ALP ဒု-ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရာဇဝတ်မှုကျုးလွန်၍ ဖမ်းဆီးခြင်းဟု AA ပြော

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဖမ်းဆီးရခြင်းမှာ ALP ပါတီဝင်ဖြစ်နေသည့်အတွက် ဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်း၏ ရခိုင်ပြည်သူလူထုအပေါ် ကျုးလွန်ထားသည့် ရာဇဝတ်မှုများကြောင့် ဖမ်းဆီးခြင်းဟု (ULA/AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

11 Aug 2022

ALP ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို တွေ့ရစဉ်။ Photo- ALP စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန FB Page

DMG ၊ သြဂုတ် ၁၁

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဖမ်းဆီးရခြင်းမှာ ALP ပါတီဝင်ဖြစ်နေသည့်အတွက် ဖမ်းဆီးခြင်းမဟုတ်ဘဲ ၎င်း၏ ရခိုင်ပြည်သူလူထုအပေါ် ကျုးလွန်ထားသည့် ရာဇဝတ်မှုများကြောင့် ဖမ်းဆီးခြင်းဟု (ULA/AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

ခိုင်ပေါ်လင်း၏ ကျုးလွန်ထားသည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ ပြည်သူများကတိုင်တန်းလာသည့်အတွက် ဖမ်းဆီးထိန်းသိမ်းရခြင်းဖြစ်သည်ဟု ယနေ့(သြဂုတ်လ ၁၁ ရက်)တွင် ပြုလုပ်သည့် ရခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA) ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ခိုင်ပေါ်လင်းကို ကျနော်တို့ဖမ်းတာက ALP အဖွဲ့ဝင်ဖြစ်လို့ ဖမ်းတယ်ဆိုတာထက် ရခိုင်ပြည်သူလူထုအပေါ်မှာ ကျုးလွန်ထားတဲ့ သူ့ရဲ့ရာဇဝတ်မှုတွေကြောင့် ဖမ်းဆီးရတာဖြစ်ပါတယ်။ ကျနော်တို့အမြင်က ခိုင်ပေါ်လင်းဟာ ရခိုင်ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တယ်။ သူဟာ တချို့ကိစ္စတွေ၊ တချို့ရာဇဝတ်ပြစ်မှုတွေမှာ ပါဝင်ပတ်သက်တာတွေရှိတယ်။ အဲဒီရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ပြည်သူတွေက တိုင်တန်းလာတာတွေကိုလည်း ကျနော်တို့ဆီမှာရှိတယ်။ အဲဒီအတွက် ကျနော်တို့ဟာ ပြည်သူလူထုလုံခြုံရေးအတွက် လိုအပ်လို့ဖမ်းဆီးထိန်းသိမ်းထားရတာဖြစ်ပါတယ်”ဟု သူကဆိုသည်။

ALP မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ကျုးလွန်ထားသည့ဆိုသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ AA မှ တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိခဲ့ပေ။ ALP ပါတီဝင် ခိုင်ပေါ်လင်းသာမဟုတ်ဘဲ ပြည်သူလူထုအား တရားလွန်ဒုက္ခပေးလာသည့် မည်သူ့ကိုပင်မဆို လိုအပ်လျှင်လိုအပ်သလို ဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

ALP ပါတီဝင် ခိုင်ပေါ်လင်းအပါအဝင် အဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကို ULA/AA တပ်ဖွဲ့ဝင်များက သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့ရှိ ၎င်းတို့၏နေအိမ်မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ခိုင်ပေါ်လင်းအပါအဝင် အဆိုပါအမှုနှင့်ဆက်စပ်သည့် ပုဂ္ဂိုလ်များကိုလည်း အမှုအလားအလာပေါ်တွင်မူတည်ပြီး ဆက်လုပ်ရမည်ကိစ္စကို ဆွေးနွေးနေကြောင်းနှင့် ALP ပါတီအနေဖြင့်လည်း စစ်ကောင်စီနှင့်ပူးပေါင်းနေခြင်းမှာ ပြည်သူလူထုကို သစ္စာဖောက်နေခြင်းဟု ဦးခိုင်သုခကပြောသည်။

“နောက်တစ်ခုက ဒီလိုအုပ်စုဖွဲ့လို့ ရာဇဝတ်မှုကျုးလွန်တာတွေဟာ ပြည်သူလူထုရဲ့လုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်သလို တစ်ဖက်မှာ ရန်သူနဲ့ပူးပေါင်းပြီး ပြည်သူလူထုကို သစ္စာဖောက်နေတာဖြစ်ပါတယ်။ အဲဒီအတွက် ALP အနေနဲ့ ပြည်သူလူထုကို ဒီလိုသစ္စာဖောက်တဲ့လုပ်ရပ်တွေ၊ ပြည်သူလူထုကို အနိုင်ကျင့်မှုတွေ လုပ်နေတာတွေဟာ သူတို့ရဲ့အနာဂတ်မှာ ပြည်သူက ဘယ်လိုဒဏ်ခတ်လာမှာလည်းဆိုတာ ဆက်ပြီးစောင့်ကြည့်ရမယ့်ကိစ္စဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု သူကဆိုသည်။

ALP ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းမှာ ရာဇဝတ်မှုကျုးလွန်သည့်အတွက်ဖမ်းဆီးရခြင်းဟု AA ၏ ပြောဆိုချက်မှာ မဖြစ်နိုင်ကြောင်းနှင့် ALP ပါတီအနေဖြင့် လက်နက်အားကိုးဖြင့် ဂိုဏ်းဖွဲ့ပြီး ရာဇဝတ်မှုကျုးလွန်ခြင်းမရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်၏ ဒု-ဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောသည်။

ယင်းအပြင် ပါတီ၏ ဗိုလ်မှူးကြီးများ၊ ဗဟိုကော်မတီဝင်များ၊ရဲဘော်များကို ရက္ခိုင့်တပ်တော်(AA)မှဖမ်းဆီးခြင်းများကို ALP ပါတီအနေဖြင့် အကြိမ်ကြိမ်သည်းခံခဲ့သော်လည်း ယခုအချိန်တွင် သည်းခံနိုင်မည်မဟုတ်တော့ကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့ အကြိမ်ကြိမ်သည်းခံလာပြီ။ ဒီတစ်ကြိမ်တော့ သည်းမခံနိုင်တော့ဘူး။ အဲတာကြောင့်မလို့ ကျနော်တို့ဆုံးဖြတ်ချက်ချတယ်။ ကျနော်ပါတီနဲ့ တပ်မတော်အမိန့်အရ၊ စည်းကမ်းအရ ကျနော်တို့ခံယူတယ်။ ဒု-ဗိုလ်မှူးကြီးကို ဖမ်းဆီးသွားတဲ့သူတွေကိုဖမ်းရမှာက ကျနော်တို့ရဲ တာဝန်ဝတ္တရားဆိုတာ နားလည်ထားတယ်။ ဒါကြောင့်လို့ ကျနော်တို့ဒုဗိုလ်မှူးကြီးကို ဖမ်းဆီးရာမှာပါတဲ့သူတွေကို သတင်းအချက်အလက်သေချာယူပြီး လိုက်လံဖမ်းဆီးနေတာရှိတယ်။ နောက်လည်း ဒါတွေကိုဆက်လုပ်အုံးမယ်။ကျနော်တို့လည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမှာဖြစ်တယ်”ဟု သူကဆိုသည်။

ALP ပါတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ULA/AA မှ ဖမ်းဆီးခြင်းသည် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကိုထိပါးစေကာ ရခိုင်တော်လှန်ရေးအဖွဲ့ အချင်းချင်းအကြားတွင် လုံးဝမဖြစ်သင့်သည့်လုပ်ရပ်ဟု ALP က ထုတ်ပြန်ထားသည်။

ယခင်ကလည်း ULA/AA ဘက်က ALP/ALA အရံဗဟိုကော်မတီဝင် ခိုင်အောင်သိန်းဌေးအပါအဝင် တပ်ဖွဲ့ဝင်(၁၀)ကျော်ကိုဖမ်းဆီးခဲ့ပြီး ယနေ့အထိပြန်မလွတ်သေးကြောင်း ALP ကဆိုသည်။

AA အနေဖြင့် ALP တပ်ဖွဲ့ဝင်များအား ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းခြင်းများပြုလုပ်ပြီးလျှင် ပြန်လွှတ်ပေးခြင်းများရှိသလို သံသယရှိသည့် ALP တပ်ဖွဲ့ဝင်များကို တာရှည်ထိန်းသိမ်းရခြင်းများရှိသည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောသည်။

ပြီးခဲသည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် မြောင်ကြီးကျေးရွာအနီးရှိ ALP မှ တွဲဘက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းနှင့် ခိုင်မျိုးဇံအပါအဝင် ဆေးဝန်ထမ်းများဖြစ်သည့် ခိုင်ဌေး၊ ခိုင်မိုးဇက်၊ ခိုင်ဟိန်းဇော်တို့ကို ULA/AA မှဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၁၀ ကျော်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။

ALP ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အကူအညီဖြင့် ၁၉၆၈ ခုနှစ် နိုဝင်ဘာလတွင်စတင်ဖွဲ့စည်းခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ဝါရင့်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ လက်ရှိတွင် ALP မှာ အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချူပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည်။

ဗီဒီယိုများ