စစ်ရေးအခြေအနေကြောင့် ဘဲငါးရာတောင်တက်ပွဲ ကျင်းပနိုင်မည်မဟုတ်

၂၀၁၈ ခု နှစ်ကုန်ပိုင်းမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအထိ တိုက်ပွဲများကြောင့် အဆိုပါပွဲတော်ကို မကျင်းပနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က တိုက်ပွဲငြိမ်သက်နေသဖြင့် ကျင်းပခဲ့သည်။ သို့ရာတွင် ယခုနှစ်၊ သြဂုတ်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာ၍ လုံခြုံရေးအရ ပွဲတော်ကို မကျင်းပကြခြင်းဖြစ်သည်။

By Admin 29 Oct 2022

စစ်ရေးအခြေအနေကြောင့် ဘဲငါးရာတောင်တက်ပွဲ ကျင်းပနိုင်မည်မဟုတ်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဘဲငါးရာတောင်သို့ တက်ရောက်နေကြသူများအား တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၉

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအနီးရှိ ဘဲငါးရာတောင်တက်ပွဲကို ယခုနှစ်တွင် ကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။

နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပသည့် အဆိုပါတောင်တက်ပွဲတော်ကို စစ်ရေးဖြစ်ပွားနေသည့်အပြင် စစ်ဘေးရှောင်ဦးရေလည်း တဖြည်းဖြည်းတိုးပွားလာသောကြောင့် ပွဲမကျင်းပရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဘဲငါးရာစေတီ ဂေါပကအဖွဲ့ ဥက္ကဌ ဦးဘဌေးကပြောသည်။

“ဘာလို့မကျင်းပဖြစ်လဲဆိုတော့ ဒေသမတည်ငြိမ်တာတွေနဲ့ အဓိကဆိုင်ပါတယ်။ ဒေသမတည်ငြိမ်လို့ ကျွန်တော်တို့လည်း ဆူဆူညံညံ ပွဲတွေကျင်းပပြီး မလုပ်ချင်ကြပါဘူး။ စစ်ရေးနိုင်ငံရေး အခြေအနေတွေကို အဘက်ဘက်ကကြည့်ပြီး စိုးရိမ်ရပါတယ်။ ရပ်ရွာထဲက လူငယ်တစ်ချို့နဲ့ လူကြီးတွေပေါင်းပြီးတော့ ဘုရားမှာ ပရိတ်တရားနာတာတွေလောက်ပဲ လုပ်ဖြစ်ပါမယ်”ဟု ၎င်းက DMG သို့ ပြောသည်။

ဘဲငါးရာတောင်ပွဲတော်ကို ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်၊ တောင်နားကျေးရွာ စသည့်ကျေးရွာများအပါအဝင် ကျေးရွာပေါင်း(၁၇)ရွာမှ ဒေသခံများစုပေါင်းကာ နှစ်စဉ်ကျင်းပနေခြင်းဖြစ်သည်။ ယခုနှစ်တွင် ဒေသ မတည်ငြိမ်မှုကြောင့် တောင်တက်ပွဲကျင်းပနိုင်မည်မဟုတ်ဟု ကြားသိရသော်လည်း အဆိုပါကျေးရွာများမှ ဒေသခံများမှာ နှစ်စဉ်နှစ်တိုင်း သွားရောက်နေခြင်းဖြစ်သဖြင့် ပွဲတော်ရက်နေ့တွင် တောင်ပေါ်သို့ သွားကြမည်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ပွဲလုပ်သည်ဖြစ်စေ။ မလုပ်သည်ဖြစ်စေ။ လပြည့်နေ့ဆို ပုံမှန်တက်နေကျဆိုတော့ ဒီနှစ်လည်း ဖြစ်အောင်တော့ သွားမှာပါ။ အရင်နှစ်ကလို စည်ကားမယ်တော့မထင်ဘူး။ ဒါပေမယ့် ဒီနှစ်တော့ ဟိုနှစ်တွေကလိုမျိုး အခြေအနေ အရမ်းကြီးမဆိုးရွားတဲ့အတွက် ရွာကလူငယ်ပိုင်းတွေ သွားဖို့တော့ရှိပါတယ်”ဟု ယိုးတရုတ်ဒေသခံ မချိုချိုက ပြောသည်။

၂၀၁၈ ခု နှစ်ကုန်ပိုင်းမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအထိ တိုက်ပွဲများကြောင့် အဆိုပါပွဲတော်ကို မကျင်းပနိုင်ခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က တိုက်ပွဲငြိမ်သက်နေသဖြင့် ကျင်းပခဲ့သည်။ သို့ရာတွင် ယခုနှစ်၊ သြဂုတ်လမှစတင်ကာ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာ၍ လုံခြုံရေးအရ ပွဲတော်ကို မကျင်းပကြခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့နှစ်ကတော့ အခြေအနေက နည်းနည်းတည်ငြိမ်လို့ လူ ၁၀၀၀ နီးပါးလောက် လာကြပါတယ်။ ဂီတအဖွဲ့တွေနဲ့ ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ကြပါတယ်။ လူတွေလည်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ဒီနှစ်တော့ ပွဲစီစဉ်မပေးပေမဲ့လည်း တောင်တက်ဖို့တော့ လူတွေလာကြမယ်ထင်ပါတယ်။ ရန်ပုံငွေရှာမယ့် အစီအစဉ်တွေလည်း ဒီနှစ်လုံးဝမရှိပါ။ ကျွန်တော်တို့ ဂေါပကအဖွဲ့အနေနဲ့ ဘုရားပေါ်တက်ပြီး သန့်ရှင်းရေးတွေကိုတော့ ဖြစ်အောင်လုပ်သွားမှာပါ။ အရင်နှစ်ကလာတဲ့ လူတွေအတွက် လမ်းရှင်းပေးတာတွေ၊ အဆောင်စီစဉ်ပေးတာတွေရှိပေမဲ့ ဒီနှစ်တော့ မလုပ်ပါဘူး”ဟု ဘဲငါးရာစေတီ ဂေါပကအဖွဲ့ ဥက္ကဌ ဦးဘဌေးကပြောသည်။

လတ်တလောတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ပလက်ဝ စသည့်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဗီဒီယိုများ