အနောက်တံခါးက အိမ်တစ်ဆောင်တည်းနဲ့ရွာရဲ့ မနက်ဖြန်

အနောက်ဘက်နယ်စပ်မှာ ပဋိပက္ခတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့မှုတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ မလုံခြုံမှုတွေကြား ဒေသခံရခိုင်လူမျိုးတွေဟာ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်မှုတွေ၊ နေရပ်စွန့်ခွာမှုတွေကြောင့် ပျာရည်ကျေးရွာမှာ အိမ်တစ်ဆောင်တည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ပျာရည်ကျေးရွာထဲက နောက်ဆုံးလက်ကျန် သက်ကြီးရွယ်အိုတစ်ဦးဖြစ်တဲ့ အသက်ခုနှစ်ဆယ်ကျော်အရွယ် ဒေါ်မကြီးက ရွာရဲ့လက်ရှိ အခြေအနေတွေကို ပြောပြပါတယ်။

By ကောင်းမြတ်နိုင်(မောင်တော) 30 Jan 2019

Written by - ကောင်းမြတ်နိုင်(မောင်တော) / DMG

နှင်းစက်တွေဝေနေတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ သူရိန်နေမင်းဟာ အလင်းရောင်သစ်တွေနဲ့အတူ စိုင်းဒင်တောင်တန်းပေါ်က ပြန်လည်လင်းလက်လာချိန် စိုင်းဒင်ချောင်းနံဘေးနားရှိ စိမ်းစိုစိုရွာဟောင်းလေးကတော့ အရိုင်းဆန်စွာ လန်းဆန်းသာယာနေပါတယ်။

ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းနံဘေးရှိ “ပျာရည်”ဆိုတဲ့ ရွာကလေးဟာ ဟိုတုန်းကတော့ အိမ်ခြေတစ်ထောင်ကျော်ရှိခဲ့တဲ့ ရွာကြီးတစ်ရွာဖြစ်ခဲ့ပေမယ့် ဒီနေ့မှာတော့ အထီးကျန်ဆန်လွန်းစွာ အိမ်တစ်ဆောင်တည်းသာ ကျန်ရှိနေပါတော့တယ်။

အနောက်ဘက်နယ်စပ်မှာ ပဋိပက္ခတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့မှုတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ မလုံခြုံမှုတွေကြား ဒေသခံရခိုင်လူမျိုးတွေဟာ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်မှုတွေ၊ နေရပ်စွန့်ခွာမှုတွေကြောင့် ပျာရည်ကျေးရွာမှာ အိမ်တစ်ဆောင်တည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ပျာရည်ကျေးရွာထဲက နောက်ဆုံးလက်ကျန် သက်ကြီးရွယ်အိုတစ်ဦးဖြစ်တဲ့ အသက်ခုနှစ်ဆယ်ကျော်အရွယ် ဒေါ်မကြီးက ရွာရဲ့လက်ရှိ အခြေအနေတွေကို ပြောပြပါတယ်။

“ဒီရွာမှာ မိဘတွေ ဆွေမျိုးတွေ လင်သားကအစ ခေါင်းချသွားခဲ့တာဆိုတော့ အဘွားအနေနဲ့ကလည်း ဒီရွာကို စွန့်ခွာမသွားချင်တော့လို့ အခုလို အိမ်တစ်ဆောင်တည်း ကျန်နေခဲ့တာတောင် ခုချိန်ထိ နေနေသေးတာပါ။ အဘွားလည်း အသက်ကြီးပြီဆိုတော့ ဒီနေရာမှာပဲ   ခေါင်းချသွားချင်ပါတယ်” လို့ သူမရဲ့ပါးပြင်ပေါ်က စီးကျလာတဲ့ မျက်ရည်ပုလဲဥလေးတွေကို လက်တစ်ဖက်နဲ့သုတ်ရင်း တုန်တုန်ရီရီ ပြောပြပါတယ်။

ဒေါ်မကြီးမှာ သားသမီးငါးဦးရှိပြီး လင်ဖြစ်သူမှာ သူမအသက်သုံးဆယ်ကျော်အရွယ်တွင် ဆုံးပါးသွားခဲ့တယ်။ လက်ရှိတွင် သမီး၊ သားမက်၊ မြေးနှစ်ဦးတို့နှင့်အတူ လယ်တစ်ဧကကျော်လေးနဲ့ လုပ်ကိုင်စားသောက် နေထိုင်နေတယ်လို့ သူမက ဆိုပါတယ်။

သူမရဲ့သမီးနဲ့သားမက်တို့မှာ မနက်ပိုင်းတွင် အနီးရှိ ကြာညိုပြင်ရခိုင်ရွာမှာ မုန့်ရောင်းကြပါတယ်။ မုန့်ရောင်းပြီး ပြန်လာချိန်မှာ အနီးအနားရှိ ချောင်းတွေမှာ ငါးရှာပါတယ်။ အဲဒီလို လုပ်ကိုင်ပြီး ဆယ်တန်းကျောင်းသူ သမီးလေးတစ်ဦးကိုလည်း ပညာသင်ပေးနေပါတယ်။

အဲဒီဆယ်တန်းကျောင်းသူလေးမှာ ခြေတစ်ဖဝါးစာ စိုင်းဒင်ချောင်း ကမ်းနံဘေးက ဖြတ်လျှောက်ကာ စိုင်းဒင်ချောင်းတစ်ဖက်ကမ်းရှိ ဖုံညိုလိပ်ရွာသို့ သွားရောက်ကျောင်းတက်ရပါတယ်။ မိုးရွာတဲ့နေတွေဆိုရင် ချောင်းရေတွေကြောင့် လမ်းပျောက်သွားကာ ကျောင်းသို့သွားလာ မရတော့ဘူးလို့လည်း ဒေါ်မကြီးက ဆိုပါတယ်။

ပျာရည်ကျေးရွာမှာ ၁၉၄၂ ခုနှစ်မတိုင်ခင်က အိမ်ခြေတစ်ထောင်ကျော် ရှိခဲ့ပါတယ်။  ၁၉၄၂ ခုနှစ် ဘင်္ဂါလီ-ရခိုင် ပဋိပက္ခကြောင့် ကလေးတွေ၊ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဘုန်းကြီးကအစ၊ ယောက်ျားတွေ အပါအဝင် ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရတယ်လို့ ခိုင်မြဝါ၏ “ကိုလိုနီနယ်ချဲတို့၏ နယ်သစ်ချဲ့ထွင်မှုများ” စာအုပ်မှာ ဖော်ပြထားပါတယ်။

ပဋိပက္ခတွေရဲ့ကမ္ဘာမြေလား

၁၉၄၂ ခုနှစ် ဘင်္ဂါလီ-ရခိုင် ပဋိပက္ခကြောင့် ဘူးသီးတောင်၊ မောင်တောဒေသက ရခိုင်လူမျိုးတွေဟာ မေယုတောင်တန်းကို ဖြတ်ကျော်ကာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ်ဘက်တွေထိ ပြေးခဲ့ကြရပါတယ်။ တချို့က နတ်မြစ်တစ်ဖက်ကမ်းသို့ ကူးကာ အိန္ဒိယနိုင်ငံ၊ ဒိုင်နာစပူလ်အထိ ပြေးခဲ့ကြရပါတယ်။ နောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစတဲ့ မေယုဒေသက ရခိုင်ရွာတွေဟာ ရခိုင်နာမည်တွေနဲ့ ရခိုင်လူမျိုးတွေ ရှိမနေတော့ဘဲ ဘင်္ဂါလီရွာတွေ ဖြစ်သွားခဲ့ရတယ်လို့  ဆရာတော်ဦးစက္ကိန္ဒရဲ့ “ဒိုင်နာစပူလ်ဒုက္ခသည်” စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။

“အဖွားမိဘတွေက ဒီရွာဇာတိတွေပါ။ တိုင်းပြည်ကြီးပျက်တဲ့အခါ ကလေးတွေ၊ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေကို ဟိုဘက်ကမ်းကိုပို့ပြီး တိမ်းရှောင်ခိုင်းခဲ့ကြတယ်။ ရွာမှာရှိတဲ့ ဘုန်းကြီးကအစ၊ ယောက်ျားသားမှန်သမျှ ခုခံကြရတယ်။ အဖွားရဲ့ အမေဆိုရင် သားသမီးလေးတွေဆွဲပြီး ပြေးနေခဲ့ရတာ သုံးလလောက်ကြာတယ်လို့ ပြောဖူးတယ်” လို့ ဒေါ်မကြီးက ဆိုပါတယ်။

၁၉၄၂ ခုနှစ် နောက်ပိုင်း မောင်တော၊ ဘူးသီးတောင်ဒေသမှာ ရခိုင်လူမျိုးတွေ ပြန်လည်အခြေချလာခဲ့ပေမယ့် မူဂျာဟစ်သူပုန်တွေရဲ့ဘေးရန်ကြောင့် ၁၉၅၉ ခုနှစ်ထိ ရခိုင်၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီ စတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ အကြိမ် ၂၀ မက ထွက်ပြေးခဲ့ကြရတယ်လို့လည်း ဒေသခံသက်ကြီးရွယ်အိုတွေက ပြောပြပါတယ်။

ဒေါ်မကြီးကိုလည်း သူ့မိဘတွေ ပျာရည်ကျေးရွာက ထွက်ပြေးတိမ်းရှောင်စဉ် လမ်းမှာ မွေးဖွားခဲ့တာဖြစ်တယ်လို့ သူမဘဝရဲ့ ဝမ်းနည်းကြေကွဲဖွယ် အတိတ်အကြောင်းတွေကို လွမ်းဆွေးရီဝေစွာ ပြန်ပြောပြပါတယ်။

“အဲဒီလို ပြေးရင်းလွှားရင်း ကပ်ရောဂါနဲ့ သေကြေပျက်စီးတာတွေလည်း မနည်းပါဘူးတဲ့။ အုပ်စုလိုက် ဆွေမျိုးသားချင်းရှိရာ ပြေးကြတာပါ။ လမ်းမှာ ၃ လလောက် တောင်ကြာတယ်။ အဖွားတို့မိသားစုကတော့ မြောက်ဦးနယ်က ပန်းမြောင်းရွာအထိ ပြေးကြရတယ်။ ပန်းမြောင်းတစ်ရွာလုံးဟာ ဒီရွာက လူတွေချည်းပါပဲ။ အဖွားကို တံလျင်ပြင်မှာ မွေးတယ်။ ဒီရွာကို မိသားစုပြန်ရောက်တော့ အဖွားက ၃ လသမီး အရွယ်ပဲ ရှိပါသေးတယ်” လို့ သူမရဲ့ငယ်စဉ်ဘ၀ အခြေအနေတွေကို  ဆက်ဆိုပါတယ်။

အဲဒီပျာရည်ကျေးရွာက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဒေသခံကျေးရွာသားတွေဟာ သူတို့ကျေးရွာလေးသို့ ပြန်လာပြီး မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ အချင်းချင်း စုပေါင်းတိုင်ပင်နေထိုင်ပြီး ကျေးရွာလေးပြန်ဖြစ်လာအောင် ခက်ခဲပင်ပန်းစွာ ပြန်လည် ထူထောင်ခဲ့ကြရတယ်လို့ ပျာရည်ကျေးရွာသားတွေက ဆိုပါတယ်။

သူတို့ကျေးရွာသားတွေဟာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ခဲ့ကြပါတယ်။ လယ်လုပ်ချိန်မဟုတ်တဲ့ အခါမှာတော့ စိုင်းတင်ချောင်းကမ်းနံဘေးက မြေလွတ်တွေမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်သူလုပ်ကြကာ၊ အများစုကတော့ စိုင်းဒင်တောင်တန်းသို့ သွားရောက်ပြီး ထင်းရှာ၊ သစ်ခုတ်၊ ဝါးခုတ် စတာတွေကို ရာသီအလိုက် ကျပန်းလုပ်ကိုင်စားသောက် နေထိုင်ခဲ့ကြရပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၄ ခုနှစ်မှာ မူဂျာဟစ် သောင်းကျန်းမှုအန္တရာယ်ကို ရင်ဆိုင်ခဲ့ကြရသလို မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်မယ့် ၁၉၈၈ ခုနှစ် မေ ၁၃ ရက်နေ့ကလည်း ဒေသခံတိုင်းရင်းသားတွေကို လူအင်အားနဲ့ဝိုင်းပြီး အကြမ်းဖက်ဖို့  လုပ်ခဲ့ချိန်ကလည်း ဒေသခံတချို့ ထွက်ပြေးခဲ့ရတယ်လို့ မောင်တောမြို့ သံဃာ့နာယကဆရာတော်ရဲ့ နိုင်ငံတော်အစိုးရသို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

နယ်မြေလုံခြုံရေးလား၊ ရွာပျောက်မှု အစပြုမှုလား

မြန်မာနိုင်ငံအနောက်ဘက် နယ်စပ်ဒေသအတွက်ဆိုပြီး ၁၉၉၆ ခုနှစ်မှာ ပျာရည်ကျေးရွာဧရိယာထဲသို့ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေးကွပ်ကွဲမှုဌာနချုပ်(နစက) တပ်ဖွဲ့စခန်းတစ်ခု ချလာခဲ့ရာ ထိုစခန်းနေရာအတွက် မြေနေရာသိမ်းတော့ ရွာသားတွေရဲ့ လယ်ဧကနှစ်ဆယ်ကျော် ပါသွားခဲ့ပါတယ်။ ငါးဧကခန့်အား စခန်းနဲ့ အဆောက်အဦးတွေ ဆောက်လုပ်ကာ ကျန်တဲ့ ဧကနှစ်ဆယ်ခန့်အား ဘင်္ဂါလီလူမျိုး တစ်ဦးကို အငှားလုပ်ကိုင်ခွင့်ပြုထားတယ်လို့ ပျာရည်ကျေးရွာသားတွေက ပြောပြကြပါတယ်။

အဲဒီလယ်ယာမြေတွေကို မှီခိုလုပ်ကိုင် စားသောက်နေထိုင်နေကြတဲ့ ဒေသခံကျေးရွာသားတွေရဲ့ မိသားစုဘ၀ အသက်ရှင်ရပ်တည်ရေးအတွက် အခက်အခဲတွေ ဖြစ်လာတဲ့အခါ ပြောင်းရွှေ့ထွက်သွားသူတွေ များတာမို့ ကျေးရွာမှာ အိမ်ခြေသုံးဆယ်ပဲ ကျန်နေတော့တယ်လို့ ဒေါ်မကြီးက ထပ်မံရှင်းပြပါတယ်။

ပျာရည်ကျေးရွာက ဒေသခံတစ်ဦးဖြစ်ပြီး လက်ရှိတွင် ပျာရည်ကျေးရွာ တစ်ဖက်ကမ်းမှာရှိတဲ့  ဖုံညိုလိပ်ကျေးရွာတွင် နေထိုင်နေသူ  အသက်ခြောက်ဆယ်ကျော်အရွယ် ဦးလှမောင်သာက ပျာရည်ကျေးရွာမှ သူတို့မိသားစု ပြောင်းရွှေ့လာပုံကို ပြောပြပါတယ်။

“နစက တပ်စခန်းတည်ဖို့ ဒေသခံရွာသားပိုင်လယ်တွေ အသိမ်းခံရတော့ လုပ်ကိုင်စားဖို့ခက်လာတယ်။ စခန်းဆောက်လို့ကျန်တဲ့ လယ်မြေ ဧကနှစ်ဆယ်လောက်ကိုတော့ ကုလားတစ်ယောက်က အားလုံးကို အငှားယူပြီးလုပ်တယ်။ လယ်ပိုင်ရှင် ရွာသားတွေကတော့ ကျပမ်းလုပ်ကိုင်စားသောက်ရတဲ့ အခြေအနေ ရောက်သွားခဲ့ကြတာပေ့ါ” လို့ သူက ရှင်းပြပါတယ်။

အဲဒီ ပျာရည်ကျေးရွာ အပါအဝင် စိုင်းဒင်ချောင်းအနီးအနား ပတ်ဝန်းကျင်က ကျေးရွာအားလုံးနီးပါးက ဒေသခံတိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေဟာ စိုင်းဒင်ချောင်းနဲ့ စိုင်းဒင်တောင်တန်းကြီးကို မှီခိုလုပ်ကိုင်စားသောက် နေထိုင်ခဲ့ကြပါတယ်။ စိုင်းဒင်ချောင်းအတိုင်း စုန်ဆင်းလာခဲ့ရင်တော့ စိုင်းဒင်ချောင်းနံဘေးရှိ လုံခြုံရေးစခန်းတွေက ငွေကြေးတချို့နဲ့ ကုန်ပစ္စည်းတွေကို တောင်းယူတာတွေ ခုထိ ရှိနေတာတွေကလည်း မိသားစုစားဝတ်နေရေး အခြေအနေတွေကို အခက်အခဲဖြစ်စေခဲ့တယ်လို့ ဒေသနေပြည်သူတွေက ဆိုပါတယ်။

“စိုင်းတင်ရေတံခွန် အောက်ဖက်နားက မြေလွတ်တွေမှာ ယာထွင်ပြီး လုပ်ကြသလို ဝါးခုတ်ချိန်ဝါးခုတ်၊ သစ်ခုတ်၊ မျှစ်ချိုး၊ ထင်းရှာ ကိုယ်တစ်နိုင် လုပ်ကိုင်ရှာဖွေ စားသောက်ခဲ့ကြရပါတယ်။ ဒီကြားထဲ အခွန်အကောက်၊ အတောင်းအရမ်း ပေးရတာတွေရှိသေးတယ်။ ထင်းမျှောလာပြီ၊ ဝါးမျှောလာပြီဆိုရင် တပ်ရှေ့၊ စခန်းရှေ့ဖြတ်တာနဲ့ ထင်းတစ်စည်းနှစ်စည်း၊ ဝါးတစ်စည်းနှစ်စည်း တောင်းယူထားလိုက်တာပဲ။ ဒီလိုဆိုတော့ ကိုယ့်ဖို့ သိပ်မကျန်တော့ဘူးလေ။ တချို့လည်း ကြာလာတော့ အဆင်မပြေတာနဲ့ တခြားနေရာတွေကို ပြောင်းရွှေ့ထွက်သွားကြတာပေါ့” လို့  ဦးလှမောင်သာက ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၂ ခုနှစ်၊ ဇွန်လအရေးအခင်း မဖြစ်မီအချိန်ထိ ပျာရည်ကျေးရွာလေးမှာ အိမ်ခြေတစ်ဆယ့်ငါးလုံးသာ ကျန်နေတော့ပေမယ့် အရေးအခင်းဖြစ်တဲ့အခါ စိုးရိမ်ကြောက်လန့်မှုတွေ၊ စီးပွားရေးနဲ့ အလုပ်အကိုင်အခက်အခဲတွေ မလုံခြုံတဲ့ စိတ်ခံစားမှုတွေ ပိုဖြစ်လာတယ်ဆိုပြီး အိမ်ထောင်စု အများစု ထပ်မံပြောင်းရွှေ့သွားကြတဲ့အတွက် အိမ်ခြောက်ဆောင်နဲ့ လူဆယ့်ငါးဦးသာ ကျန်နေခဲ့တယ်လို့ ကြာညိုပြင်ရွာသားတွေက ပြောပြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့က စခန်းသုံးခုနှင့် ဒုတိယအကြိမ် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့မှာ စခန်းသုံးဆယ် တိုက်ခိုက်ခံလာရချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အပြစ်မဲ့ တိုင်းရင်းသားတွေ အသက်စတေးခဲ့ကြရပြီး နောက်ပိုင်းမှာ ပဋိပက္ခဖြစ်စဉ်ကြောင့် မိသားစုဘ၀ အသက်အိုးအိမ်လုံခြုံရေးကို စိုးရိမ်နေတဲ့ လက်ကျန်ရွာသားတွေ ပြောင်းရွှေ့ထွက်ခွာသွားခဲ့ကြတာမို့ ပျာရည်ကျေးရွာလေးမှာတော့ မိသားစုတစ်စု အိမ်တစ်ဆောင်သာ ကျန်ရှိနေခဲ့တာလို့လည်း ရွာသားတွေက ပြောပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ ပြည်သူပါဝင်မှု

မြန်မာနိုင်ငံ အနောက်ဘက်ဒေသရဲ့ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးနဲ့ ပိုင်နက်နယ်နိမိတ် မဆုံးရှုံးစေရန် ပြည်နယ်တွင်း ၁၇ မြို့နယ်မှ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုတွေကို စုစည်းပြီး ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားကျေးရွာများ ပိုမိုတည်ဆောက်ပေးသင့်ကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုထားပါတယ်။

အဲဒီအဆိုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ကျောက်ဖြူမဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က တင်သွင်းခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်က ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

“အဲဒီဒေသကို ရခိုင်တွေ ပြန်မသွားဘူးဆိုရင် ကျွန်တော်တို့ နယ်မြေတွေ ဆုံးရှုံးသွားတော့မယ်၊ ကိုယ့်နေရာ၊ ကိုယ့်ဒေသကို အရင်အတိုင်းပြန်သွားရင် ဒုက္ခက ပိုကြီးသွားဦးမယ် ဆိုတဲ့အခါကျတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အတွက်လည်း အရေးကြီးသလို ကျွန်တော်တို့ ဒေသခံတွေအတွက်လည်း တော်တော်အရေးကြီးတယ်။ ရခိုင်တွေအတွက် နယ်မြေဆုံးရှုံးသွားမယ့် အခြေအနေမျိုး ရှိတယ်။ အဲဒါကြောင့် ရခိုင်လူမျိုးတွေ အဲဒီနေရာကို အများကြီးပြန်ပို့ရဦးမယ်” လို့ ဦးကျော်လွင်က ဆိုပါတယ်။

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ရန်ပြုမှုကြောင့် တိုင်းရင်းသားကျေးရွာတွေမှာ ဒေသခံတွေ မနေရဲတော့ဘဲ တခြားဒေသတွေဆီ ပြောင်းရွှေ့နေထိုင်မှု များပြားလာတာကြောင့် တိုင်းရင်းသားကျေးရွာတွေကို စုစည်းတည်ဆောက်မပေးနိုင်ရင် နယ်မြေတစ်ခုလုံး ဆုံးရှုံးသွားနိုင်တာကြောင့် လွှတ်တော်ကိုတင်ပြခဲ့လို့ အဆိုရှင်က ဆိုပါတယ်။

ဇာတိမြေဟာ ကျိန်စာလား

အဲဒီ ပျာရည်ကျေးရွာဟာ ရွာလို့ဆိုပေမယ့် ရွာထဲသို့ ဝင်လမ်း ထွက်လမ်း ပျောက်နေပြီး  စိုင်းဒင်ချောင်း ကမ်းနားအတိုင်း ရွာထဲသို့ဝင်တဲ့လမ်း ရှိခဲ့ပေမယ့် တစ်နှစ်ကို နည်းနည်းစီ ကမ်းပြိုရာမှာ ပါသွားတာကြောင့် အခုတော့ တချို့နေရာတွေမှာ ခြေတစ်ဖဝါးစာပဲ ရှိပါတော့တယ်။

ခုအချိန်မှာတော့ လုံခြုံရေးဝန်ထမ်း နှစ်ဆယ်ကျော်သာရှိတဲ့ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ လေးမြို့ရဲကင်းစခန်းရဲ့ ခြံစည်းရိုးအကျယ်ကြီးအတိုင်း ကပ်ပြီးလျှောက်သွားမှ ရွာထဲသို့ သွားလာလို့ရပါတယ်။ အဲဒီ လုံခြုံရေးကင်းစခန်းကို လွန်တဲ့အခါမှသာ ရွာအဝင်လမ်းကို ရောက်ပါတယ်။

ရွာထဲသို့ လှမ်းဝင်လိုက်ရင် ပြောင်းရွှေ့သွားကြသူတွေရဲ့ ကွက်လပ်ဖြစ်ကျန်ခဲ့တဲ့ ခြံဝင်းတွေ အိမ်နေရာတွေ၊ နေထိုင်သူ မရှိတော့လို့ ခြုံတွေနွယ်တွေ တက်နေပေမယ့် တချို့နေရာတွေမှာတော့ ဘင်္ဂါလီတွေ တဲထိုးကာ စိုက်ပျိုးရေးတွေ လုပ်နေကြတာ တွေ့ရပါတယ်။ ပြောင်းရွှေ့သွားကြသူတွေ စိုက်ပျိုးထားခဲ့တဲ့ သရက်ပင်၊ ပိန္နဲပင် အုန်းပင်နဲ့ စားပင်သီးပင်တွေ စီစီရီရီ ပေါက်နေတာတွေဟာ ဒီနေရာတွေမှာ တစ်ချိန်က လူတွေအများကြီး နေထိုင်မှုတွေ ရှိခဲ့တယ်ဆိုတာကို ပြောပြနေသလို ဖြစ်နေပါတယ်။

“ကိုယ့်နေရာကိုပစ်ပြီး တခြားကိုလည်း ထွက်မသွားချင်တော့ပါဘူး။ အမေကလည်း အသက်ကြီးပြီဆိုတော့လေ။ တကယ်ဆို ဒီနေရာက လုပ်ကိုင်စားသောက်ဖို့ ကောင်းပါတယ်။ ဒီစိုင်းဒင်ချောင်းနဲ့ ရွာနီးမှာပဲ တစ်နပ်စာတော့ အလွယ်တကူ ရှာဖွေစားလို့ ရနေသေးတယ်။ ဒါပေမယ့် အစိုးရဖက်က တခြားရွာတွေလို အခွင့်အရေး တန်းတူမပေးဘူး။ ဆိုလာမီးတွေ ရွာတိုင်းပေးပေမယ့် ဒီရွာကိုတော့ မပေးဘူး။ ဒီရွာက ဒီနေ့ ကျမတို့ထွက်သွားရင် မနက်ဖြန်ဆို ကုလားရွာဖြစ်သွားမှာပါ။ ခုတောင် တဲတွေထိုး ဥယျာဉ်တွေလုပ်နေကြပါပြီ။ ဒါကြောင့်လည်း ဒီနေရာကို မစွန့်နိုင်ဘူး” လို့ ဒေါ်မကြီးရဲ့သမီး၊ သမီးနှစ်ယောက်မိခင် အသက်သုံးဆယ် ကျော်အရွယ် ဒေါ်ခင်သန်းယဉ်ဟာ ခေါင်းပေါ်က မုန့်တောင်းကိုချအပြီး သောက်ရေခွက်ကို လက်တစ်ဖက်နဲ့ဆွဲယူရင်း ချွေးစိုစိုလေးတွေကို သုတ်ကာဆိုပါတယ်။

အဖွားဒေါ်မကြီးနဲ့ သူတို့မိသားစု သမီး၊ သားမက်တို့ဟာ သူတို့ရဲ့ရွာလေးကို အရင်ကလိုပဲ စည်ပင်လာစေချင်နေကြသလို သူတို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာဒီဒေသက ထွက်ခွာသွားဖို့ ဆန္ဒမရှိပါဘူးလို့ ပြောကြပါတယ်။ ခုချိန်မှာ သူတို့မိသားစုသာ ဒီနေရာကထွက် သွားမယ်ဆိုရင် တစ်ရွာလုံးပျက်မှာ ဖြစ်သလို ဒီပျာရည်ရွာဆိုတဲ့ အမည်ဟာလည်း ပျောက်သွားမှာပဲလို့ ပြောကြပါတယ်။

“သိမ်းထားတဲ့ လယ်တွေထဲက အခုအသုံးမပြုတဲ့ လယ်မြေတွေကိုသာ ပြန်ပေးမယ်ဆိုရင်တော့ ကောင်းမှာပေါ့။ ဒါဆို လုပ်ကိုင်စားသောက်ဖို့ မြေရှိပြီဆိုရင် ထွက်သွားသူတွေလည်း ပြန်လာလိမ့်မယ်လို့ ထင်ပါတယ်။ လယ်တွေကို သိမ်းထားတာကတော့ နစက အဖွဲ့ကပါ။ ဒါပေမယ့် တကယ်တမ်းလုပ်စားတော့ ကုလားက လုပ်စားနေတာလေ။ အခု နစက မရှိတော့လို့ နယ်ခြားစောင့်ရဲက ဆက်ပြီး တာဝန်ယူတော့လည်း ဒီအတိုင်းပါပဲ” လို့ သူမက ဆက်ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အပိုဒ်  ၃၅၆ မှာ “နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင် ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်” လို့ ဖော်ပြထားပါတယ်။

လုံခြုံရေးနဲ့ မျှော်လင့်ချက်မနက်ဖြန်

ပျာရည်ကျေးရွာက ဒေသခံတွေဟာ သူတို့ရွာ ပျောက်ကွယ်သွားမှာကို စိုးရိမ်ကြသလို သူတို့ရဲ့ လုံခြုံရေးအတွက်လည်း စိုးရိမ်မှုတွေရှိကြပါတယ်။

“ဒီနေရာ ဒီဒေသက ဘယ်အချိန်မှာ ဘာဖြစ်လာမလဲလို့ စိုးရိမ်နေရတာပါ။ ဒီနားက လုံခြုံရေးရဲကင်းကတော့ သူတို့ရှိတယ်။ တစ်ခုခု အရေးအကြောင်းကျရင် သူတို့ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့နေရာက ကန့်သတ်နယ်မြေ ဖြစ်နေတော့ အချိန်တိုင်း ဝင်ထွက် သွားလာလို့မရဘူး။ ညနေကျတာနဲ့ ခြံတံခါးကို အသေပိတ်ထားပြီလေ ရှေ့မှာ ချောင်း၊ နောက်မှာက လယ်မြေ၊ မြောက်ဘက်ကပ်လျက်က စခန်း၊ တောင်ဘက်မှာ လမ်းမရှိတော့ဘူး။ ဒီရွာက အဆုံးပဲ” လို့ ဒေါ်မကြီးရဲ့သားမက်ဖြစ်သူ ကိုကျော်သက်လွင်က သူတို့မိသားစု နေထိုင်နေရတဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်မှုတွေကို ပြောပြပါတယ်။

အဲဒီကင်းစခန်း (အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ လေးမြို့ရဲကင်းစခန်း)ရဲ့ မူလအမည်မှာ ဖုံညိုလိပ်စခန်းဖြစ်ပြီး ပျာရည်ကျေးရွာ တစ်ဖက်ကမ်း စိုင်းဒင်ချောင်းနံဘေးရှိ ဖုံညိုလိပ် ဘင်္ဂါလီရွာတွင် တည်ရမည့်စခန်းကို ဖုံညိုလိပ် ဘင်္ဂါလီရွာမှ ဘင်္ဂါလီတွေက ငွေပေးပြောင်းရွှေ့ခိုင်းသဖြင့် ချောင်းတစ်ဖက်ကမ်း ပျာရည်ရခိုင်ရွာသို့ ရောက်သွားကာ စခန်းနေရာအတွက် ဒေသခံ ရခိုင်လူမျိုးပိုင် လယ်ယာမြေ အများအပြားကို သိမ်းဆည်းခံရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် နစ်နာကြေးတွေကို အစိုးရထံ စာရေးသားပေးပို့ တောင်းဆိုခဲ့ဖူးသူ မရှိသေးကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ရှင်းပြပါတယ်။

“အစိုးရအနေနဲ့ ကျေးရွာချင်းဆက် လမ်းတစ်လမ်းရယ်။ အိမ်ခြေနှစ်ဆယ်သုံးဆယ်ခန့် ပြန်တည်ပေးစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အချိန်အတိုင်းအတာတစ်ခုမှာ ဒီရွာ ပျောက်သွားနိုင်ပါတယ်။ ရခိုင်တွေမနေတော့ရင် ဘင်္ဂါလီကျေးရွာ ချက်ချင်းဖြစ်သွားနိုင်ပါတယ်” လို့ ဒေါ်မကြီးက မချိတင်ကဲ ဆိုပါတယ်။

ဒီဇင်ဘာ ဆောင်းမနက်ခင်းရဲ့ နှင်းစက်တွေကြားမှာ နေမင်းအလင်းရောင်တွေ စိုင်းဒင်တောင်တန်းပေါ် တစတစမြင့်လာသလို စိုင်းဒင်ချောင်းနံဘေးရှိ စိမ်းစိုစိုရွာဟောင်းလေး  ပြန်လည် စည်ကားသာယာလာမယ့် မနက်ဖြန်တွေကို အသက်ခုနှစ်ဆယ်ကျော်အရွယ် အဖွားအိုတစ်ဦးကတော့ အထီးကျန်ဆန်စွာ စောင့်မျှော်နေလေရဲ့ ....။

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၁) တွင်လည်း ဖတ်ရှုနိုင်သည်။

ဗီဒီယိုများ