ရခိုင်တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုမှာ ရက်သတ္တပတ်အတွင်း ၇၀ ဦးခန့်ရှိခဲ့

တကျော့ပြန်စစ်ရေး တင်းမာနေသည့် ရခိုင်တွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သား ၇၀ ဦးခန့် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်။

By Admin 22 Nov 2022

ရခိုင်တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရရှိမှုမှာ ရက်သတ္တပတ်အတွင်း ၇၀ ဦးခန့်ရှိခဲ့

DMG ၊ နိုဝင်ဘာ ၂၂

တကျော့ပြန်စစ်ရေး တင်းမာနေသည့် ရခိုင်တွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုနှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်ပတ်တာအတွင်း စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သား ၇၀ ဦးခန့် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသည်။

DMG မှ ကောက်ယူထားသည့် စာရင်းအရ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သား ၂၇ ဦး သေဆုံးခဲ့ရပြီး ၄၃ ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ထိခိုက်သေဆုံးသူမှုများမှာ ကျောက်တော်မြို့နယ်မှ ၄ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၁၁ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ၊ မြောက်ဦးမြို့နယ်မှ ၂ ဦး ဒဏ်ရာရ၊ စစ်တွေမြို့နယ်မှ ၁ ဦးဒဏ်ရာရနှင့် မောင်တောမြို့နယ်မှ ၁၃ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်အတွင်း သေဆုံးဒဏ်ရာရရှိမှု အများဆုံးမှာ မောင်တောမြို့နယ်မှဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့က ဂြိတ်ချောင်းကျေးရွာမှာ နားထိုးပွဲပြုလုပ်နေစဉ် လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းနေအရွယ် ကလေးငယ် ၄ ဦးအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။

ဂြိတ်ချောင်းကျေးရွာမှ ဒဏ်ရာပြင်းထန်သည့် လူငယ်နှစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး ယင်းအထဲမှ အသက် ၁၆ နှစ်အရွယ် ကျောင်းသားတစ်ဦးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

“ပွဲကျင်းပနေတာမှာ အိမ်ခေါင်းမိုးပေါ်ကနေ လက်နက်ကြီး ကျလာတာပါ။ အဲဒီမှာ သေဆုံးဒဏ်ရာရကြတယ်ပေါ့။ အခုလည်း ကျနော်ညီ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားပါပြီ”ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူ ကိုရဲလင်းနိုင်က ပြောသည်။

ဂြိတ်ချောင်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ဒေသခံများ အစုလိုက်အပြုံလိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုအပေါ် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့က အပြန်အလှန်စွပ်စွဲကြသည်။ ဂြိတ်ချောင်းကျေးရွာသားများက မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

အလားတူ ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာတွင်လည်း တစ်ပတ်အတွင်း လက်နက်ကြီး ၂ ကြိမ် ကျရောက်ခဲ့ခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“တစ်ပတ်အတွင်းမှာ ကျနော်တို့ရွာကို လက်နက်ကြီးနှစ်ကြိမ် ကျပါတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေကို လှမ်းပစ်နေတာပါ”ဟု ၎င်းကဆိုသည်။

ရွှေပြည်သစ်ကျေးရွာတွင် လူဦးရေနှစ်ထောင်ကျော်ရှိပြီး အများစုမှာ လက်နက်ကြီးကျရောက်မည်ကိုစိုးရိမ်၍ အခြားကျေးရွာများသို့ တိမ်းရှောင်လျက်ရှိနေကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်လူထု၏ အသက်အိုးအိမ်များကို မထိခိုက်စေရန် သက်ဆိုင်သူများအနေဖြင့် သတိထား ဆင်ခြင်းသင့်ကြောင်း ရခိုင်မှ လွတ်တော်အမတ်ဟောင်းတစ်ဦးက ပြောဆိုသည်။

“နှစ်ဘက်တိုက်ပွဲကတော့ ဖြစ်နေအုံးမှာပဲ။ တိုက်ပွဲ အချင်းချင်းဖြစ်ကြပါ။ ဒေသခံတွေကို မထိခိုက်စေနဲ့ပေါ့နော်။ ပြည်သူနဲ့ ဘာမှမဆိုင်ဘူးလေ။ ဒေသခံတွေ မသေဆုံးဖို့ဆိုတာကတော့ သက်ဆိုင်တဲ့ လက်နက်ကိုင်တွေမှာ သူတို့နေရာမှာ သူတို့တိုက်ကြပါ။ ဒေသခံတွေကို မထိခိုက်အောင် သတိထားဆင်ခြင်ဖို့လိုအပ်ပါတယ်”ဟု ၎င်းကဆိုသည်။

DMG မှ ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှု၊ မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် စက်တင်ဘာလအတွင်း သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးရှိခဲ့ပြီး အောက်တိုဘာလအတွင်း သေဆုံးသူ ၁၁ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၁ ဦးအထိ ရှိခဲ့သည်။

ဗီဒီယိုများ