ရခိုင်ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်ခြင်းမှာ မိမိတို့ နှင့် ပြည်သူများကို ခြိမ်းခြောက်ခြင်းဟု AA ပြောဆို

မြန်မာစစ်တပ်က ရခိုင်ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်ခြင်းမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ရခိုင်ပြည်သူများကို ခြိမ်းခြောက်ခြင်းသာဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ယနေ့ပြောသည်။

07 Jul 2022

ရခိုင်ပင်လယ်ပြင်တွင် ဇူလိုင်လ ၅ ရက်နေ့က မြန်မာစစ်တပ် စစ်ရေးလေ့ကျင့်စဉ်။ဓာတ်ပုံ- https://cincds.gov.mm/node/18551

DMG ၊ ဇူလိုင် ၇

မြန်မာစစ်တပ်က ရခိုင်ပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်ခြင်းမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ရခိုင်ပြည်သူများကို ခြိမ်းခြောက်ခြင်းသာဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ယနေ့ပြောသည်။

မြန်မာစစ်တပ်သည် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်းတွင် တိုက်ခိုက်ရေး ရေငုပ် သင်္ဘော၊ စစ်ရေယာဉ် မင်းရဲသိင်္ခသူ နှင့် မင်းရဲကျော်ထင်အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ် နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်းကို ပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၅ ရက်နေ့တွင် စစ်ရေးလေ့ကျင့်စဉ် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သည်။ ထိုသို့ လေ့ကျင့်ရခြင်းမှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန်၊ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မားစေရန် လေ့ကျင့်ခြင်းဟု စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

နိုင်ငံတစ်နိုင်ငံ၏ စစ်တပ်အနေဖြင့် တိုက်ပွဲဝင်အသင့်ဖြစ်ရေးအတွက် စစ်ရေးလေ့ကျင့်ခြင်းမှာ လုပ်ရိုးလုပ်စဉ် ကိစ္စဖြစ်သည်။သို့သော်လည်း မြန်မာစစ်တပ်ကို ရေပြင်တွင် မည်သည့်နိုင်ငံကမျှ ခြိမ်းခြောက်နေခြင်းမရှိပေ။ ထို့ကြောင့် ခြုံငုံသုံးသပ်ရလျှင် ဒေသခံ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ရက္ခိုင့်တပ်တော်နှင့် ပြည်သူများကို အင်အားပြပြီး ခြိမ်းခြောက်ခြင်းဟု ဦးခိုင်သုခက ပြောသည်။

“မြန်မာစစ်တပ်၊မြန်မာရေတပ်အနေနဲ့ ရခိုင်ရေပြင်မှာ စစ်ရေးလေ့ကျင့်တယ်ဆိုတာက ခြုံပြီးသုံးသပ်ရရင် သူ့ကို ရေပြင်မှာ ခြိမ်းခြောက်နေတဲ့ ဘေးက နိုင်ငံတွေ၊ဥပမာ - အိန္ဒိယသော်လည်းကောင်း၊ဘင်္ဂလားဒေ့ရှ်သော်လည်း ကောင်း ခြိမ်းခြောက်တာမရှိ။ ဆိုတော့ သူတို့စစ်ရေးလေ့ကျင့်တာရဲ့ အဓိကရည်ရွယ်ချက်ဟာ ဒေသခံ လက်နက် ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင့်တပ်တော်နဲ့ ရခိုင်ပြည်သူတွေကို အင်အားပြပြီး ခြိမ်းခြောက်ပြတဲ့သဘောလို့ သုံးသပ်ပါတယ်”ဟု ၎င်းကဆိုသည်။

အလားတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း မြန်မာစစ်တပ်သည် အိမ်နီးချင်းနိုင်ငံများနှင့်လည်း ဆက်ဆံရေးကောင်းမွန်နေသဖြင့် စစ်ဖြစ်လာစရာမရှိကြောင်း၊ ပြည်တွင်းရှိလက်နက်ကိုင် အဖွဲ့အစည်းများကိုသာ အင်အားပြသခြင်းဟု ပြောသည်။

“အဓိကတော့ ပြည်တွင်းက သူတို့နဲ့မသင့်မြတ်တဲ့ အစုအဖွဲ့တွေကို ငါတို့ ရေတပ်တွေ ဘယ်လောက်ရှိတယ် ဆို တာကို အင်အားပြတာလို့မြင်မိတယ်”ဟု ဦးဖေသန်းက ဆိုသည်။

တပ်မတော်(ရေ)တွင် စစ်ရေယာဉ်များ အသင့်ဖြစ်ရမည်၊လက်နက်နှင့်လက်နက်စနစ်များအသင့်ဖြစ်ရမည်၊ရေ တပ်သားများ အသင့်ဖြစ်ရမည်ဟူသည့် အသင့်ဖြစ်မှု သုံးရပ်နှင့်ပြည့်စုံရမည်ဖြစ်ကြောင်း၊ထို့ကြောင့် စစ်ဆင်ရေး နယ်ပယ်သုံးရပ်လုံးတွင် စစ်ဆင်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်များရှိနေရုံဖြင့်မရဘဲ ယင်းစစ်ရေယာဉ်များကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် အမြဲတမ်း ပြင်ဆင်လေ့ကျင့်နေကြရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ရခိုင်ပြည်အတွင်းတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှ စတင်ကာ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ပထမပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ယင်းနောက် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်စဲနေရာမှ လတ်တလောတွင် နှစ်ဘက်သဘောထားများတင်းမာလာကာ တိုက်ပွဲအချိန်မရွေးဖြစ်ပွားလာနိုင်သည့်အခြေအနေရှိသည်ဟု ရခိုင်အရေးလေ့လာသူများက သုံးသပ်ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကလည်း မြန်မာ-ထိုင်း နယ်စပ်ရှိ ရက္ခိုင့်တပ်တော်(AA)၏ တပ်စခန်းတစ်ခုအား  မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများ လည်း ရှိခဲ့သည်။

ဗီဒီယိုများ