မုန်တိုင်းသင့်ဒေသများတွင် ပညာရေးနှင့် ကျန်းမာရေး အဆောက်အအုံ ၉၀ ရာခိုင်နှုန်းကျော် ပြုပြင်ပြီးဟု စစ်ကောင်စီပြော

“မုန်တိုင်းတိုက်ခတ်ပြီး မကြာခင်မှာလည်း တစ်နိုင်ငံလုံး အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာမှာ ရာနှုန်းပြည့် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိကာလမှာ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ အဆောက်အအုံတွေ ၉၅ ရာခိုင်နှုန်း ပြုပြင်ပြီးစီးပြီ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

By Admin 22 Aug 2023

မြောက်ဦးမြို့နယ်၊ သရက်ပင်ကြီးကျေးရွာ အ.လ.က (ခွဲ) တွင် ပညာသင်ကြားနေသည့် ကျောင်းသားများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့တွင် တွေ့ရစဉ်။
မြောက်ဦးမြို့နယ်၊ သရက်ပင်ကြီးကျေးရွာ အ.လ.က (ခွဲ) တွင် ပညာသင်ကြားနေသည့် ကျောင်းသားများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၃ ရက်နေ့တွင် တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၂၂

မုန်တိုင်းသင့်ဒေသများတွင် ပျက်စီးသွားသည့် အခြေခံပညာစာသင်ကျောင်းနှင့် ကျန်းမာရေး အဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုမှာ ၉၀ ရာခိုင်နှုန်းကျော် ရှိပြီဖြစ်ကြောင်း ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

မုန်တိုင်းသင့် အခြေခံပညာကျောင်းနှင့် အဆင့်မြင့်ပညာ အဆောက်အအုံများကို ၉၅ ရာခိုင်နှုန်း ပြုပြင်ပြီးဖြစ်ကာ ကျန်းမာရေး အဆောက်အအုံများမှာလည်း ၉၄ ရာခိုင်နှုန်း ပြန်လည်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ပြီဟု ၎င်းကဆိုသည်။

“မုန်တိုင်းတိုက်ခတ်ပြီး မကြာခင်မှာလည်း တစ်နိုင်ငံလုံး အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာမှာ ရာနှုန်းပြည့် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိကာလမှာ အခြေခံပညာနဲ့ အဆင့်မြင့်ပညာ အဆောက်အအုံတွေ ၉၅ ရာခိုင်နှုန်း ပြုပြင်ပြီးစီးပြီ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

မုန်တိုင်းကာလအလွန် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ကျန်းမာရေးဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သား ဆေးတပ်ဖွဲ့များက အလေးထား ဆောင်ရွက်နိုင်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

မုန်တိုင်းသင့် အခြေခံပညာစာသင်ကျောင်းများအား ၉၀ ရာခိုင်နှုန်းကျော် ပြန်လည်ပြုပြင်ပြီးပြီဟု စစ်ကောင်စီက ပြောဆိုသော်လည်း မြေပြင်တွင် ယခုအချိန်ထိ မပြုပြင်နိုင်သေးသည့် စာသင်ကျောင်းများ ရှိနေသေးသည်ဟု ဒေသခံများကပြောသည်။

ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ဒေါ်ခင်ခင်သိန်းက “စာသင်ကျောင်းဆောင် နှစ်ခုမှာ တစ်ခုက လုံးဝပျက်စီးသွားတယ်။ အဲဒါကို အခုထိ မလုပ်ရသေးဘူး။ အစိုးရကလည်း မလုပ်ပေးဘူး။ ရွာက ငွေကောက်ခံပြီး လုပ်ဖို့လည်း ရွာသားတွေမှာတောင် နေဖို့အိမ်မရှိကြသေးဘူး။ အဲဒါကြောင့် ကလေးတွေက ကျောင်းကို အတန်းချိန် နှစ်ခုခွဲပြီး တက်နေရတယ်” ဟု ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းတွင် အခြေခံပညာ စာသင်ကျောင်းများ၊ ဆေးရုံ/ဆေးခန်းများ အပါအဝင် အဆောက်အဦအများအပြား ပျက်စီးခဲ့ပြီး လူဦးရေ ၁၅ သိန်းကျော် ထိခိုက်နစ်နာခဲ့ရသည်။

မုန်တိုင်းသင့်ဒေသများတွင် ပျက်စီးသွားသည့် မိုဘိုင်းဆက်သွယ်ရေး စနစ်များကိုလည်း လက်ရှိတွင် ရာနှုန်းပြည့် ပြန်လည်ပြုပြင် ဆောင်ရွက်ထားပြီဖြစ်ကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက ပြောသည်။

မုန်တိုင်းသင့် ရခိုင်က မြို့နယ် ၁၇ မြို့နယ်မှ မြို့ပေါ်ရပ်ကွက်များတွင် လျှပ်စစ်မီးရရှိရန် ရာနှုန်းပြည့် ဆောင်ရွက်ထားပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော် စသည့်မြို့နယ်များမှ ကျေးလက်ဒေသများတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေဆဲဖြစ်ကြောင်း စစ်ကောင်စီကဆိုသည်။

စစ်ကောင်စီမှ မုန်တိုင်းသင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအပိုင်းတွင် လျှပ်စစ်မီး ရရှိရေးအတွက် လုပ်ဆောင်မှုကို အားရကျေနပ်မှုရှိပြီး ပြည်သူများအား ကူညီထောက်ပံ့ပေးမှုတွင် အလွန် အားနည်းနေသည်ဟု လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူများက ပြောဆိုကြသည်။

“ကျောက်တော်မှာ ၉၉ ရာခိုင်နှုန်းလောက် ကိုယ်ထူကိုယ်ထ လုပ်ထားကြတာ။ အိမ်တွေကို တာပေါ်လင်စတွေနဲ့ အမိုးအကာလုပ်ပြီး နေကြတယ်။ ကူညီကယ်ဆယ်ရေးက ဘယ်လိုမှ မရဘူး။ အခုဆိုရင် လုပ်ငန်းတွေ နာလန်ထူဖို့အတွက် အခက်အခဲတွေရှိနေကြတယ်” ဟု ကျောက်တော်မြို့မှ ကူညီကယ်ဆယ်ရေးလုပ်နေသည့် ကိုညီပုက ပြောသည်။

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများမှာ လက်ရှိအချိန်ထိ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေဆဲ ဖြစ်သည့်အတွက် နိုင်ငံတကာအကူအညီများကို မျှော်လင့်နေကြသည်။

#R005

ဗီဒီယိုများ