ဘူးသီးတောင်တွင် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မွတ်ဆလင် ကျောင်းဆရာတစ်ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သရက္ကင်းမနူး (မွတ်ဆလင်) ကျေးရွာသို့ ယနေ့ နံနက် (နိုဝင်ဘာ ၅) ရက်နေ့ နံနက် ၁၁ နာရီခန့်က လက်နက်ကြီး(၃)လုံး ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင် ကျောင်း ဆရာတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံ မှသိရသည်။

By Admin 05 Nov 2022

ဘူးသီးတောင်တွင် လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မွတ်ဆလင် ကျောင်းဆရာတစ်ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

သေဆုံးသွားသူ မွတ်ဆလင် ကျောင်းဆရာ ဦးအဘူနော်ဆဲရ် / Photo- The Arakan Express News

DMG ၊နိုဝင်ဘာ ၅

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သရက္ကင်းမနူး (မွတ်ဆလင်) ကျေးရွာသို့ ယနေ့ နံနက် (နိုဝင်ဘာ ၅) ရက်နေ့ နံနက် ၁၁ နာရီခန့်က လက်နက်ကြီး(၃)လုံး ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင် ကျောင်း ဆရာတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံ မှသိရသည်။

ထိုသို့ ကျည်ထိမှုကြောင့် သေဆုံးသွားသူမှာ အသက် (၃၀) ကျော်အရွယ် မွတ်ဆလင် ကျောင်းဆရာ ဦးအဘူနော်ဆဲရ် ဖြစ်ပြီး ၎င်း၏ ဝမ်းဗိုက်တွင် ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်။ ထို့အတူ အသက် ၅ နှစ်အရွယ် မာမတ်အာနူတွင် ဘက်ဖက်ခြေသလုံး နှင့်  အသက် ၃၂ ကျော်အရွယ် လိုင်နာ မှာ ညာဖက်လက်မောင်းတွင် ဒဏ်ရာများ ရရှိသွားခြင်းများ ဖြစ်ကြောင်း  သရက္ကင်းမနူး(မွတ်ဆလင်)ကျေးရွာလူကြီး တစ်ဦးက DMG သို့ပြောသည်။

“ ဒီနေ့ နံနက်ပိုင်းက ကလေးတွေက ရွာထဲမှာ ကစားနေစဉ် လက်နက်ကြီးကျလို့ အဲဒီ ကလေးမှာ ဒဏ်ရာရ သွား တယ်။ ကျောင်းဆရာက အဲဒီကလေးကို ကြည့်ဖို့အသွားမှာ လမ်းမှာ လက်နက်ကြီး နောက်ထပ်တစ်လုံး ကျပြီး တော့ ကျည်စက သူ့ဝမ်းဗိုက်ထဲကို ထိပြီးတော့ သေသွားတာ။ နောက်အမျိုး သမီးတစ်ယောက်မှာတော့ အိမ်ထဲကို လက်နက်ကြီး ကျပြီးတော့ ပေါက်ကွဲပြီး ကျည်ထိသွားတာပါ ” ဟု ၎င်းက ဆိုသည်။

ယနေ့ နံနက်ပိုင်းက ယင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဘူးသီးတောင်မြို့အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာထဲသို့ကျရောက်ပေါက်ကွဲကာ ဒဏ်ရာ ရရှိခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် သရက္ကင်းမနူးကျေးရွားသားတစ်ဦးကပြောသည်။

 “ အဲဒီ စကခ (၁၅) က မနက်ကတည်းက လက်နက်ကြီးတွေ ပစ်နေတာ။ တိုက်ပွဲဖြစ်တာမရှိဘူး။ သူတို့က ဒီလိုပဲ ပစ်နေကြတာ။ လက်နက်ကြီးက ရွာအနီးအနားကိုလည်းကျတယ်။ နောက်ပြီးတော့ ရွာထဲကိုလည်း ကျတယ်။ ဒါကြောင့် ရွာသားတွေအနေနဲ့ စိုးရိမ်မှု ရှိတာပေါ့ ” ဟု ၎င်းကဆိုသည်။

ထိုသို့ မြန်မာစစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် မွတ်ဆလင်များသေဆုံးဒဏ်ရာရသည်ဆိုသည့် ဒေသခံများပြောဆိုချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်မေး မြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

လက်ရှိတွင် သေဆုံးသွားသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူများကို ဘူးသီးတောင်မြို့ဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်း ရွှေဘူးသီး ပရဟိတ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဒီနေ့ နံနက်ပိုင်းက အဲဒီရွာထဲကို လက်နက်ကြီးကျပြီးတော့ သေဆုံး၊ ဒဏ်ရာရတယ်ဆိုပြီးတော့ ကျနော်တို့ကို အကြောင်းလာ တာရှိတယ်။ အဲဒါကြောင့် ကျနော်တို့က သွားပြီးတော့  သေသွားတဲ့ သူရဲ့ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူ တွေကို ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ပါတယ်။ အခုတော့ ဒဏ်ရာရရှိတဲ့သူတွေက ဆေးကုသမှုခံ ယူနေပါတယ် ” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ဖိုခေါင်ချောင်း(မွတ်ဆလင်)ကျေးရွာမှ ဘာသာရေးဆရာတစ်ဦးမှာ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ဒဏ်ရာရရှိကာ ဘူးသီးတောင်မြို့ဆေးရုံ တွင် ဆေးကုသမှုခံယူနေသည်။

DMG မှ စာရင်းပြုချက်အရ အောက်တိုဘာလ ၁ လအတွင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊လက်နက်ငယ် ထိမှန်မှု၊ မြေမြှုပ်မှိုင်း ပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃၁ ဦး အထိရှိခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ