- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးဖြစ်သော ဘစ်ကွိုင် (Bitcoin) တန်ဖိုးသည် ရင်းနှီးမြှုပ်နှံသူများ၏ မျှော်မှန်းချက်များနှင့်အတူ ဇူလိုင်လ ၁၄ ရက်၊ တနင်္လာနေ့ တွင် အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ အထက်သို့ ပထမဆုံးအကြိမ် စံချိန်တင် မြင့်တက်သွားပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
14 Jul 2025

ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးဖြစ်သော ဘစ်ကွိုင် (Bitcoin) တန်ဖိုးသည် ရင်းနှီးမြှုပ်နှံသူများ၏ မျှော်မှန်းချက်များနှင့်အတူ ဇူလိုင်လ ၁၄ ရက်၊ တနင်္လာနေ့ တွင် အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ အထက်သို့ ပထမဆုံးအကြိမ် စံချိန်တင် မြင့်တက်သွားပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံသူများက ယခုသီတင်းပတ်အတွင်း လုပ်ငန်းအတွက် ကာလရှည်ကြာ မျှော်မှန်းထားသည့် မူဝါဒဆိုင်ရာ အောင်မြင်မှုများ ရရှိမည်ဟု မျှော်လင့်နေကြချိန်၌ ဘစ်ကွိုင်က ယခုကဲ့သို့ တန်ဖိုးမြင့်တက်မှုနှင့်အတူ အဓိကမှတ်တိုင်တစ်ခုကို စိုက်ထူလိုက်ခြင်းဖြစ်ကြောင်းလည်း Reuters က ဖော်ပြသည်။
ဘစ်ကွိုင် (Bitcoin) သည် တနင်္လာနေ့ အာရှဈေးကွက်ဖွင့်လှစ်ချိန်တွင် အမြင့်ဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၁၂၁,၂၀၇.၅၅ အထိ ရောက်ရှိခဲ့ပြီး ယင်းနောက်တွင် ဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းသွားခဲ့သော်လည်း လက်ရှိအချိန်၌ ၁ ဒသမ ၆ ရာခိုင်နှုန်း ဈေးတက်နေဆဲဖြစ်ကာ အမေရိကန်ဒေါ်လာ ၁၂၁,၀၁၅.၄၂ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ယခု တနင်္လာနေ့မှစ၍ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှု အခန်းကဏ္ဍအတွက် နိုင်ငံ၏ရင်းနှီးမြှုပ်နှံသူများဘက်က ကာလရှည်ကြာ တောင်းဆိုခဲ့သော ကြီးကြပ်မှုဆိုင်ရာ မူဘောင်များကို ပံ့ပိုးမှုများလုပ်ဆောင်ပေးမည့် ဥပဒေကြမ်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် ခရစ်တိုသမ္မတ (Crypto President) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အဆိုပါ တောင်းဆိုမှုများကို ထောက်ခံထားပြီး မူဝါဒချမှတ်သူများကို လုပ်ငန်းအတွက် အဆင်ပြေစေမည့် စည်းမျဉ်းစည်းကမ်းများ ပြန်လည်ပြင်ဆင်ရန် တိုက်တွန်းထားသည်။
ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း အွန်လိုင်းအရောင်းအဝယ် ဝန်ဆောင်မှုလုပ်ငန်းစု IG ၏ ဈေးကွက်လေ့လာဆန်းစစ်သူ တိုနီဆိုင်ကာမိုးက "လက်ရှိမှာတော့ ဘစ်ကွိုင်က အရှိန်ကောင်းကောင်းနဲ့ ရှေ့ဆက်နေပါတယ်" ဟု ပြောကြားထားပြီး ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ၊ တန်ဖိုး နောက်ထပ် ထပ်မံမြင့်တက်လာနိုင်မည့် မျှော်လင့်ချက်များနှင့် သမ္မတထရမ့်၏ ထောက်ခံမှုတို့က ယခုကဲ့သို့ ဈေးတက်ရခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
"ပြီးခဲ့တဲ့ ခြောက်ရက်၊ ခုနစ်ရက်မှာ တော်တော်လေးကို အားကောင်းတဲ့ တိုးတက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီတိုးတက်မှုက ဘယ်မှာ ရပ်တန့်မလဲဆိုတာ ပြောဖို့ ခက်ခဲနေဆဲပါပဲ။ အမေရိကန်ဒေါ်လာ ၁၂၅,၀၀၀ အဆင့်ဆီကိုလည်း ခပ်လွယ်လွယ်ပဲ ရောက်သွားနိုင်ပါတယ်" ဟု ဆိုင်ကာမိုး က ထပ်လောင်းပြောကြားခဲ့သည်။
ယခုနှစ်အတွင်း ဘစ်ကွိုင် တန်ဖိုး ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သောကြောင့် သမ္မတ ဒေါ်နယ်ထရမ့်၏ မတည်ငြိမ်လှသော အခွန်မူဝါဒများ ရှိနေသည့်တိုင် ပြီးခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း အခြားသော ဒစ်ဂျစ်တယ်ငွေကြေးများ၌လည်း ကျယ်ပြန့်သော တန်ဖိုးမြင့်တက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဒုတိယအကြီးဆုံး ခရစ်တိုငွေကြေးဖြစ်သော အီသာ(Ether)သည်လည်း အမေရိကန်ဒေါ်လာ ၃,၀၅၀ ဒသမ ၉၀ အထိ တန်ဖိုး မြင့်တက်လာခဲ့ပြီး ငါးလကျော်ကာလအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ XRP နှင့် ဆိုလာနာ(Solana) တို့သည်လည်း တစ်ခုချင်းစီအလိုက် တန်ဖိုးပမာဏ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ဤလုပ်ငန်းစု၏ စုစုပေါင်း ဈေးကွက်တန်ဖိုးသည် လက်ရှိတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၈ ထရီလျံခန့်အထိ ရှိနေပြီ ဖြစ်ကြောင်း CoinMarketCap ၏ သတင်းအချက်အလက်များအရ သိရသည်။