စစ်ကောင်စီက နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပြုသည့် ပါတီ ၅ ခုရှိလာ

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် ပါတီများထဲမှ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် ခွင့်ပြုလိုက်သည့်ပါတီ ၅ ခုထိရှိလာကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်သည်။

By Admin 26 Apr 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

DMG ၊ ဧပြီ ၂၆

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားသည့် ပါတီများထဲမှ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ရန် ခွင့်ပြုလိုက်သည့်ပါတီ ၅ ခုထိရှိလာကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဧပြီလ ၂၀ ရက်မှ ၂၆ ရက်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မြန်မာပြည်သူ့ဒီမိုကရေတစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဖလုံ- စဝေါ ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရေစီပါတီသစ်(ကချင်) တို့ကို ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်မှ မှတ်ပုံတင်ထားသည့်ပါတီများ၏ စာရွက်စာတန်းများကို စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးချက် အတည်ပြုပြီးမှ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ပြု၊ မပြုကို ကြေညာသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ တာဝန်ရှိသူ ဦးသူရိန်ထွဋ်က DMG သို့ ပြောဆိုထားသည်။

တစ်နိုင်ငံလုံး စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၀ ရှိပြီး ရခိုင်ပြည်မှ ပါတီ (၆) ခုပါဝင်သည်။ ၎င်းပါတီများမှာ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ တို့ဖြစ်သည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေအရ လောလောဆယ်မှာ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို အတိအကျ မကြေညာနိုင်သေးကြောင်း မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့တွင် သတင်းမီဒီယာများကို ပြောဆိုထားသည်။

ရွေးကောက်ပွဲပြုလုပ်မည့်အချိန်ကို ကြေညာခြင်းမရှိသေးသော်လည် ရွေးကောက်ပွဲအပေါ် ပြည်သူများက စိတ်ဝင်စားမှုနည်းပါးနေပြီး ဆန့်ကျင်ဆန္ဒဖော်ထတ်မှုတစ်ချို့ ရှိနေသည်။

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ ရွေးကောက်ပွဲဖြစ်နိုင်ခြေ နည်းပါးပြီး ပြည်သူများကလည်း ရွေးကောက်ပွဲကို ဆက်ပြီးဆန့်ကျင်မည့် အနေအထားရှိနေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

#R007

ဗီဒီယိုများ