စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ

စစ်ကောင်စီသည် မြေပြင်စစ်အင်အား အလုံးအရင်းနှင့် လက်နက်ခဲယမ်းများစွာနှင့်အတူ လေကြောင်း တိုက်ခိုက်မှုများကိုပါ အဓိက အသုံးပြုလာကာ ထိုးစစ်များပြုလုပ်နေပြီး နယ်မြေအချို့ကိုလည်း ပြန်လည် သိမ်းပိုက်မှုရှိနေသည်။

By Admin 14 Jul 2025

စစ်ကောင်စီ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds
စစ်ကောင်စီ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds

DMG ၊ ဇူလိုင် ၁၄

နိုင်ငံတဝန်း နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးထားသော စစ်ကောင်စီသည် မေလကုန်ပိုင်းမှ စ၍ တန်ပြန်ထိုးစစ်များ စတင်လာပြီး မိုးတွင်းကာလရောက်လာသည်နှင့်တပြိုင်နက် ထိုးစစ်အရှိန်ကို မြှင့်လာနေသည်။

စစ်ကောင်စီသည် မြေပြင်စစ်အင်အား အလုံးအရင်းနှင့် လက်နက်ခဲယမ်းများစွာနှင့်အတူ လေကြောင်း တိုက်ခိုက်မှုများကိုပါ အဓိက အသုံးပြုလာကာ ထိုးစစ်များပြုလုပ်နေပြီး နယ်မြေအချို့ကိုလည်း ပြန်လည် သိမ်းပိုက်မှုရှိနေသည်။

လက်ရှိ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို ပြန်လည်သိမ်းပိုက်ထားကာ နောင်ချိုနှင့် ဖားကန့်ဒေသတို့တွင် မြေပြင်၊ လက်နက်ကြီး၊ လေကြောင်းများဖြင့် ထိုးစစ်ကြီးများကို စစ်ကောင်စီ ပြုလုပ်လျက်ရှိသည်။

ထိုသို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်များပြုလုပ်လာနိုင်ခြင်းမှာ လက်နက်ခဲယမ်း၊ ရုန်းနှင့် လူသားအရင်းအမြစ် ရရှိလာမှုတို့ကြောင်း ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက ရှုမြင်ကြသည်။

"အဓိကတော့ ခဲယမ်းသုံးစွဲနိုင်မှုအပိုင်းမှာ ကွာသွားတယ်။ ပြီးရင် ဒရုန်းနည်းပညာနဲ့ ဂျန်မာအခန်းကဏ္ဍာ စစ်ကောင်စီက တစ်ဟုန်းထိုးမြင့်တက်သွားတယ်။ ဒရုန်းဆိုတာက တော်လှန်ရေးအင်အားစုတွေဖက်က စသုံးရာကနေ သူတို့က နောက်က မှီသွားတာပေါ့။ ၁၀၂၇ မှာ အင်အားပြတ်တောက်သွားသလောက် ဖြစ်သွား ပေမယ့် အခု Men Power ပြန်ရလာတာတွေ့ရတယ်" ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ဆုံးရှံးနယ်မြေများကို အမြန်ဆုံးပြန်လည်သိမ်းပိုက်ရရှိရေး ထိုးစစ်ကြီးများကို စတင်မည်ဖြစ်ပြီး မိုးတွင်းကာလတွင်လည်း လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်သွားမည်ဟု မေလအတွင်းက နေပြည်တော်၌ ပြုလုပ်သည့် စစ်ရေးဆိုင်ရာအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

စစ်ကောင်စီက လာမည့် နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေပြီး ရွေးကောက်ပွဲမရောက်မီ ဆုံးရှုံးနယ်မြေများရသမျှ သိမ်းပိုက်ရေး ဦးတည်နေကြောင်း စစ်ရေးအကဲခတ်သူတို့က သုံးသပ်ကြသည်။

တစ်ဖက်တွင် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်မှာ ၂၀၂၅ နှစ်ဆန်းပိုင်းတွင် ဆက်လက်အရှိန်အဟုန် ကောင်းနေဆဲဖြစ်သော်လည်း နှောင်းပိုင်းတွင် ထိုးစစ်အရှိန်လျော့နည်းကာ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများလည်း နည်းပါးသွားသည်။

၁၀၂၇ ပထမ၊ ဒုတိယလှိုင်းနှင့်အတူ တစ်နှစ်ကျော်အတွင်း တော်လှန်ရေးအင်အားစုများက တပ်ရင်းဌာနချုပ်နှင့် မြို့ပေါင်း ၁၀၀ နီးပါးထိ သိမ်းပိုက်နိုင်ခဲ့သော်လည်း ၂၀၂၅ ခုနှစ် ၆ လတာအတွင်း ချင်းပြည်နယ်မှ ဖလမ်းမြို့၊ စစ်ကိုင်းတိုင်း မှ အင်းတော်မြို့နှင့် ကချင်ပြည်နယ်မှ မံစီမြို့တို့ကိုသာ သိမ်းပိုက်နိုင်ခဲ့သည်ကို တွေ့ရသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ နည်းပါးလာခြင်းမှာ လက်ရှိ ထိုးစစ်ဆင်နေသည့် မြို့များက ဒေသတစ်ခုလုံးကို ဆုံးဖြတ်ပေးနိုင်သည့် မြို့များဖြစ်၍ အချိန်ကြာမြင့်လာခြင်းဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ရှုမြင်ကြသည်။

" KIA ဖက်မှာဆိုရင် ဗန်မော်မြို့သိမ်းတိုက်ပွဲ ဆင်နွဲနိုင်လို့ရှိရင် အဲဒီတိုက်ပွဲအောင်မြင်သွားရင် ဒါက ကချင်ပြည်နယ် တစ်ပြည်နယ်လုံးကို သိမ်းပိုက်နိုင်တဲ့ အနေအထားကနေပြီး စစ်ကိုင်းတိုင်းတဲ့ ဝင်ရောက်နိုင်တဲ့ အနေအထားအထိ ရှိလာနိုင်တယ်" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

၎င်းက ဆက်လက်၍ " နောက်ရခိုင်ဖက်က ရင်ဆိုင်နေရတဲ့ မြို့တော်နဲ့ ကျောက်ဖြူ စစ်ဆင်ရေး ဆိုတာကလည်း ကျောက်ဖြူကျရင် စစ်အစိုးရကို တရုတ်က ငြိုငြင်ပြီး သဘောထား ပြောင်းလဲလာနိုင်တဲ့အတွက် အပြင်းအထန် ခုခံကာကွယ်နေတာ။ အခု မြို့သိမ်းတိုက်ပွဲတွေက တစ်ပြည်လုံး အဆုံးအဖြတ်ပေးမယ် အနေအထား ရောက်ရှိလာတဲ့အခါ စစ်ရေးအေးနေတဲ့ သဘောတွေ့ရတာပါ" ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ရခိုင်စစ်မျက်နှာတွင် အာရက္ခတပ်တော်က ကျောက်ဖြူကို ထိုးစစ်ဆင်နေသော်လည်း တပ်ရင်းများ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။ တအာင်းဒေသတွင်လည်း TNLA က တရုတ်ဖိအားကြောင့် ခုခံစစ်အဖြစ်သာ တိုက်ခိုက်နေရပြီး စစ်ကောင်စီက အခွင့်ကောင်းယူကာ အင်အားအလုံးအရင်းနှင့် ပြန်လည်တိုက်ခိုက်နေသည်။

ယင်းအပြင် ကချင်ပြည်မှာလည်း စကခ (၂၁) တည်ရှိရာ ဗန်းမော်ကို KIA က ၂၀၂၄ နှစ်ကုန်ပိုင်းမှ စ၍ ထိုးစစ်ဆင်နေပြီး လက်ရှိအချိန်ထိ တိုက်ပွဲက ရှေးမတိုး/ နောက်မဆုတ်ဖြစ်နေသည်။

ကယား(ကရင်နီ)နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများရှိနေသော်လည်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ အားနည်းသွားကာ ချင်းပြည်နယ်တွင်လည်း ထိုးစစ်အရှိန်နည်းသွားသည်ကို တွေ့ရသည်။

ချင်းပြည်နယ်တွင် ချင်းညီနောင်အဖွဲ့ CB ၏ နောက်ထပ် ပစ်မှတ်ဖြစ်သော တီးတိန်မြို့ကို သိမ်းပိုက်သွားမည်ဟု ပြောဆိုထားပြီး ထိုအတွက် ပြင်ဆင်နေသော်လည်း ထိုးစစ်စတင်ခြင်းမတွေ့သေးပေ။

"ကျနော်တို့ဖက်က ပြင်ဆင်သလို စကစကလည်း ပြင်ဆင်မှုတွေ လုပ်တယ်။ လက်ဦးမှုယူတဲ့ သဘောပေါ့နော်။ စစ်ကောင်စီက တီးတိန်းမြို့ သိမ်းတိုက်ပွဲမလုပ်နိုင်အောင် ပြင်ဆင်တဲ့ သဘောမျိုးတွေ တွေ့ရတယ်။ဘယ်အချိန် ဘယ်လိုဖြစ်လာမလဲ ဆိုတာက တော်လှန်ရေး အရွေ့ရွေ့လာတာနဲ့ အမျှ ပြည်သူတွေ သိလာပါလိမ့်မယ်။ လောလောဆယ်တော့ ကျနော်တို့ ပြင်ဆင်နေတယ်။ အလုပ်လုပ်နေတယ်လို့ ပြောချင်ပါတယ်" ဟု ချင်းညီနောင်အဖွဲ့ ပြောခွင့်ရ ဆလိုင်းယောမာန်က DMG နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။

ညီနောင်သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးသည် နိုင်ငံတဝန်း အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးအင်အားစုများကြား သက်ရောက်မှုကြီးမားခဲ့ပြီး စစ်ရေးအရှိန်အဟုန်မြှင့်ခဲ့သည်။

သို့သော် တရုတ်၏ ဝင်ရောက်စွပ်ဖက်ကြောင့် ရှမ်းမြောက်ဒေသက ထိုးစစ်များ ရပ်တန့်ခဲ့ပြီး ကိုးကန့်တပ် သိမ်းပိုက်မြို့အချို့ စစ်ကောင်စီထံပြန်ပေးလိုက်ရကာ TNLA ဆက်လက်စစ်ရေးလှုပ်ရှားရန် အကျပ်ရိုက်သွား သည်။ ထိုအခြင်းအရာများက နွေဦးတော်လှန်ရေးအရှိန်ကို လျော့သွားစေပြီး စစ်ကောင်စီအတွက် အခွင့်အခါကောင်းတစ်ခု ဖြစ်လာခဲ့သည်။

တရုတ်၏ ဝင်ရောက်စွပ်ဖက်မှုနှင့် ရုရှား၏ လက်နက်ခဲယမ်းထောက်ပံ့မှုများက လက်ရှိ တော်လှန်ရေးအင်အားစုများအား တိုက်ပွဲများ ကြန့်ကြာစေပြီး စစ်ကောင်စီအတွက် ဆက်လက်တန်ပြန်ထိုးစစ်ပြုလုပ်ရန် အထောက်ပံ့ဖြစ်နေသည်။

"တရုတ်ရဲ့ ကျူးကျော်စွပ်ဖက်မှုက အတော်နက်ရှိုင်းတဲ့ အနေအထား ရောက်နေတယ်။ စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်အတွက်လည်း လက်နက်ခဲယမ်းမီးကျောက်တွေ ရုရှားကရော၊ တရုတ်ကရော အတော်လည်း အကြီးကျယ်အားပေးနေတယ်။ သူတို့က မင်းအောင်လှိုင်ပြန်ပြီး အာဏာရဖို့အတွက် ကြိုးပမ်းတဲ့နေရာမှာ ဘက်စုံကနေ ကြိုးပမ်းနေတယ်။ ဒရုန်း နည်းပညာသစ်တွေ၊ ဒရုန်း လက်နက်သစ်တွေ တပ်ဆင်မှုကလည်း အများကြီးပဲ" ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

ယခုနောက်ပိုင်း စစ်ကောင်စီသည် တန်ပြန်ထိုးစစ်များပြုလုပ်ရာတွင် ဒရုန်းကို အဓိကအသုံးပြုလာနေပြီး စခတ - ၃ လေ့ကျင့်ရေးတပ်တွင် နေ့စဉ် နည်းပြ/သင်တန်းသား ၂၀၀ ဝန်းကျင်ဖြင့် ဒရုန်းအမျိုးအစားမျိုးစုံကို လေ့ကျင်လျက်ရှိကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ၏ လေ့လာချက်များအရ သိရသည်။

စခတ - ၃ တွင် တရုတ်နှင့် ရုရှားထုတ် ဒရုန်းအမျိုးအစား အများအပြားဝယ်ယူ လေ့ကျင့်နေပြီး ကင်းထောက်ဒရုန်း၊ တိုက်ခိုက်ရေးဒရုန်းမျိုးစုံနှင့် ကင်းထောက်ထဲတွင် မိုက္ခရိုဒရုန်းများပါဝင်ကြောင်း MDSI က ဖော်ပြသည်။

စစ်ကောင်စီသည် တရုတ်၊ ရုရှားအထောက်ပံ့များနှင့်အတူ အတင်းအဓမ္မစစ်မှုထမ်းခေါ်ကာ တပ်သားသစ်များ မပြတ်တန်းစုဆောင်းပြီး ဆုံးရှုံးနယ်မြေများ ပြန်ရရှိရေး ဗျူဟာကျကျလုပ်ဆောင်နေသည်။

"စစ်ကောင်စီက ရွေးကောက်ပွဲမရောက်မီ ဆုံးရှုံးနယ်မြေတွေကို ပြန်သိမ်းပြီး ရွေးကောက်ပွဲ အထ မြောက်ဖို့ တည်ငြိမ်ကြောင်းပြဖို့ စီစဉ်နေတာ။ ဒီအတွက်လည်း သူက မီးကုန်ယမ်းကုန်အသုံးပြုမယ့် သဘောတွေ့ရတယ်" ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ရှုမြင်သည်။