ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရန် လာမည့် ဇန်နဝါရီလတွင် လူဦးရေစာရင်း ကောက်သွားမည်ဟု ပြည်နယ်စစ်ကောင်စီ ပြော

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရန် ရခိုင်ပြည်အတွင်းမှ မြို့နယ်များတွင် လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ကာ အိမ်တိုင်ရာရောက် (အိမ်ထောင်စု) လူဦးရေစာရင်းကောက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

By Admin 20 Dec 2022

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရန် လာမည့် ဇန်နဝါရီလတွင် လူဦးရေစာရင်း ကောက်သွားမည်ဟု ပြည်နယ်စစ်ကောင်စီ ပြော

၂၀၂၀ ရွေးကောက်ပွဲကာလတွင် မဲစာရင်းစစ်ဆေးနေပုံအား တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၂၀

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရန် ရခိုင်ပြည်အတွင်းမှ မြို့နယ်များတွင် လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်ကာ အိမ်တိုင်ရာရောက် (အိမ်ထောင်စု) လူဦးရေစာရင်းကောက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

လူဦးရေစာရင်းကောက်မည့် အစီအစဉ်တွင် အဖွဲ့ပေါင်း ၁၂၉၀ နှင့် အဖွဲ့ဝင်ပေါင်း ၆၉၄၀ ဦးတို့ဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင်များအား စာရင်းကောက်သင်တန်းများပေးလျက်ရှိကြောင်း ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၏ လူမှုကွန်ယက်ဖြစ်သည့် “သိကြားစေချင်ငွေသဇင်” တွင် ရေးသားထားသည်။

“ ၂၀၂၃ ဇန်နဝါရီလ ၉ ရက်နေ့မှာ ကွင်းဆင်းစာရင်းကောက်မယ်။ ရွေးကောက်ပွဲပြုလုပ်ဖို့၊ မဲစာရင်းပြုစုဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လူဦးရေစာရင်း အတိအကျထွက်လာမှာမို့ ပြည်နယ်နဲ့ စပ်လျဉ်းတဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ Plan (အစီအစဉ်) ဆွဲရာမှာ အထောက်အကူဖြစ်လာမှာသေချာပါတယ်။ ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ကျင်းပဖို့ကြိုးပမ်းနေခြင်းရဲ့တစ်စိတ်တစ်ဒေသလည်းဖြစ်ပါတယ်” ဟု ဦးလှသိန်း၏ လူမှုကွန်ယက်တွင် ရေးသားထားခြင်းဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲကို စစ်တွေမြို့တွင် ကျင်းပခဲ့ပြီး ပြည်နယ်အတွင်းရှိ ခရိုင်(၇)ခရိုင်၊ မြို့နယ် (၁၇)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှ သင်တန်းသား/သူ ၁၀၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်တွင် အိမ်တိုင်ရာရောက် လူဦးရေစာရင်း ကောက်ခံသွားမည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းအား DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

လက်ရှိတွင် ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းနှင့် မဲဆန္ဒရှင်စာရင်း ကိုက်ညီမှုရှိ/မရှိ စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောဆိုထားသည်။

“မြေပြင်မှာ လူဦးရေဘယ်လောက်ရှိလဲ။ မဲဆန္ဒရှင်စာရင်းနဲ့ ကိုက်ညီမှုရှိအောင်နဲ့ ရှိတဲ့လူတွေက ဘယ်သူတွေလဲဆိုတာကို ပိုင်းခြားနေတာပေါ့။ မဲဆန္ဒရှင်တစ်ယောက်က နိုင်ငံသားဖြစ်ရမယ်။ ရူးသွပ်တဲ့လူမဖြစ်ရဘူး။ လူမိုက် စာရင်းကြေငြာခံထားရသူ မဖြစ်ရဘူး။ ထောင်ကျနေတဲ့သူမဖြစ်ရဘူး။ အဲလိုတွေသတ်မှတ်ချက်တွေရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေသည်ကိုတွေ့မြင်ရသော်လည်း စစ်ကောင်စီမှ ကျင်းပမည့်ရွေးကောက်ပွဲအပေါ် အယုံအကြည်မရှိသလို စိတ်ဝင်စားမှုလည်းမရှိကြောင်း စစ်တွေမြို့ဒေသခံ တစ်ဦးက ပြောသည်။

“ သူတို့က အခုလိုအိမ်တိုင်ရာ‌ရောက် လူဦးရေစာရင်းကောက်ခံမယ်ဆိုတာက ရွေးကောက်ပွဲအတွက်ပဲဖြစ်မှာပေါ့။ ကျမတို့ကတော့ စစ်ကောင်စီလုပ်တဲ့ ရွေးကောက်ပွဲကို မကြိုက်ဘူး။ တရားမျှတမှုလည်း ရှိမှာမဟုတ်ဘူး။ မဲလည်း မပေးချင်ဘူး။ အယုံကြည်လည်းမရှိဘူး” ဟု ၎င်းက ပြောသည်။

လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်ရှိတွင် ရခိုင်ပြည်အတွင်းရှိ နိုင်ငံရေးပါတီများ လှုပ်ရှားနေမှုများကို မတွေ့ရသော်လည်း စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီ (USDP) မှ ရခိုင်ပြည်အတွင်း စတင်လှုပ်ရှားမှုများ ရှိလာနေသည်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို မဲမသာမှုဖြင့် အနိုင်ရရှိသည်ဟု အကြောင်းပြကာ နိုင်ငံ့အာဏာကို သိမ်းယူခဲ့သည်။

ထို့နောက် မြန်မာစစ်တပ်သည် လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဟု ပြောဆိုထားသည်။

ဗီဒီယိုများ