စစ်တွေမြို့တွင် ဆွမ်းစိမ်းလောင်းလှူပွဲအတွက် အရုပ်ကြီးဇနီးမောင်နှံဖြင့် လှည့်လည်အလှူငွေကောက်ခံ

လာမည့်တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်တွေမြို့၌ သံဃာတော်အပါး ၅၅၀ ကို ဆွမ်းစိမ်းလောင်းလှူပွဲပြုလုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြသည်။

10 Nov 2021

DMG ၊ နိုဝင်ဘာ ၁၀

လာမည့်တန်ဆောင်မုန်းလပြည့်နေ့တွင် စစ်တွေမြို့၌ သံဃာတော်အပါး ၅၅၀ ကို ဆွမ်းစိမ်းလောင်းလှူပွဲပြုလုပ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြသည်။

အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးဂေါပကအဖွဲ့မှဦးစီးကာ ရွှေရောင်မေတ္တာအသင်းသားများက အရုပ်ကြီးဇနီးမောင်နှံအရုပ်ဖြင့် မြို့အတွင်းလှည့်လည်ကာ အလှူငွေများကောက်ခံလျှက်ရှိကြသည်။

အလှူငွေကောက်ခံခြင်းကို နိုဝင်ဝင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ သုံးရက်တိုင်ကောက်ခံသွားမည်ဖြစ်ကြောင်း အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီး ဂေါပကအဖွဲ့မှ သိရသည်။

ရရှိလာသည့်အလှူငွေများကို ဆွမ်းတော်ကြီးလောင်းလှူရာတွင် အသုံးပြုမည်ဖြစ်ပြီး ပိုငွေများကို ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဆွမ်းစိမ်းလောင်းလှူပွဲကို တန်းဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာလ ၁၈ ရက်နေ့) နံနက်ကိုးနာရီတွင် စစ်တွေမြို့ ဝင်္ကဘာကွင်း၌ပြုလုပ်မည်ဖြစ်ပြီး အလှူရှင်များကိုလည်း ဖိတ်ခေါ်ကြောင်း ဂေါပကအဖွဲ့မှသိရသည်။

ထိုသို့ဆွမ်းစိမ်းလောင်းလှူပွဲပြုလုပ်နိုင်ရန်အတွက် အလှူငွေကောက်ခံခြင်းကို စစ်တွေမြို့တစ်မြို့လုံးတွင်ပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့(နိုဝင်ဘာ ၉ ရက်နေ့)နံနက်ပိုင်းတွင် ကုန်တန်းရပ်ကွက်မှ မကျည်းမြိုင်ရပ်ကွက်အထိ အလှူငွေများကောက်ခံခဲ့ကြသည်။

ပြီးခဲ့သည့်နှစ်များက စစ်ရေးပဋိပက္ခနှင့် ကိုဗစ်ကပ်ရောဂါကြောင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းတော်ကြီးလောင်းလှူပွဲကို မကျင်းပနိုင်ခဲ့ပေ။

ဗီဒီယိုများ