- အင်အားဖြည့်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်
- အီရန်ရှိ နျူကလီးယားစီမံကိန်း နေရာသုံးခုကို အမေရိကန် ဗုံးကြဲ
- ရိုဟင်ဂျာသူပုန်ထမှုကြောင့် ဘင်္ဂလားဒေ့ရှ်၏ ဒုက္ခသည်အကျပ်အတည်း ပိုဆိုးရုံသာရှိမည်
- ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၅၉ သန်းထောက်ပံ့
- စိုင်းဒင်အထက်ပိုင်းက ကျေးရွာများတွင် ကလေးအသေမွေးဖွားနှုန်း မြင့်တက်နေ
ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
ဆက်သွယ်ရေးအခက်အခဲကြောင့် ငွေလွှဲ၊ ငွေထုတ် အဆင်မပြေခြင်း၊ မိသားစုဝင်များ အဆက်အသွယ် မရခြင်း၊ သတင်းအချက်အလက်မရ၍ အရောင်းအဝယ် လုပ်ငန်းများအပြင် အခြားနေ့စဉ် လိုအပ်ချက် ဖြစ်သည့် လူမှုစီးပွားအကျပ်အတည်းများကို ဒေသခံများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
10 May 2025

DMG ၊ မေ ၁၀
ULA/ AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းရှိ ရမ်းဗြဲနှင့် ကျောက်ဖြူမြို့နယ်တို့တွင် ဖုန်းနှင့် အင်တာနက်အခက်အခဲကြောင့် ဒေသခံများမှာ လူမှုစီးပွားဘဝများ ပိုမိုအကျပ်အတည်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဆက်သွယ်ရေးအခက်အခဲကြောင့် ငွေလွှဲ၊ ငွေထုတ် အဆင်မပြေခြင်း၊ မိသားစုဝင်များ အဆက်အသွယ် မရခြင်း၊ သတင်းအချက်အလက်မရ၍ အရောင်းအဝယ် လုပ်ငန်းများအပြင် အခြားနေ့စဉ် လိုအပ်ချက် ဖြစ်သည့် လူမှုစီးပွားအကျပ်အတည်းများကို ဒေသခံများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။
" ကျမ ယောင်္ကျားက မလေးရှားမှာ အလုပ်လုပ်တယ်။ ကျမတို့ စားဝတ်နေရေးက ယောင်္ကျားက လွှဲပေးတဲ့ငွေကို အားကိုးနေရတာ။ ဒါပေမဲ့ ဖုန်းဆက်လို့မရတဲ့ အချိန်ကစပြီး ယောင်္ကျားနဲ့ အဆက်အသွယ် မရတော့ဘူး။ မလေးရှားက လွှဲတဲ့ငွေနဲ့ စားဝတ်နေရေးကို ရုန်းကန်နေရတာဆိုတော့ အရမ်းပဲ ဒုက္ခရောက်ရတယ် " ဟု ကျောက်ဖြူမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ဆဲဖြစ်သော ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များမှ လွဲ၍ ရမ်းဗြဲကျွန်းတစ်ခုလုံးတွင် ATOM၊ Ooredoo ၊ Mytel နှင့် MPT ဆင်းကတ်များမှာ ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလမှ စ၍ ဖုန်းလိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးများ ပြတ်တောက်သွားခဲ့သည်။
သို့သော်လည်း စစ်ကောင်စီနှင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် (ဦးပိုင်) မှ ထုတ်လုပ်သော MEC ဖုန်း ဆင်းကတ်များမှာ ရမ်းဗြဲကျွန်းက နေရာအချို့တွင် အဆက်အသွယ်ရသောကြောင့် ဒေသခံများမှာ ယင်းဆင်းကတ်ကို ဝယ်ယူသုံးစွဲခဲ့ကြသည်။
သို့သော် ယင်းဆင်းကတ်များမှာ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရ သုံးစွဲရန်မသင့်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ULA/ AA ၏ တာဝန်ရှိသူများက တားမြစ်မှုနှင့်အတူ လက်ဝယ်ပိုင်ဆိုင်ထားသူများကို အရေးယူမည်ဟု ကျေးရွာအလိုက် အသိပေးထုတ်ပြန်ထားသည်။
" ဆက်သွယ်ရေး အခက်အခဲကြောင့် ဒုက္ခရောက်နေတဲ့ မိသားစုတွေ အများကြီး။ အဓိကတော့ ငွေလွှဲ၊ ငွေထုတ် အဆင်မပြေမှုနဲ့ သတင်းအချက်အလက် မရတာတွေကြောင့် အခြေခံလူတန်းစားကနေ စီးပွားရေးသမားတွေအထိ အကျပ်အတည်းတွေက ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတာဖြစ်တယ်" ဟု ရမ်းဗြဲမြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရခိုင်ဒေသတွင် စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ပေါ်များမှ လွဲ၍ အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားသော ကျန်မြို့နယ် ၁၄ ခုစလုံးတွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်။
သို့သော်လည်း မင်းပြား၊ မြောက်ဦး၊ ကျောက်တော်စသည့် မြို့နယ်အချို့တွင် ULA/ AA က ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပြည်သူများ အဆင်ပြေစေရန် သုံးစွဲခွင့်ပြုထားသည်။
" စစ်ကောင်စီကိုတော့ မပြောတော့ဘူး။ ULA/ AA အနေနဲ့ကတော့ ဖုန်းဖြစ်ဖြစ်၊ အင်တာနက်ဖြစ်ဖြစ် အဆင်ပြေမယ့် နည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံးပေါ့ ဝန်ဆောင်မှု ပေးစေချင်တယ်။ ပြည်သူတွေဟာ ULA/ AA အပေါ်မှာ အတတ်နိုင်ဆုံး ထောက်ပံ့ခဲ့ကြပြီးပြီ။ ULA/ AA အနေနဲ့လည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အချိန်တစ်ခု ရောက်ရှိနေပါပြီ" ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သို့သော်လည်း ရမ်းဗြဲကျွန်းရှိ ကျောက်ဖြူမြို့အနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီမှ စ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲများပြင်းထန်နေသဖြင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရ ဖုန်းအဆက်အသွယ်များကို ULA/AA က တားမြစ်ထားပြီး ခရီးသွားလာသူများကိုပါ တင်းကျပ်စွာ စစ်ဆေးလျက်ရှိသည်။