ရခိုင် တကျော့ပြန် တိုက်ပွဲ ၄ လ အတွင်း ဒေသခံ ၅၁ ဦးသေဆုံး၊ ၁၄၃ ဦး ဒဏ်ရာရရှိ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ရခိုင်ပြည်နှင့် ပလက်ဝဒေသတို့တွင် သြဂုတ်လမှ နိုဝင်ဘာလကုန်အထိ လက်နက်ကြီး၊ မြေမြုပ်မိုင်း၊ ဒရုန်း၊ သေနတ်ကျည်ဆံများကြောင့် သေဆုံးသူ ၅၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၃ ဦးအထိ ရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

By Admin 09 Dec 2022

ရခိုင် တကျော့ပြန် တိုက်ပွဲ ၄ လ အတွင်း ဒေသခံ ၅၁ ဦးသေဆုံး၊ ၁၄၃ ဦး ဒဏ်ရာရရှိ

စက်တင်ဘာ ၈ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မိုင်းထိမှန်မှုကြောင့် ဒဏ်ရာရသူကို သယ်လာစဉ်

DMG | ဒီဇင်ဘာ ၉

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ရခိုင်ပြည်နှင့် ပလက်ဝဒေသတို့တွင် သြဂုတ်လမှ နိုဝင်ဘာလကုန်အထိ လက်နက်ကြီး၊ မြေမြုပ်မိုင်း၊ ဒရုန်း၊ သေနတ်ကျည်ဆံများကြောင့် သေဆုံးသူ ၅၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၄၃ ဦးအထိ ရှိခဲ့ကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦး၊ လက်နက်ကြီးကြောင့် သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၂ ဦး၊ သေနတ်ကျည်ဆံကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၇ ဦးအထိ ရှိခဲ့သည်။ အားလုံးစုစုပေါင်းမှာ သေဆုံးသူး ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆ ဦးအထိရှိခဲ့ပြီး သေဆုံး သူများမှာ မောင်တော၊ မြောက်ဦး၊ ပလက်ဝ မြို့နယ်များမှ ဖြစ်သည်။

ယင်းအပြင် စက်တင်ဘာလအတွင်း မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦး ရှိခဲ့သည်။ လက်နက်ကြီးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၆ ဦး၊ သေနတ်ကျည်ဆံများကြောင့် သေဆုံးသူ ၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့သည်။

ထိုစက်တင်ဘာလအတွင်းတွင် သေဆုံးသူ စုစုပေါင်း ၃ ဦးနှင့် ထိခိုက် ဒဏ်ရာရှိသူ ၂၃ ဦးအထိ ရှိခဲ့သည်။ သေဆုံးခဲ့ သူ ၃ ဦးမှာ စစ်တွေ၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များမှ ဖြစ်သည်။ ထိခိုက်မှုအများဆုံးမြို့နယ်မှာ မင်းပြားမြို့နယ်ဖြစ်ပြီး သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦး အထိ ရှိခဲ့ကာ ဒုတိယထိခိုက်မှု အများဆုံးမြို့နယ်မှာ ကျောက်တော်မြို့နယ်ဖြစ်ပြီး ဒဏ်ရာရရှိသူ ၄ ဦး အထိရှိခဲ့သည်။

ထိုနည်းတူ အောက်တိုဘာလတွင်လည်း မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး၊ ဒရုန်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး၊ လက်နက်ကြီးကြောင့် သေဆုံးသူ ၉ ဦး နှင့် ဒဏ်ရာရရှိသူ ၁၈ ဦး၊ သေနတ်ကျည်ဆံကြောင့် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူ ၇ ဦး ရှိခဲ့သည်။

အောက်တိုဘာလအတွင်း စုစုပေါင်း သေဆုံးသူ ၁၁ ယောက်နှင့် ဒဏ်ရာရရှိသူ ၃၁ ဦးအထိရှိခဲ့သည်။ သေဆုံးခဲ့သူ ၁၁ ဦးမှာ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင် မြို့နယ်များမှ ဖြစ်သည်။ ထိခိုက်မှုအများဆုံးမြို့နယ်မှာ မင်းပြားမြို့နယ်ဖြစ်ပြီး သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦး အထိ ရှိခဲ့သည်။

အလားတူ နိုဝင်ဘာလတွင်လည်း မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၂ ယောက်၊ လက်နက်ကြီးကြောင့် သေဆုံးသူ ၂၀ ဦးသေ၊ ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦး၊ သေနတ်ကျည်ဆံကြောင့် သေဆုံးသူ ၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦး ရှိခဲ့သည်။ ထိုလအတွင်း သေဆုံးသူ စုစုပေါင်း ၃၀ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၃ ဦးအထိ ရှိခဲ့သည်။

သေဆုံးခဲ့သူများမှာ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ ဆမီး(ပလက်ဝ)၊ ရသေ့တောင် စသည့်မြို့နယ်များမှ ဖြစ်သည်။

ထိခိုက်မှုအများဆုံးမြို့နယ်များမှာ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စသည့်မြို့နယ်များမှဖြစ်ပြီး မောင်တောတွင် သေဆုံးသူ ၁၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၇ ဦး၊ ကျောက်တော်တွင် သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁ ဦး၊ ပုဏ္ဏားကျွန်းတွင် သေဆုံးသူ ၈ ဦးနှင့် ဒဏ်ရာရရှိသူ ၁၀ ဦး အထိရှိ ခဲ့သည်။

ထိုသို့ ရခိုင် တကျော့ပြန် တိုက်ပွဲအတွင်း သေဆုံးသူမိသားစုနှင့်၊ ထိခိုက်၊ ဒဏ်ရာရသူများကို လက်ရှိအချိန်အထိ လူကယ်ပြန်မှ တစုံတရာထောက်ပံ့မှုမရှိသည့်အတွက် အခက်အခဲဖြစ်နေကြသည်။

နိုဝင်ဘာလ ၄ ရက်နေ့က လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကျောက်တော်မြို့နယ် ရွှေပြည်(သစ်) ကျေးရွာမှ ဒဏ်ရာရသူ ၅ ဉီးမှာ လက်ရှိတွင် ကျောက်တော်ဆေးရု၌ ဆေးကုသမှုခံယူနေရပြီး ငွေကြေးအကူအညီများ လိုအပ်နေကြောင်း ပြောဆိုကြသည်။

“အရင်က ICRC ကတော့ ကူညီတယ်။ အခုတော့ ထောက်ပံ့တဲ့အဖွဲ့တွေ မရှိပါ။ ဖြစ်စတုန်းကတော့ သေတဲ့လူတွေကို နည်းနည်းပါးပါး ထောက်ပံ့ခဲ့ကြတယ်။ ဒဏ်ရာရတဲ့ လူတွေလည်း ထောက်ပံ့မှု မရကြပါ။ ကျေးရွာက လူတွေကတော့ ငွေစုကောက်ခံပြီး သူတို့တွေကို ထောက်ပံ့ထားတာတွေရှိပါတယ် ” ဟု ရွှေပြည်(သစ်) ကျေးရွာ အုပ်ချုပ်ရေးမှူးက DMG သို့ ပြောသည်။

အလားတူ ယင်းနေ့က လက်နက်ကြီးကျည်ထိမှန်၍ ညာလက်ဖြတ်လိုက်ရသည့် ကျောက်တော်မြို့နယ်၊ လက်ဆောင်ကောက်ရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးမှာလည်း စစ်တွေဆေးရုံ၌ ဆေးကုသလျှက်ရှိပြီး ဆေးကုသစရိတ် အခက်အခဲဖြစ်နေကြောင်း မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။

“အခုသူ့အတွက် ဆေးကုစရိတ်တွေက အရမ်းခက်ခဲနေပါတယ်။ အခုတောင် ဆေးကုစရိတ်နဲ့ လူနာစားရေးသောက်ရေးစရိတ်အတွက် သူ့မိန်းမမှာ ရွာကလူတွေဆီက စပါးတွေချေးငှါးရောင်းပြီး ကုသ‌နေရတာပါ ” ဟု မိသားစုနှင့် နီးစပ်သူတစ်ဉီးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူတို့ကို ရခိုင်အရပ်ဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂလိက အလှူရှင်များထံမှ ကူညီပေးမှုများ အနည်းငယ်ရှိသော်လည်း လုံလောက်မှုမရှိကြောင်းလည်း သိရသည်။

ယင်းကြောင့် တကျော့ပြန် တိုက်ပွဲကာလအတွင်း သေဆုံးသွားသူ ဒေသခံများ၏ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ထောက်ပံ့ကူညီနိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေကြသည့် ပြည်တွင်း၊ ပြည်ပ NGO/ INGO အဖွဲ့များကိုလည်း ပြန်လည်ဝင်ရောက်ခွင့် ပေးသင့်ကြောင်း ရခိုင်ဒေသတွင်း ကူညီရေးလုပ်ငန်းများ လုပ်ကိုင်နေသူများက ထောက်ပြနေကြသည်။

“လူအားလုံးကို ကူညီနိုင်ဖို့အတွက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေရရင် ပြည့်ပြည့်စုံစုံနဲ့ အများကြီး အကူအညီတွေ ရလာပါလိမ့်မယ်” ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဉီးဇော်ဇော်ထွန်း သူက ပြောသည်။

ထို့အပြင် အဆိုပါ နစ်နာသူများအား အပစ်ရပ်ထားသည့် ယခုကာလများတွင် အစိုးရအနေဖြင့် ကူညီစောင့်ရှောက်ခြင်း၊ ထောက်ပံ့ခြင်းများ အပါအဝင် ဒေသအခြေအနေနှင့် လိုက်ဖက်သည့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ဖော်ဆောင်ပေးသင့်ကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုယ်တော် သဘာဝနဒီက DMG သို့ မိန့်ကြားသည်။

“ ဒီတိုက်ပွဲတွေကြောင့် ဖြစ်သွားကြတဲ့ မသန်စွမ်းတွေကိုလည်း မူလမွေးရာပါ မသန်စွမ်းတွေထက်ပိုပြီး ပြုစုစောင့်ရှောက်ပြီး ထောက်ပံကြေးတွေကို နှစ်ဆပိုပြီး ပေးသင့်တယ်။ အိမ်ထောင်ဦးစီးသေသွားပြီး ကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း ဘဝပြန်လည်ရပ်တည်နိုင်အောင် လုပ်ငန်းလေးတွေကို ဖော်ဆောင်သင့်တယ်။ ပုံမှန်အခြေခံ လစာရဖို့ ဒေသတွေနဲ့ ကိုက်ညီမယ့် လုပ်ငန်းလေးတွေပေါ့ ”ဟု ၎င်းက ပြောသည်။

ထိုသို့ စစ်ရေးနှင့်မသက်ဆိုင်သည့် ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ ထိခိုက်၊ သေဆုံးရ သူတို့အား ကူညီပေးရန် အစီအစဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ပြောခွင့်ရသူ ဉီးလှသိန်းတို့ကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

လက်ရှိတွင် ရခိုင်နှင့် ပလက်ဝဒေသများတွင် မြန်မာစစ်တပ်နှင့် AA တို့ နှစ်ဖက်နားလည်မှုဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး တိုက်ပွဲများကို ယာယီရပ်တန့်ထားကြသည်။

ဗီဒီယိုများ