- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
ကမ္ဘောဒီးယားတွင် အရပ်သားများ စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၆ ခုနှစ်တွင် စတင်ကျင့်သုံးမည်ဟု ဝန်ကြီးချုပ် ဟွန်မာနက် ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
14 Jul 2025

ကမ္ဘောဒီးယားတွင် အရပ်သားများ စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၆ ခုနှစ်တွင် စတင်ကျင့်သုံးမည်ဟု ဝန်ကြီးချုပ် ဟွန်မာနက် ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
"၂၀၂၆ ခုနှစ်ကစပြီး စစ်မှုထမ်းဥပဒေကို စတင်အကောင်အထည် ဖော်မှာပါ" ဟု ဝန်ကြီးချုပ်က ကန်ပေါင်ချာနန်မြို့တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ပြောကြားသွားကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံနှင့် တင်းမာမှုများ မြင့်တက်လာခြင်းကလည်း ယခင်တည်းက ရှိနှင့်ပြီးသား ဤဥပဒေကို အကောင်အထည် ဖော်ရသည့် အခြေအနေသို့ ရောက်ရှိသွားစေသည်ဟု ဟွန်မာနက်က ပြောကြောင်း သတင်းက ဖော်ပြသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား ယခုနှစ် မေလမှစတင်၍ တင်းမာမှုများ မြင့်တက်လျက်ရှိသည်။ နှစ်နိုင်ငံနယ်စပ်တွင် မေလက ဖြစ်ပွားခဲ့သည့် နယ်မြေအငြင်းပွားမှု ပဋိပက္ခကြောင့် ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့သည်။ နှစ်နိုင်ငံအကြားတင်းမာမှုများကြောင့် နယ်စပ်ဂိတ်များကို ပိတ်ထားသလို ထိုင်းနိုင်ငံမှ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုကိုလည်း ကမ္ဘောဒီးယားက တားမြစ်ထားသည်။
ကမ္ဘောဒီးယားလွှတ်တော်သည် လူငယ်များ စစ်မှုမထမ်း မနေရဥပဒေကို ၂၀၀၆ ခုနှစ်တည်းက အတည်ပြုထားခြင်း ဖြစ်သည်။ သို့သော်လည်း အသက် ၁၈ နှစ်နှင့် ၃၀ အကြားလူငယ်များ ၁၈ လကြာ စစ်မှုထမ်းရမည်ဟု ပြဌာန်းထားသည့် အဆိုပါဥပဒေကို အကောင်အထည်ဖော်ခြင်း မရှိခဲ့ပဲ ယခုအချိန်မှ ထုတ်ဖော်ပြောကြားလာခြင်းဖြစ်သည်။
စစ်မှုထမ်းသက်တမ်းကိုမူ ၂၄ လအထိ တိုးမြှင့်သတ်မှတ်မည်ဟု ဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။