သမိုင်းဝင် ဆံတော်ရှင်ဘုရားသွားလမ်းတွင် စစ်တပ်မှ စစ်ဆေးနေသဖြင့် ဘုရားလာဖူးသူများ စိုးရိမ်နေ

ရခိုင်ပြည်၊ ပေါက်တော်မြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရား သွားလမ်းတစ်လျှောက်တွင် မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆေးမှုများ ဆောင်ရွက်နေသဖြင့် ဘုရားဖူးသွား ဧည့်သည်များနှင့် ဒေသခံများမှာ စိုးရိမ်မှုရှိနေကြသည်။

06 Dec 2021

DMG ၊ ဒီဇင်ဘာ ၆

ရခိုင်ပြည်၊ ပေါက်တော်မြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင်ဘုရား သွားလမ်းတစ်လျှောက်တွင် မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆေးမှုများ ဆောင်ရွက်နေသဖြင့် ဘုရားဖူးသွား ဧည့်သည်များနှင့် ဒေသခံများမှာ စိုးရိမ်မှုရှိနေကြသည်။

ယခုလို လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေသဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၈) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် ဆံတော်ရှင်ဘုရားပွဲကို

ဘုရားဖူးဧည့်သည်များ မလာရောက်မှာကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။
“ ဘုရားပွဲ မစည်းကားမှာကို စိုးရိမ်မိတယ်။ ကျနော်တို့ ဈေးရောင်းတဲ့သူတွေမှာ အရင်းအနှီးတွေ မြှပ်နှံထားရတာ။ ” ဟု စောမဲကျီကျေးရွာမှ ဒေသခံ ဦးအောင်နိုင်ဌေးက ပြောသည်။

အင်အား ၁၀၀ ခန့်ရှိသည့် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၃ ရက်နေ့မှာ စောမဲကျီကျွန်းကို ရောက်ရှိလာခြင်းမှာ ဆံတော်ရှင်ဘုရားသွားလမ်းတစ်လျှောက် ပျက်ဆီးနေသည့်လမ်းများကို ပြုပြင်ရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

သို့သော်လည်း လမ်းသွားလမ်းလာများကို မြန်မာစစ်တပ်မှ စစ်ဆေးနေသဖြင့် ဒေသခံများနှင့် ဘုရားဖူးဧည့်သည်များမှာ စိုးရိမ်စိတ်များရှိနေရာ လမ်းပြုပြင်ပြီးလျှင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကိုအမြန်ဆုံးပြန်စေချင်ကြောင်း စောမဲကျီကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ စစ်တပ်က ဘုရားပွဲပြီးတဲ့အထိနေမယ်လို့ သတင်းတွေကြားတယ်။ သူတို့ (စစ်တပ်) ရှိနေရင် ဒီဘုရားပွဲက ဘယ်လိုမှ စည်ကားမှာမဟုတ်တော့ဘူး။ သူတို့က လမ်းပြုပြင်ရေး လုပ်မယ်ဆိုပြီး ရောက်နေကြတာဖြစ်တဲ့အတွက် လမ်းပြုပြင်ပြီးရင် အမြန်ဆုံးပြန်စေချင်တယ်” ဟု ၎င်းက ပြောသည်။

စောမဲကျီကျေးရွာမှ ကိုထွန်းထွန်းနိုင်ကလည်း “ဘုရားဖူး၊ ဧည့်သည်တွေတွေလည်း စိုးရိမ်သောက ကင်းအောင် ပွဲမတိုင်မီ သူတို့ (စစ်တပ်) ပြန်ရင်တော့ ပိုကောင်းတယ်။ သူတို့က လမ်းပြုပြင်ပြီးရင် ပြန်မယ်လို့တော့ ကြားတယ်” ဟု ပြောသည်။

လမ်းပြုပြင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် ရောက်ရှိလာသည့် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့မှာ မည်သည့်အချိန်၌ ပြန်မည်ကိုမသိရှိကြောင်း ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

စစ်တွေမြို့မှ ဘုရားဖူးသွားမည့် ဒေသခံ မအေးရီက “ အစကတော့ ဘုရားဖူးသွားမယ်လို့ စီစဉ်ထားတယ်။ အခုက စစ်တပ်က စစ်ဆေးမှုတွေရှိနေတယ်ဆိုတော့ စိုးရိမ်လာတယ်။ တစ်ခုရှိတာက ဘုရားပွဲမတိုင်မီ သူတို့ ပြန်ကြမှာလား၊ မပြန်ဘူးလားဆိုတဲ့ မေးခွန်းက ရှိသေးတယ်။ စစ်တပ်က မပြန်ဘဲ ဆက်ရှိနေမယ် ဆိုရင်တော့ ဘုရားဖူးသွားဖြစ်မှာ မဟုတ်ဘူး ” ဟု သူမက ပြောသည်။

ဆံတော်ရှင်ဘုရားသွားလမ်းတစ်လျှောက်တွင် စစ်တပ်မှ နေရာယူထားခြင်းနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းတို့ထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

သမိုင်းဝင်ဆံတော်ရှင် ဘုရားပွဲကို နိုင်ငံရေးအခြေအနေများနှင့် ကိုဗစ်ရောဂါတို့ကြောင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် မကျင်းပနိုင်ခဲ့ပေ။ သို့သော် ၂၀၂၀ ခုနှစ်က ဘုရားပွဲကို အကျဉ်းချုပ်သာ ကျင်းပခဲ့ပြီး ယခုနှစ်တွင် စည်စည်ကားကားဖြင့် ကျင်းပရန် စီစဉ်ဆောင်ရွက်နေသည်။

ဆံတော်ရှင်ဘုရားပွဲကို နတ်တော်လဆန်း ၈ ရက်နေ့မှ နတ်တော်လပြည့်နေ့အထိ ကျင်းပလျက်ရှိပြီး ရခိုင်ပြည်အတွင်း မြို့နယ်အသီးသီးမှ ဘုရားဖူးဧည့်သည်များမှာ ရွှေပြည်တန်အမြန်ယာဉ်နှင့် စက်လှေများငှားရမ်းပြီး လာရောက်ဘုရားဖူးမြော်ကြသည်။

ဗီဒီယိုများ