လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်တွင် ကြံ့ခိုင်ရေးပါတီက စတင်လှုပ်ရှားလာ

စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ပါတီများ ငြိမ်သက်နေသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က မြို့နယ်အချို့တွင် ပါတီဝင်များနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်လာနေသည်ကို တွေ့ရသည်။

By Admin 14 Dec 2022

လာမည့်ရွေးကောက်ပွဲအတွက် ရခိုင်တွင် ကြံ့ခိုင်ရေးပါတီက စတင်လှုပ်ရှားလာ

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲကာလတွင် ကြံ့ခိုင်ရေးပါတီမှ မဲဆွယ်စည်းရုံးသည့်မြင်ကွင်းအား တွေ့ရစဉ်။

DMG | ဒီဇင်ဘာ ၁၄

စစ်ကောင်စီက ကျင်းပရန်စီစဉ်နေသည့် လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ပါတီများ ငြိမ်သက်နေသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က မြို့နယ်အချို့တွင် ပါတီဝင်များနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်လာနေသည်ကို တွေ့ရသည်။

ထိုသို့တွေ့ဆုံခြင်းမှာ ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် (Proportional Representatiom-PR System)အကြောင်း၊ ပါတီရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် (USDP)ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေကပြောသည်။

“ပါတီဌာနချုပ်က ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေ လုပ်ဆောင်ချက်တွေကို ရှင်းလင်းပြောပြတာတွေပါ။ PR စနစ်အကြောင်းကို ရှင်းပြတယ်။ ကျနော်တို့မှာက ပါတီဝင်ဟောင်းတွေကို တွေ့ရဖို့၊ မိတ်ဖက်တွေကို တွေ့ဆုံရမယ်။ ပြီးတော့ ရွေးကောက်ပွဲကျင်းပမယ်ဆိုလို့ရှိရင် ရွေးကောက်ပွဲမှာကျင့်သုံးမယ့် PR စနစ်တွေကို ပြည်သူလူထုသိအောင် သူတို့က တဆင့်ရှင်းပြမယ်။ အဲဒီရည်ရွယ်ချက်ပါ”ဟု ဒေါက်တာစန်းရွှေကပြောသည်။

USDP ပါတီအနေဖြင့် ရခိုင်ပြည်အတွင်းက သံတွဲ၊ မာန်အောင်၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ စသည့် မြို့နယ်အချို့တွင် ပါတီဝင်ဟောင်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ယခု ဒီဇင်ဘာလအတွင်းတွင် ဆက်တိုက်ကဲ့သို့ လုပ်ဆောင်နေသည်ကို တွေ့မြင်နေရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် (USDP)ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ သတင်းစာများတွင် ဖော်ပြနေသည့် PR စနစ်အကြောင်းကို အခြေခံပြီး ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေါက်တောစန်းရွှေက ပြောသည်။

“သတင်းစာထဲမှာ UEC က ဖော်ပြထားတဲ့ သတင်းတွေကို အခြေခံပြီး ပြောတာတွေပဲဖြစ်ပါတယ်။ PR စနစ်က အမျိုးမျိုးရှိတဲ့အတွက် ဘယ် PR ကို ဘယ်လိုသုံးမလဲ၊ Close PR၊ Open PR အဲလိုမျိုးတွေရှိတယ်လေ။ ရွေးကောက်ပွဲ ကျင်းပမယ့်အချိန်မှ UEC က ထုတ်ပြန်မှ ကျနော်တို့ အတိအကျပြောနိုင်မယ်။ လောလောဆယ်က PR စနစ်ကို ကျင့်သုံးမယ်ဆိုတာကိုပဲ ကျနော်တို့ သိရှိထားပါတယ်”ဟု ၎င်းကပြောသည်။

ကြံ့ခိုင်ရေးပါတီသည် ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်တွင် ပြည်သူ့လွှတ်တော် (၁)နေရာနှင့် ပြည်နယ်လွှတ်တော်(၁)နေရာ အနိုင်ရရှိခဲ့သည်ကို တွေ့ရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမာမှုပြုလုပ်ခဲ့သည်ဆိုသည့် အကြောင်းပြချက်တွင် နိုင်ငံတော်အာဏာကို သိမ်းယူထားသည့် စစ်ကောင်စီသည် လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးမည်ဟု ပြောဆိုထားသည်။

စစ်ကောင်စီမှခန့်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကလည်း ရွေးကောက်ပွဲကို ယခင်အသုံးပြုခဲ့သည့် အနိုင်ရအကုန်ယူ(Frirst Past the Post–FPTP)စနစ်အစား အချိုးကျကိုယ်စားပြု (Proportional Representation–PR)စနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီမှကျင်းပရန်စီစဉ်နေသည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် နိုင်ငံရေးပါတီများအပေါ်တွင်လည်း ယုံကြည်မှုမရှိတော့ကြောင်း မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“အရင်က ရွေးကောက်ပွဲတွေမှာ ပါတီတွေကလည်း ဝင်ပြိုင်ခဲ့ကြတယ်။ အဲဒီမှာ အမျိုးသားရေးအတွက် ရွေးကောက်ပွဲဝင်တယ်လို့ပဲ ပြောတာ။ ပါတီကနေပြီး နိုင်ငံရေးထဲက အမြတ်ထုတ်ပြီး ကိုယ်ကျိုးအတွက် လုပ်သွားတာတွေ အများကြီးပဲလေ။ အခုအချိန်မှာ ကျနော်တို့မြင်တာကတော့ ရွေးကောက်လုပ်ဖို့မှ မလိုအပ်တော့တာ။ အားလုံးကရှင်းနေတာပဲ။ ကျနော်တို့မှာ လုပ်စရာရှိတာကို ULA/AA ကပဲ လုပ်သွားလိမ့်မယ်”ဟု သူကပြောသည်။

ယင်းအပြင် စစ်ကောင်စီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လှုပ်ရှားမှုများရှိလာသော်လည်း ရခိုင်ပြည်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)အပေါ်တွင် မူတည်ကြောင်း ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

“ဘယ်စနစ်ပဲဖြစ်ဖြစ် ရခိုင်မှာလုပ်လို့ရှိရင် ရခိုင်လူထုတွေရဲ့ ပူးပေါင်းပါဝင်မှုက အဓိကပေါ့နော်။ ရခိုင်ပြည်အနေနဲ့ ပြောလို့ရှိရင် ဒီရွေးကောက်ပွဲဆိုတာက အဓိက ULA/AA အပေါ်မှာပဲ မူတည်တယ်။ ဆိုတော့ ဒီအချိန်မှာ ဒီနိုင်ငံရေးအရ အဖြေမထွက်လို့ လက်နက်ကိုင်ပြီး တော်လှန်ရတဲ့အနေအထားဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ ဘယ်စနစ်ကိုသုံးပြီးပဲလုပ်လုပ် ဘာမှခရီးရောက်မှာ မဟုတ်ဘူး”ဟု ဦးအောင်သောင်းရွှေက ဆက်ပြောသည်။

လက်ရှိတွင် နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ကောင်စီမှကျင်းပမည့် ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်ခြေမရှိကြောင်းနှင့် စစ်ကောင်စီသည် သူတို့၏ အာဏာတည်မြဲရေးနှင့် နိုင်ငံရေးအကျပ်အတည်း၏ ထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလာနိုင်သည်ဟု နိုင်ငံရေးအကဲခတ်များမှ သုံးသပ်နေကြသည်။

ဗီဒီယိုများ