ရခိုင်ပြည်၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေအပေါ် AA ပြောကြားချက်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)မှ သြဂုတ် ၁၁ ရက်နေ့တွင်ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှ ရခိုင်ပြည်၏ စစ်ရေး၊နိုင်ငံရေးအခြေအနေများကို DMG မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

11 Aug 2022

DMG ၊ သြဂုတ် ၁၁

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)မှ သြဂုတ် ၁၁ ရက်နေ့တွင်ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှ ရခိုင်ပြည်၏ စစ်ရေး၊နိုင်ငံရေးအခြေအနေများကို DMG မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

ဖမ်းဆီးမှုများဆက်ရှိနေပါက တကျော့ပြန်တိုက်ပွဲဖြစ်လာနိုင်

မြန်မာစစ်တပ်က ရခိုင်ပြည်အတွင်းရှိ ပြည်သူများကို မတရားဖမ်းဆီးမှုများ ဆက်လက်ရှိနေမည်ဆိုပါက တကျော့ပြန်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာနိုင်သည်ဟု ရက္ခိုင့်တပ်တော်(AA)မှ သတိပေးပြောဆိုသည်။

(ULA/AA)ကို ပြည်သူလူထုထောက်ခံမှု အထွဋ်အထိပ်သို့ရောက်နေချိန်တွင် ULA/AA ကို ထောက်ခံသည်ဟုယူဆသည့် အပြစ်မဲ့ပြည်သူလူထုများကို စစ်ကောင်စီမှ အကြောင်းအမျိုးမျိုပြပြီး လိုက်လံဖမ်းဆီးကာ လူဖမ်းပွဲများပြုလုပ်လာသည်ဟု AA ကဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားပြည်သူများကို ထိုသို့ဖမ်းဆီးနေမှုအပေါ် ရပ်တန့်ရန်မလွယ်ကူကြောင်းနှင့် ပြည်သူများအနေဖြင့် သွားသတိ၊ လာသတိ၊ စစ်ရေးသတိဖြင့်သာ သွားလာကြရန် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက အကြံပြုပြောဆိုသည်။

ယခုနှစ် ဇွန်လနောက်ဆုံးပတ်မှစတင်ကာ လက်ရှိအချိန်ထိ အရပ်သား (၁၀၀)နီးပါးဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ပြန်လွတ်လာသော်လည်း လက်ရှိအချိန်ထိဖမ်းဆီးခံထားရသူ ၅၀ ကျော်အထိရှိသေးကြောင်း AA ကဆိုသည်။

ထို့အတူ ရခိုင်-ဘင်္ဂလားနယ်စပ်နှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး မြေပြင်တွင်လည်း AA စခန်းများကို ထိုးစစ်သဖွယ် တိုက်ခတ်မှုများရှိနေသည့်အတွက် ရခိုင်ပြည်သူများအနေဖြင့် ယခင်ကထက် သတိပြုသွားလာကြရန် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် စစ်ရေးတင်းမာမှုများရှိလာနေပြီး မောင်တော၊ ပလက်ဝမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုရှိလာနေသည်။ စစ်ရေးတင်းမာမှုရှိလာပြီးနောက် မြန်မာစစ်တပ်ဘက်ကလည်း အရပ်သားပြည်သူများကို ဖမ်းဆီးမှုများရှိသကဲ့သို့ AA ဘက်ကလည်း ရဲနှင့် စစ်သားများကို ဖမ်းဆီးမှုများရှိနေသည်။

မောင်တောက စစ်ကောင်စီတပ်စခန်း ၇ ခု ဆုတ်ခွာသွား

လက်ရှိ စစ်ရေးတင်းမာနေသည့်ကာလတွင် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခု ဆုတ်ခွာသွားကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

ထိုစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခြင်းမဟုတ်ဘဲ တစ်ဖက်နှင့်တစ်ဖက် ဖြတ်တောက်ပိတ်ဆို့ကြချိန်တွင် အခက်အခဲကြောင့် ဆုတ်ခွာသွားကြသည့် စခန်းများဖြစ်ကြောင်းဆိုသည်။

လက်ရှိတွင်လည်း မောင်တောမြို့မြောက်ပိုင်းနှင့် ပလက်ဝတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ပွားနေကြောင်း AA ကဆိုသည်။ စစ်ကောင်စီမှ ရခိုင်ပြည်သူလူထုကို ဖမ်းဆီးခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို ပိတ်ဆို့ခြင်း၊ ကုန်သွယ်ရေးနှင့်ပတ်သက်၍ အခြေခံစားသောက်ကုန်များကို ကန့်သတ်ခြင်း စသည့်ဖိနှိပ်ခြင်းများကြောင်း ယခုကဲ့သို့တိုက်ပွဲများဖြစ်ပွားလာရခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။

ရခိုင်က စစ်ကောင်စီကို AA သတိပေး

ရခိုင်ပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့သည် ပြည်သူများကို အကျပ်အတည်းဖြစ်အောင်၊ ဒုက္ခရောက်အောင်ဆောင်ရွက်နေပြီး ကုန်စည်စီးဆင်းမှုကို ကန့်သတ်ခြင်း၊ မတရားဖိနှိပ်မှုများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျလုပ်ဆောင်နေသည်ဟု AA ကဆိုသည်။  

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့အနေဖြင့် ပြည်သူလူထုကို ဆက်ပြီးဒုက္ခပေးနေမည်ဆိုပါက တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နှင့်အညီ လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတိပေးပြောဆိုသည်။

လက်ရှိတွင်လည်း ရခိုင်ပြည်တွင်းက ကုန်လမ်း၊ရေလမ်းများမှ ခရီးသွားလာသူများအား မြန်မာစစ်တပ်က စစ်ဆေးမှုများလုပ်ဆောင်နေသည့်အတွက် ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း၊ ခရီးသွားလာမှုကြန့်ကြာခြင်း စသည့်အခက်အခဲများဖြင့် ကြုံတွေ့ရသည်ဟု ဒေသခံများကဆိုသည်။

AA က စစ်ကောင်စီနှင့် ဆွေးနွေးရန်မရှိသေး

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် AA တို့ကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေသော်လည်း လက်တလောတွင် စစ်ကောင်စီနှင့် နိုင်ငံရေးအရဆွေးနွေးရန်မရှိသေးကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကြား ဆွေးနွေးနေမှုအခြေအနေကို ရလာဒ်များကိုစောင့်ကြည့်နေပြီး ယခုအချိန်ထိ အားရစရာတစ်ခုမှ မတွေ့ရသေးကြောင်း AA က ဆိုသည်။

ငြိမ်းချမ်းရေးမဆွေးနွေးရသည့် EAOs အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ထပ်မံဖိတ်ခေါ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတိယအကြိမ်အဖြစ် သြဂုတ်လ ၁ ရက်နေ့က ထပ်မံဖိတ်ခေါ်ထားသည်။

ULA/AA ၏ ပြောကြားချက်များနှင့်ပတ်သက်၍ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဗီဒီယိုများ