမှာ တာဝန်အများဆုံးရှိတယ် ” လို့လည်း ဒေါ်ညိုအေးဆိုပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်မှာဆိုရင် ပြည်သူကိုယ်စားပြုတဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ ပါဝင်လာမှုမရှိတာကိုလည်း ထင်ထင်ရှားရှား တွေ့မြင်လာရပါတယ်။

၂၀၁၅ ခုနှစ်ရဲ့ အထွေထွေရွေးကောက်ပွဲကနေ ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရခိုင်အမျိုးသား ပါတီက ကိုယ်စားလှယ် ၂၃ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ၉ ဦး၊ ကြံ့ခိုင်ရေးပါတီက ၃ ဦးက အနိုင်ရရှိခဲ့ပါတယ်။ အဲဒီလို ရွေးကောက်ခံပြီးတက်လာကြတဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီးတစ်ဦးမှ ပါဝင်လာမှုမရှိတာ ဖြစ်ပါတယ်။

၎င်းနည်းတူပဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာလည်း အမျိုးသမီးပါဝင်မှုမရှိသေးတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒါတွေဟာ အမျိုးသမီးတွေအနေနဲ့ တန်းတူအခွင့်အရေး မရရှိတာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဝေဖန်ပြောဆိုပါတယ်။

ပြည်နယ်လွှတ်တော်မှာ အမျိုးသားတွေချည်းရှိနေတဲ့အတွက် တစ်ခြားသော အကြောင်းခြင်းရာ တွေကို တင်ပြမှုတွေရှိပေ့မယ့် အမျိုးသမီးအခွင့်အရေးတွေနဲ့ပတ်သက်လာလို့ရှိရင် အမျိုးသမီး ထုရဲ့အသံဟာ ပျောက်ကွယ်နေဆဲပါ။

အမျိုးသမီးတွေမှာ တွေ့ကြုံခံစားနေကြရတဲ့ အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးခံရမှု၊ လိင်လုပ်သားအဖြစ်ခိုင်းစေခံရမှု၊ ကိုယ်ထိလက်ရောက် စော်ကားခံရမှု အစရှိတဲ့အကြောင်း ခြင်းရာတွေ များစွာရှိနေကြဆဲ ဖြစ်ပါတယ်။

ဒီမိုကရေစီမဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေရဲ့ကဏ္ဍကို မြှင့်တင်မယ်ဆိုရင် ပါတီမူဝါဒ ရေးဆွဲတဲ့အခါ၊ ပါတီရဲ့ဆန္ဒတစ်ခုခုမှာ အမျိုးသမီးတွေပါဝင်မှုရာနှုန်းကို ထည့်ပေးဖို့လိုအပ်တယ်လို့ ရမ်းဗြဲ-အမ်း နှစ်မြို့နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက အကြံပြုပြောဆို ပါတယ်။

“ပါတီထဲမှာ ယှဉ်ပြိုင်လို့ အနိုင်ရရင်လုပ်၊ အမျိုးသမီးတွေအတွက် သီးသန့်လုပ်ဆောင်တဲ့အနေ အထားမရှိတဲ့အခါမှာ အမျိုးသမီးတွေပါဝင်မှု အင်မတန်အားနည်းနေလို့ရှိရင် ထက်ဝက်မျှရှိတဲ့ အမျိုးသမီးတွေ ပါဝင်နှုန်းအားနည်းတဲ့အခါမှာ အမျိုးသမီးတွေရဲ့အသံတွေ၊ အမျိုးသမီးတွေရဲ့ ကိုယ်စားပြုမှုတွေ ကလည်း အားနည်းသွားမယ် ” လို့ ဒေါ်ထုမေက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီအသီးသီးကိုကြည့်ရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေရသလို နိုင်ငံရေးမှာအမျိုးသမီးတွေပါဝင်မှုများလာဖို့အတွက် ဆောင်ရွက်ချက်တွေ တစ်ခုမှမတွေ့ရသေးပါဘူး။

ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ရခိုင့်နိုင်ငံရေးအခြေအနေက ဒီအတိုင်းဆိုရင် အများကြီးကြိုးစား ရုန်းကန်ရအုံးမယ်လို့ မြင်တယ်။ စိတ်ကတော့မပျက်ပါဘူး။ နိုင်ငံရေးပါတီပဲ ဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ် အမျိုးသမီးနဲ့ လူငယ်ကဏ္ဍဟာ သေသေချာချာ စနစ်တကျနဲ့ဖွဲ့စည်းပြီးတော့ ထားသင့်ပြီလို့ ယူဆတယ်” လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလည်း အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေးကို ဖော်ဆောင်သွားမယ်လို့ ပြောဆိုထားပေမယ့် ဒီနေ့အချိန် လက်တွေ့မှာ အကောင်အထည်ဖော်မှုအားနည်းနေသေးတယ်လို့ ရခိုင်အမျိုးသမီးများအစည်းအရုံးက ဆိုပါတယ်။

ရခိုင်အမျိုးသမီးများအစည်းအရုံး ဒု-ဥက္ကဋ္ဌ (၁) စောစံငြိမ်းသူက “အကောင်အထည်ဖော်မှုကိုပဲ အဓိကပြောချင်ပါတယ်။ ပြည်နယ်အဆင့်မှာ ရခိုင်ဒေသမှာရှိနေတဲ့ အစိုးရပိုင်းတာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့က ကျွန်မတို့ပြောနေတဲ့ အနည်းဆုံးအမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို နားမလည် သေးတာလည်းဖြစ်နိုင်တယ်။ အကယ်၍များ နားလည်ခဲ့သည် ရှိရင်တော့ ကျွန်မတို့ကဒီဟာကို အကောင်အထည်ဖော်ဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်တယ်။ လုပ်နေတဲ့သူ၊ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့သူတွေ နားမလည်ဘူးဆိုလို့ရှိရင် ဘယ်ကနေစပြီး ဘယ်လိုအကောင်အထည် ဖော်ရမလဲ။ အမျိုးသမီးတွေကို ဘယ်လိုမျိုးလှမ်းခေါ်ရမလဲမသိဘူး ” လို့ ပြောပါတယ်။

ဇူလိုင်လကကျင်းပခဲ့တဲ့ တတိယအကြိမ်ငြိမ်းချမ်းရေးညီလာခံရဲ့ နိုင်ငံရေးကဏ္ဍာမှာ ကျား-မ တန်းတူရေးဆိုင်ရာအခြေခံမူတွေကိုဆွေးနွေးကြတဲ့အခါ အစုအဖွဲ့တွေအကြား ကျား-မ တန်းတူရေးအပေါ် စိတ်ပါဝင်စားမှုနဲ့ နားလည်မှုမရှိတာ၊ ဆွေးနွေးညှိနှိုင်းသူတွေထဲမှာ အမျိုးသမီး ကိုယ်စားလှယ်အလွန်နည်းပါးတယ်လို့  မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ်ရဲ့ စက်တင်ဘာလ ၂၁ ရက်နေ့စွဲနဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

နိုင်ငံရေးကဏ္ဍမှာချမှတ်ခဲ့တဲ့ ကျား-မတန်းတူရေးဆိုင်ရာအခြေခံမူတွေဟာ လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အလွန်အားနည်းတယ်လို့ယူဆကြောင်းလည်း မြန်မာနိုင်ငံ အမျိုးများအဖွဲ့ချုပ်က ဆိုပါတယ်။

အမျိုးသမီးတွေဘက်မှာလည်း နိုင်ငံရေးနယ်ပယ်ထဲကိုဝင်ရောက်ဖို့၊ ခေါင်းဆောင်မှုပိုင်းကို တာဝန်ယူဖို့၊ တာဝန်ခံဖို့ကိစ္စရပ်တွေမှာ အားနည်းချက်တွေရှိနေပါတယ်။

အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးထုကိုကာကွယ်ချင်စိတ်တွေရှိရင် နိုင်ငံရေးမှာပါဝင်ဖို့ လိုအပ် တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တိုက်တွန်း ပါတယ်။

“ပါတီ၊ အဖွဲ့အစည်းမှာ ဦးဆောင်မှု အခန်းကဏ္ဍမှာပေးမယ်ဆိုရင်တောင်မှ အဲဒီအမျိုးသမီးက စိတ်လည်းဝင်စားတယ်၊ အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် တစ်ဖက်မှာ အိမ်ထောင်မှူး တာဝန်တွေနဲ့ ပြန်ပြီးစဉ်းစားမယ် ဆိုလို့ရှိရင်တော့ အဲဒီအမျိုးသမီးက ပါလာနိုင်ခြေအားနည်းသွားပြီ။ အဲ့လိုအကန့် အသတ်တွေက အမျိုးသမီးတွေရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ စိတ်ပါဝင်စားမှုအပေါ်မှာ တိုင်းတာလို့မရဘဲနဲ့ သူ့ရဲ့ နောက်ကွယ်မှာရှိနေတဲ့ လုပ်ငန်းတာဝန်တွေအပေါ်မှာလည်း ပိုပြီးတော့ အကန့်အသတ်ဖြစ်စေတယ် ဆိုတာမျိုး ယူဆလို့ရပါတယ်” လို့ ရခိုင်အမျိုးသမီးများအစည်းအရုံး ဒု-ဥက္ကဋ္ဌ (၁) စောစံငြိမ်းသူက ဆိုပါတယ်။

ရခိုင်အမျိုးသမီးကွန်ယက်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုအေးကတော့ ရခိုင့်နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှု နည်းပါးတာဟာ အမျိုးသမီးတွေစကားပြောအတတ်၊ နိုင်ငံရေးအတတ်၊ လူမှုရေးအတတ်၊ လူတော တိုးမှု၊ လူရာဝင်မှုတွေနဲ့ အများကြီးသက်ဆိုင်တယ်လို့ ဆိုပါတယ်။

“တစ်ချို့ကတော့ ဘောင်ပိတ်ထားတယ် ဘာညာပေါ့၊ ဘောင်ပိတ်ထားတယ်လို့ဆိုတာထက် အဲဒီဘောင်ကိုတန်းပြီးတော့ ကိုယ်ဝင်တတ်ဖို့လိုတယ်”  လို့ ဒေါ်ညိုအေးက ပြောပါတယ်။

ရခိုင်တွေမှာ အဘက်ဘက်ကနိမ့်ကျတဲ့လူမျိုးတစ်မျိုးအနေနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ညံ့ဖျင်းမှု ရှိလာတဲ့အနေအထားမှာ ပြီးစလွယ်မျိုး၊ ပြီးစလွယ်နေတဲ့ဟာကို ပျော်နေတဲ့အခြေအနေဟာ လက်ရှိအချိန်ထိ ဟုတ်တယ်ဆိုလည်း မမှားဘူးလို့ ရခိုင်အမျိုးသမီးများအစည်းအရုံး ဒု-ဥက္ကဋ္ဌ (၁) စောစံငြိမ်းသူက ဆိုပါတယ်။

“တကယ်ပဲ တစ်ခုခုကို လေးလေးနက်နက်ထားပြီးတော့ ကြိုးပမ်းမယ်၊ ဆောင်ရွက်မယ်၊ တာဝန် ယူမယ်ဆိုတဲ့အပိုင်းတွေမှာ တော်တော်လေး အားနည်းနေတယ်” လို့ စောစံငြိမ်းသူက သုံးသပ် ပြာဆိုပါတယ်။

အမျိုးသမီးတွေဟာ နိုင်ငံရေးနယ်ပယ်ထဲကိုဝင်ရောက်ဖို့ ဘာကြောင့်တွန့်ဆုတ်နေကြသလဲ၊ အမျိုး သမီးတွေမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိနေသလဲဆိုတာကို ဆန်းစစ်ဖို့အချိန်တန်ပါပြီ။ ဒီလိုမှမဟုတ်ပဲ မူလအတိုင်းသာ ရှေ့ဆက်သွားနေမယ်ဆိုရင်တော့ အမျိုးသမီးမျိုးဆက်သစ်တွေပါ ရခိုင့်နိုင်ငံရေးနဲ့ ကင်းကွာသွားပေလိမ့်မည်။

ဗီဒီယိုများ