အိမ်ပြန်ရမည့်နေ့ကို စောင့်မျှော်နေသည့် စစ်ဘေးရှောင်များ

တသက်နှင့်တကိုယ် လက်နက်ကြီးသံကို တစ်ခါမှ မကြားခဲ့ဖူးသော ဦးကောသလသည် ရွာအနီးရှိ တောင်တန်းများမှ ပစ်ခတ်သံများ ကြားရသောကြောင့် ကြောက်လန့်သွားခဲ့သည်။ ထို့နောက် အဝတ်အထည်၊ စားနပ်ရိက္ခာများ သယ်ဆောင်ခြင်း မပြုလုပ်တော့ဘဲ သေနတ်သံများနှင့် ဝေးရာသို့ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။  ထိုနေ့သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ဖြစ်သည်။

By ဖဒူ ထွန်းအောင် 15 Feb 2019

(ဖေဖော်ဝါရီလ ၉ ရက်နေ့က RCSS  နှင့် SSPP တို့တိုက်ပွဲကြောင့် ကျောက်မဲမြို့သို့  ခိုလှုံရန် ရောက်ရှိနေကြသူများတွင် ရှမ်းနှင့်တအာင်းလူမျိုးများ ပါဝင်သည်။)

Written by - ဖဒူ ထွန်းအောင် / DMG

တသက်နှင့်တကိုယ် လက်နက်ကြီးသံကို တစ်ခါမှ မကြားခဲ့ဖူးသော ဦးကောသလသည် ရွာအနီးရှိ တောင်တန်းများမှ ပစ်ခတ်သံများ ကြားရသောကြောင့် ကြောက်လန့်သွားခဲ့သည်။ ထို့နောက် အဝတ်အထည်၊ စားနပ်ရိက္ခာများ သယ်ဆောင်ခြင်း မပြုလုပ်တော့ဘဲ သေနတ်သံများနှင့် ဝေးရာသို့ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။  ထိုနေ့သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ဖြစ်သည်။

အသက် ၄၀ ကျော်အရွယ် ဦးကောသလသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်းရှိ နမ့်ပျဉ်ကျေးရွာတွင် နေထိုင်သူ ရှမ်းအမျိုးသားတစ်ဦးဖြစ်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်သည်။ သူ့လိုပင် တိုက်ပွဲရှောင်လာသူများသည် ကျောက်မဲမြို့ပေါ်သို့ ရောက်ရှိလာရာ  ဖေဖော်ဝါရီ ၁၃ ရက်အထိဆိုလျှင် လူဦးရေ တစ်ထောင်ကျော် ရှိနေပြီဖြစ်သည်။

ကျောက်မဲမြို့တွင် ယင်းကဲ့သို့ စစ်ဘေးရှောင်များအတွက် စခန်းသုံးခုရှိပြီး ဓမ္မမေဒနီ ရွှေကျင်ကျောင်းတိုက်၊ အောင်ဆုပန်ကျောင်းတိုက်နှင့် နမ့်စစ်လင်း ဘုန်းတော်ကြီးကျောင်းတို့ ဖြစ်သည်။

ဖေဖော်ဝါရီလ ၉ ရက်တွင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ /ရှမ်းပြည် တပ်မတော် (RCSS/SAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့  ကျောက်မဲမြို့နယ် ပန်လော့ နှင့် နမ့်ပျဉ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိမ်းရှောင်ရသူများမှာ ပန်လော့၊ နမ့်ပျဉ်နှင့် နားပုံကျေးရွာက ဒေသခံ ရှမ်း၊ တအာင်း(ပလောင်) နှင့် ကချင်လူမျိုးများ ဖြစ်ကြသည်။ ။

လက်နက်ကြီးသံတွေကြားတော့ နေလို့မရတော့ဘူး။ စိတ်က တုန်သွားတယ်။ တစ်ခါလည်း မကြားဖူးပေါ့။ တအားကြောက်သွားတယ်ဟု အောင်ဆုပန်ဘုန်းကြီးကျောင်းတွင် ရောက်နေသူ ဦးကောသလက ပြောသည်။

လက်နက်ကိုင် ပဋိပက္ခများနှင့် အခြား လုံခြုံမှုမရှိသည့် အခြေအနေများကြောင့် ရှမ်းပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်တွင် ဇန်နဝါရီလဆန်းမှ စတင်၍ လူဦးရေ ၃၇၀၀ ခန့်မှာ ယာယီ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သေနတ်သံများခြောက်လန့်မှု

နမ့်ပျဉ် ကျေးရွာဘက်တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းနှင့် နောက်တစ်နေ့ နံနက်များတွင်  ရွာအနီးရှိ တောင်တန်းများက သေနတ်သံများ ထွက်ပေါ်လာပြီးနောက် ဒေသခံများ ထွက်ပြေးလာကြခြင်း ဖြစ်သည်။

 “ကျနော်တို့ကြောက်ပြီးတော့ လာကြတာ။ ဒီလို တစ်ခါမှ မကြုံဖူးတော့ ထွက်ပြေးလာတာပေါ့ဟု ပန်လော့ဒေသခံ အသက် ၃၅ နှစ် ဝန်းကျင်ရှိ  ကိုလှကျော်က ပြောသည်။

မိမိတို့ရွာနှင့် ()မိုင်ခန့်ဝေးကွာသည့် ကျောက်မဲမြို့ပေါ်သို့ ခြေလျင်လာကြသူ ရှိသလို ၊ ဆိုင်ကယ်၊ ထော်လာဂျီများဖြင့် လာရောက်သူက လာရောက်ကြသည်။ ပြေးလာသူများတွင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးဦးရေမှာ အများဆုံးဖြစ်သည်။

အစားအသောက်လည်း ခက်ခဲတယ်။ ရွာက ဘာမှ ပါမလာဘူး။ ရွာက ပြေးလာကြတော့ အဝတ် အထည်၊ ဖိနပ်လည်း ပါမလာဘူးဟု ဦးကောသလက ဆိုသည်။

လက်ရှိအချိန်တွင် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ဒေသခံ လူမှုအဖွဲ့ အစည်းများက အစားအစာနှင့် ခြင်ထောင် စသည့် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းထားသည်။ သို့သော် ထပ်တိုးများပြားလာနေသော ခိုလှုံလာသူများအတွက် အကူအညီများမှာ လုံလောက်မှု မရှိသေးဘဲ ဖြစ်နေသည်။

 “လတ်တလော သူတို့အခြေအနေကတော့ အစားအသောက်ကတော့ အဆင်ပြေတယ်။ အဓိကလိုတာကတော့ စောင်ပေါ့နော်။ ပြီးတော့ မိခင်ကလေးတွေဆိုရင် အနှီးတွေလိုတယ်။ ကလေးအဝတ်အစားတွေ အဲဒါလေးတွေ လိုတယ် ဟု ဓမ္မမေဒနီ ရွှေကျင်ကျောင်းစခန်း တာဝန်ခံ  နန်းမွေဆိုင်းက ပြောသည်။

(တိုက်ပွဲရှောင်များအတွက် စားနပ်ရိက္ခာ အဝတ်အထည် ဖျာ စသည့် ကယ်ဆယ်ရေးပစ္စည်းများ အရေးပေါ်လိုအပ်နေသည်။)

တိုက်ပွဲရှောင် စခန်းများမှ စာမေးပွဲဖြေ ကျောင်းသား၊ ကျောင်းသူများ

ယခုကာလသည် မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများအတွက် အတန်းတင် စာမေးပွဲကာလဖြစ်သည်။ သို့သော် ရွာရှိ စာသင်ကျောင်းကို စွန့်ခွာပြီး ရှောင်လာခဲ့ကြသည်။

စာမေးပွဲဖြေလက်စ  ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း ကျောင်းကျောင်းသားများအတွက် မြို့နယ်ပညာရေးမှူး၏ အစီအစဉ်ဖြင့် ဓမ္မမေဒနီ ရွှေကျင်ကျောင်းတိုက်တွင် ကျန်ရှိနေသည့် သိပ္ပံဘာသာရပ်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖြေဆိုခွင့်ရကြသည်။

ရခိုင်ပြည်နယ်တွင်လည်း တိုက်ပွဲများကြောင့်  တိုက်ပွဲရှောင်များရှိ

တပ်မတော်က မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ၄ လကြာ တဖက်သတ် အပစ်ခတ်ရပ်စဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဧပြီလကုန်တွင် ကုန်ဆုံးမည့် အဆိုပါ အပစ်ရပ်ကာလအတွင်း NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံးနှင့် အပစ်ခတ်ရပ်ရေး အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားမည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။ 

သို့သော် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းတွင် တပ်မတော်နှင့်  ကိုးကန့်အဖွဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

တပ်မတော်၏ အပစ်ရပ်ဒေသတွင် မပါဝင်သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေတွင်လည်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ထိုတိုက်ပွဲများကြောင့် ကျောက်တော်၊  ရသေ့တောင်၊ဘူးသီးတောင်၊ မောင်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်ဘေးရှောင် (၆၀၀၀) နီးပါးခန့်ရှိနေသည်။

တိုက်ပွဲများ ရပ်ပေးပါ

တိမ်းရှောင်လာသူများတွင် တိုက်ပွဲကို တစ်ခါမှ မကြုံဖူးသည့် မန္တလေး၊ ပဲခူး စသည့် ဒေသများက ပညာရေးဝန်ထမ်းများစွာလည်း ပါဝင်ကြသည်။ 

နမ့်ပျဉ် မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဆွေက အဲ့လိုတိုက်ပွဲဖြစ်နေတော့ မအေးချမ်းမှာကို ကြောက်တယ်။ ကျမခံစားချက်ကတော့ ဝန်ထမ်းဆိုတော့ စာရွက် ၊ စာတမ်းတွေကကျတော့ အိမ်ထဲမှာလည်းထားတယ်။ ကျောင်းထဲမှာ လည်းထားတယ်။ အဲ့စာရွက်စာတမ်းတွေ မပါလာတော့လည်း ကျမ စိတ်မချမ်းသာဘူးဟု မျက်နှာညှိုးငယ်နေသည့် အမူအရာဖြင့်  ဆိုသည်။

တိုင်းရင်းသားများအချင်းချင်း ယင်းသို့ တိုက်ပဲွဲဖြစ်ပွားနေမှု အခြေအနေနှင့် ပတ်သက်ပြီး နောက်ထပ် မဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာ ခေါင်းဆောင်များအနေဖြင့် နားလည်မှု ယူကြရန်လို အပ်သည်ဟု လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒ န္တပုညနန္ဒက အကြံပြု တိုက်တွန်းသည်။

အကြီးအကဲတွေ တစ်ဦးနဲ့တစ်ဦး လူသားချင်းစာနာတဲ့စိတ်နဲ့ မေတ္တာရှေ့ထားပြီးမှ ပြုမူနေထိုင်ကြမယ် ဆိုရင်တော့ ဖြစ်စရာလည်း အကြောင်းမရှိဘူးဟု ဆရာတော်က မိန့်သည်။

မည်သည့် အချိန်တွင် တိုက်ပွဲပြီးဆုံးမည်ကို မသိသေးသော ဦးကောသလတို့ အပါအဝင် တိုက်ပွဲရှောင်များမှာ မိမိတို့ ကျေးရွာသို့ ပြန်ရန် ဆန္ဒပြင်းပြနေကြသည်။

သို့သော် ဘယ်တော့ ပြန်လို့ရမယ် ထင်ပါသလဲဆိုတဲ့ အမေးကိုတော့ ဦးကောသလက ငြိမ်းချမ်းမှသာ အိမ်ပြန်ချင်တယ်ဟု ဆိုသည်။

ဖဒူ ထွန်းအောင်

Development Media Group

 

ဗီဒီယိုများ