ကျမ ကိုယ်ဝန်မလိုချင်ပါ၊ သို့သော် …

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲ ၆ လကျော်အတွင်း အကြောင်းမဲ့ အသက် ဆုံးရှုံးသွားသည့် ကိုယ်ဝန်ဆောင် မိခင် ၅ ဦးထက်မနည်းရှိပြီး မြေပြင်တွင် ယင်းထက် ပိုများနိုင်သည်။ 

By Admin 27 May 2024

ကျမ ကိုယ်ဝန်မလိုချင်ပါ၊ သို့သော် …

မျိုးသီရိကျော် - ရေးသည်။

“တကယ်တမ်းပြောရရင် ကျမက ကလေးမလိုချင်သေးဘူး။ ကိုယ်ဝန်ရသွားတော့လည်း ဘာမှ မတတ်နိုင်ဘူးလေ” ဟု ညည်းညူပြီး ပြောလာသူက အသက် ၃၈ နှစ်အရွယ် ဒေါ်အေးကြည် (အမည်လွဲ) ဖြစ်သည်။ 

ဒေါ်အေးကြည်မှာ ရခိုင်ပြည်၊ စစ်တွေမြို့၊ ဓညဝတီရပ်ကွက်တွင် နေထိုင်ခဲ့သည်။ (၁၁)နှစ်အရွယ် သမီးတစ်ဦးရှိပြီး လင်ယောကျာ်းနှင့်အတူ ကြံရည်ရောင်းသည့်အလုပ်ဖြင့် မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့ကြသည်။ 

တိုက်ပွဲကြောင့် ကြံကုန်ကြမ်းမရသဖြင့် ကြံရည်ရောင်းသည့်အလုပ်ကို စွန့်လွတ်ကာ ဒီဇင်ဘာလဆန်းပိုင်း၌ သားအမိသားအဖသုံးယောက် မြောက်ဦးမြို့နယ်ဘက်သို့ စစ်ဘေးတိမ်းရှောင်လာကြသည်။ 
ရခိုင်မှာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် တိုက်ပွဲစတင်ပြီးနောက်  ကုန်စည်တင်ပို့နိုင်သော ကုန်းလမ်း၊ ရေလမ်းကြောင်းအားလုံးကို စစ်ကောင်စီက  တင်းကြပ်စွာပိတ်ဆို့လိုက်သည်။ 

ယင်းအကျိုးဆက်အဖြစ် ရခိုင်ပြည်တွင်း၌ အခြေခံလူသုံးကုန်ပနှင့် စားသောက်ကုန်များ ပြတ်တောက်လာခဲ့ပြီး လက်ကျန်ပစ္စည်းများမှာလည်း ဈေးနှုန်း ဆက်တိုက်ထိုးတက်လာခဲ့သည်။

ထိုအထဲတွင် အိမ်ထောင်ရှင် အမျိုးသမီးများ အလွယ်တကူ ကိုယ်ဝန်မရနိုင်အောင် ကာကွယ်ပေးသည့် လစဉ်သုံး သန္ဓေတားဆေးလည်း အပါအဝင်ပင်။

သန္ဓေတားဆေးပြတ်တောက်ခြင်းမှာ  မြို့ပေါ်နေသူများထက်  ကျေးလက်နေ အိမ်ထောင်ရှင်အမျိုးသမီးများနှင့် စစ်ဘေးရှောင် အိမ်ထောင်ရှင်အမျိုးသမီးများကို ပိုပြီးသက်ရောက်မှုရှိစေသည်။ 

“အမှန်တိုင်းပြောရရင် ကိုယ်ဝန်ရသွားတာကို မသိလိုက်ဘူး။ အဓိကတော့ သန္ဓေတားဆေးမသောက်ဘဲ နေရင်းနဲ့ ဒီလိုမလိုလားတဲ့ ကိုယ်ဝန်ရသွားတာပါ။ အခုဆိုရင် ကိုယ်ဝန်က လေးလကျော် ရှိနေပြီ” ဟု ဒုတိယမြောက် ရင်သွေးလွယ်ထားရသည့် အခြေနေကို ဒေါ်အေးကြည်က ပြောသည်။ 

တကျော့ပြန်စစ်ရေးအတွင်း ရခိုင်နှင့်ပလက်ဝဒေသတွင် လူဦးရေတစ်သိန်းရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာနေရပြီး ယင်းအထဲ အိမ်ထောင်ရှင်အမျိုးသမီး သောင်းနှင့်ချီပါဝင်သည်ဟု စစ်ဘေးရှောင်အရေးကူညီသူများက ပြောသည်။ 

မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုပေးနေသူများ၏ စစ်တမ်းအရ ရခိုင်ကျေးလက်ဒေသမှ အိမ်ထောင်ရှင် အမျိုးသမီးများ အများဆုံး အသုံးပြုလေ့ရှိသည့် သန္ဓေတားဆေးအမျိုးအစားများမှာ OK၊ စိတ်ချ၊ Lydia Fine တို့ဖြစ်ကြောင်း သိရသည်။  

တစ်လစာ ဆေးကဒ်တစ်ကဒ်တွင် ဆေးအလုံးရေ  ၂၈ လုံးပါဝင်သည်။ ယခင်က ဆေးတစ်ကဒ်ကို အမြင်ဆုံး ငွေကျပ် ၁,၅၀၀ သာ ရှိခဲ့သော်လည်း လက်ရှိတိုက်ပွဲကာလတွင် ၁၂,၀၀၀ ကျပ်အထိ မြင့်တက်လျက်ရှိသည်။ ထိုဈေးနှုန်းဖြင့် မြို့ပေါ်ဒေသ၌ ဝယ်ယူ၍ရနိုင်သော်လည်း ကျေးလက်ဒေသများ၌ ပစ္စည်းရရန် ခက်ခဲသည်။ 

အလုပ်မရှိခြင်းနှင့်အတူ ကူညီထောက်ပံ့မှုလည်း တစ်စုံတစ်ရာမရရှိသော စစ်ဘေးရှောင်များထဲ သန္ဓေတားဆေး ဝယ်မသောက်နိုင်သည့် အိမ်ထောင်ရှင်အမျိုးသမီး များစွာရှိနေသည်။ 

“ဒီကာလမှာ အလုပ်လည်းမရှိ၊ ဒီဈေးနှုန်းနဲ့ဆို ကျမတို့လည်းဝယ်မသောက်နိုင်ဘူး။ ကျမဆို ဆေးမသောက်နိုင်တာ  တစ်လကျော်ရှိပြီ။ ရှိတဲ့နေရာကိုသွားရှာပြီး ဝယ်မယ်ဆိုရင်လည်း ဆေးဖိုးထက် ခရီးစရိတ်က ပိုကုန်ပါတယ်” ဟု မြောက်ဦးမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ဒေါ်ခိုင်ရွှေဝါက ပြောသည်။  

သန္ဓေတားဆေး ပြတ်လပ်နေမှုမှာ သောက်ဆေးတစ်ခုတည်းမဟုတ်ဘဲ ထိုးဆေးများပါ ရှားပါးနေခြင်း ဖြစ်သည်။ ကျေးလက်နေအမျိုးသမီးများမှာ သန္ဓေတားဆေးဝယ်ယူရန် မြို့သို့သွားလာရသည့် ခရီးစရိတ်က ဆေးတန်ဖိုး၏ ၅ ဆလောက် ရှိသည်ဟု ပြောဆိုကြသည်။

အိမ်ထောင်ရှင်အမျိုးသမီးများမှာ တိုက်ပွဲကာလ အလုပ်အကိုင်အဆင်မပြေခြင်း၊ စီးပွားရေးကျဆင်ခြင်းနှင့်အတူ စားဝတ်နေရေး အခက်အခဲကြား ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်၍လည်း စိန်ခေါ်မှုများ ရှိနေကြသည်။ 

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၄၄ နှစ်ကြား အိမ်ထောင်ရှင်အမျိုးသမီးဦးရေ၏ ၁၆ ရာခိုင်နှုန်းခန့်သည် လစဉ် သန္ဓေတားဆေးကို သောက်သုံးလေ့ရှိသည်ဟု ကျန်းမာရေးပညာရှင်များ၏ စစ်တမ်းများအရ သိရသည်။ 

ရခိုင်တွင် မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေသူ အမျိုးသားတစ်ဦးက “ဒီလိုခက်ခဲနေတဲ့ ကာလမှာ အိမ်ထောင်ရှင်အမျိုးသမီးတွေမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ရသွားတာတွေ အများကြီးတွေ့ရပါတယ်။ သူတို့မှာ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းရတဲ့ကြားထဲ ကလေးတစ်ယောက်မွေးဖို့ဆိုတာ ဆေးရုံဆေးခန်းလည်း ခက်ခဲတော့ အန္တရာယ် ပိုများပါတယ်” ဟု ပြောသည်။

တိုက်ပွဲကာလ အမျိုးသမီးများသည် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆုံးရှုံးနေရသည့်ပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုအပြင် အဖက်ဖက်တွင် ဆုံးရှုံးနစ်နာမှုများနှင့် ကြုံနေရသည်ဟု အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

“ဒီလိုအခြေနေမှာဆိုရင် ကလေးမယူချင်ဘူး ဆိုရင်တောင် အမျိုးသမီးတွေမှာ သန္ဓေတားဆေး မသောက်နိုင်ဘူး။ နောက်တစ်ခုက အကာအကွယ်ပစ္စည်းတွေလည်း မရှိတော့ ပိုပြီး ခက်ခဲတယ်။ ကလေးလိုချင်တဲ့အခါ ယူရတာက အဆင်ပြေတယ်။ ယောကျာ်းရှိတာနဲ့ ကလေးမွေးရတော့မယ်ဆိုတာက အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတာ။ ဒီကာလမှာ အမျိုးသမီးတွေ ပိုပြီး နစ်နာတယ်” ဟု သူမက ပြောသည်။

ရခိုင်ပြည်တွင်း လိုအပ်သည့်ဆေးဝါးများကို ကုန်းလမ်း၊ ရေလမ်းတို့မှ အဓိကတင်သွင်းပြီး အရေးပေါ်လိုအပ်သည့် ဆေးဝါးများကို လေကြောင်းလိုင်းမှ ရံဖန်ရံခါတင်သွင်းလေ့ရှိခဲ့သည်။ သို့သော်လည်း ယခုအခါ စစ်ကောင်စီက လမ်းပိတ်ဆို့ထားမှုကြောင့် ရခိုင်ပြည်အတွင်းသို့ ဆေးတင်သွင်းခွင့် မရှိတော့ပေ။ 

AA ထိန်းချုပ်ထားသည့် မြို့နယ် ၁၀ ခုနှင့် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် မြို့နယ်မှ ပြည်သူများမှာ ယခင် တိုက်ပွဲမဖြစ်ခင်ကပင် ရှိနေသည့် လက်ကျန်ဆေးဝါးများကိုသာ အသုံးပြုနေကြခြင်းဖြစ်သည်။ 

ဆေးဝါးအခက်အခဲကြောင့် သန္ဓေတားဆေး၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၂ နှစ်အောက် ကလေးများအား လစဉ်ပုံမှန်တိုက်ကျွေးနေသည့် ဆေးဝါးများနှင့် ဝက်သက်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေးနှင့် တစ်ခြားကာကွယ်ဆေးများ မထိုးနှံနိုင်တော့ပေ။ 

သန္ဓေတားဆေးကို လက်လှမ်းမမီနိုင်ခဲ့သည့် ဒေါ်အေးကြည်မှာ လက်ရှိ ကိုယ်ဝန်က ၄ လရှိနေပြီး ဖြစ်သော်လည်း ကလေးနှင့် မိခင်အတွက် ကျန်းမာရေးစောက်ရှောက်မှုမရ ဖြစ်နေသည်ဟု ပြောသည်။ 

“ကိုယ်ဝန်က ၄ လကျော်နေပြီ။ ဘာဆေးမှလည်း မသောက်ရသလို ထိုးလည်းမထိုးရပါဘူး။ အားဆေးဆိုရင်လည်း ပိုက်ဆံမရှိလို့ ဝယ်မသောက်နိုင်ဘူး။ ထမင်းနပ်မှန်အောင် စားဖို့တောင် မနည်းရုန်းကန်နေရတာ” 

AA ထိန်းချုပ်ထားသည့် မြို့နယ်များရှိ ဆေးရုံ၊ ဆေးခန်းတချို့ကို ဖွင့်လှစ်ကာ ပြည်သူများ ကျန်းမာရေးကိစ္စ အဆင်ပြေစေရန် ဆောင်ရွက်ထားမှုများ ရှိသည်။ 

သို့သော်လည်း အဆိုပါဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီက လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေ၍ ကလေးမွေးဖွားရန်အတွက် စိုးရိမ်စရာဖြစ်နေကြောင်း ကျောက်တော်မြို့နယ် တူးမြောင်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်လှခင်ဌေးက ပြောသည်။ 

ကလေးက နောက်လဆိုရင် မွေးတော့မယ်။ ဆေးရုံ၊ ဆေးခန်းသွားရမှာလည်း အရမ်းစိုးရိမ်တယ်။ ကလေးမွေးရမှာကို တွေးရင်း အရမ်းကြောက်လန့်နေမိပါတယ်

ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကိုယ်ဝန် ၆ လမတိုင်မီ သန္ဓေမှန်/မမှန် အနည်းဆုံးတစ်ကြိမ် အာထရာဆောင်းရိုက်ခြင်း၊ အာဟာရှိသောအစားအသောက်၊ ဆေးဝါးများနှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို လုံလောက်စွာ ခံယူရမည်ဖြစ်သည်။ 

တိုက်ပွဲကာလ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့် ဆုံးရှုံးနေရခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မီးဖွားစဉ်၌ အခက်အခဲရှိလာနိုင်သည်ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ 

“အာဟာရမပြည့်ဝတာ၊ သံဓာတ်ချို့ယွင်းချက်တွေရှိရင်တော့ မွေးလာတဲ့ကလေးမှာ ကိုယ်လက်အင်္ဂါမစုံတာ‌တွေ ဖြစ်နိုင်တယ်။ မိခင်အားမရှိရင် မမွေးနိုင်တာတွေ ဖြစ်တယ်လေ။ အခန့်မသင့်ရင် ကလေးရော၊ မိခင်ပါ အသက်ဆုံးရှုံးသွားနိုင်တယ်။ အခုကာလမှာ ဒါတွေမဖြစ်စေဖို့ ကြိုတင်လုပ်ဖို့ကလည်း ကျန်းမာရေးဌာနက ဘာမှ မလုပ်နိုင်တဲ့ အခြေအနေမှာရှိတယ်” ဟု သူက ဆက်ပြောသည်။ 

ရခိုင်ဒေသတွင်း စစ်ရှုံးနေသည့် စစ်ကောင်စီသည် လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်ပွဲနှင့် မသက်ဆိုင်သည့် ဆေးရုံ/ဆေးခန်း၊ ကျန်းမာရေးဝန်ထမ်းနှင့် အပြစ်မဲ့ ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိနေသည်။ 

ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲ ၆ လကျော်အတွင်း အကြောင်းမဲ့ အသက် ဆုံးရှုံးသွားသည့် ကိုယ်ဝန်ဆောင် မိခင် ၅ ဦးထက်မနည်းရှိပြီး မြေပြင်တွင် ယင်းထက် ပိုများနိုင်သည်။ 

ဒေါ်အေးကြည်တစ်ယောက်မှာတော့ မိသားစုနှင့်အတူစစ်ဘေးရှောင်ရင်း အလုပ်အကိုင်မယ်မယ်ရရ မရှိသည့်ကြားထဲ လူ့လောကထဲ ရောက်လာဦးမည့် ရင်သွေးငယ်အတွက် ရုန်းကန်ရပေတော့မည်။ 

“ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကလေးကို ရအောင်မွေးမှာပါ။ ဒါပေမယ့် ဒီလိုအဆင်မပြေတဲ့ကာလမှာ ကလေးရဲ့ အနာဂတ်ကိုတော့ အရမ်းစိတ်ပူမိတယ်” 

ဗီဒီယိုများ