BGF နှင့် KNLA တိုက်ပွဲကြောင့် ဘားအံဒေသခံ ကလေးငယ်တစ်ဦးအပါအဝင် (၂)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ကျေးရွာအနီး နိုဝင်ဘာ ၁၇ ရက် ညနေအချိန်၌ နယ်ခြားစောင့် တပ် (BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲဖြစ်ပွားမှုအတွင်း ဒေသခံနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

By Admin 19 Nov 2022

BGF နှင့် KNLA တိုက်ပွဲကြောင့် ဘားအံဒေသခံ ကလေးငယ်တစ်ဦးအပါအဝင် (၂)ဦး သေဆုံး၊ (၂)ဦး ဒဏ်ရာရ

မိကရင်ကျေးရွာဒေသခံကလေးငယ်နှစ်ဦးနှင့်အရပ်သားများထိခိုက်သေဆုံးခဲ့စဥ်။ ဓာတ်ပုံ- ကေအန်ယူ တပ်မဟာ(၁)ဒူးသထူခရိုင်

DMG | နိုဝင်ဘာ ၁၉

ကရင်ပြည်နယ် ဘားအံမြို့နယ် မိကရင်ကျေးရွာအနီး နိုဝင်ဘာ ၁၇ ရက် ညနေအချိန်၌ နယ်ခြားစောင့် တပ် (BGF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ တိုက်ပွဲဖြစ်ပွားမှုအတွင်း ဒေသခံနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

မိကရင်ကျေးရွာတစ်ဖက် သံလွင်မြစ်ကမ်းအနီး၌ နယ်ခြားစောင့်တပ် (BGF) တပ်ရင်းအမှတ် (၁၀၁၁) နှင့် ကေအန်ယူ တပ်မဟာ(၁) KNLAတပ်ရင်း(၁)ကြား နိုဝင်ဘာလ ၁၇ ရက်ညနေ ၃နာရီခွဲ မှ ၄နာရီ ခွဲအချိန်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNLA သတင်းအရင်းအမြစ်က ပြောသည်။

ယင်းသို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မိကရင်ကျေးရွာအတွင်း လက်နက်ကျည်များ ကျရောက်ခဲ့မှုကြောင့် အသက် (၇)နှစ် အရွယ် နော်ခိုင်သဇင်ခင် (ရင်ဘတ်ကျည်သင့်ဒဏ်ရာ)နှင့် အသက် (၂၇)နှ စ်အရွယ် စောအောင်မြင့်ထွန်း (ဦးခေါင်းသို့ လက်နက်ကြီးကျည်စထိမှန်) တို့နှစ်ဦးမှာ အသက်သေဆုံးခဲ့သည်။

ထို့အပြင် အသက် (၁၂) နှစ်အရွယ် နော်ပြည့်ပြည့်မွန်၏ ဘယ်ဘက်လက်ဖဝါးတွင် ထိခိုက်ဒဏ်ရာ (မပြင်းထန်) နှင့်၊ အသက် (၄၅) နှစ် အရွယ် ဒေါ်စန်းအေး၏ ဘယ်ဖက်မေးရိုးနှင့် ဒူးနှစ်ဖက်တို့တွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကေအန်ယူ ကျန်းမာရေးအဖွဲ့ထံက သိရသည်။

“ ၇ နှစ်အရွယ် ကလေးမလေးနဲ့ ၂၇ နှစ် အရွယ် လူငယ်တစ်ဦးက နေရာမှာပဲသေတယ်။ နောက်ထပ် ၁၂ နှစ် အရွယ်ကလေးမလေးကတော့ ဒဏ်ရာ မပြင်းဘူး။ အသက်၄၅ နှစ်အရွယ် တစ်ဦးကတော့ ဒဏ်ရာပြင်းပြီးတော့ သွေးထွက်လွန်တယ်။ အခု ဆေးဝါးကုသမှု ပေးထားပါတယ် ” ဟု ကေအန်ယူကျန်းမာရေးဝန်ထမ်း တစ်ဦးက ဆိုသည်။

အဆိုပါ ဒေသခံများ သေဆုံးရခြင်းမှာ တိုက်ပွဲအတွင်း နယ်ခြားစောင့်တပ် BGF အဖွဲ့မှ ကျေးရွာအတွင်း သို့ လက်နက်ကြီးငယ်ဖြင့်ပစ်ခတ်မှုကြောင့်ဒေသခံများထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း မိကရင် ကျေးရွာသားများ ကပြောဆိုသည်။

“ ရွာဘက်မှာ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ သံလွင်တစ်ဖက်ကမ်းမှာ ဖြစ်တာ။ BGF အထိနာသွားလို့ ရွာထဲ ရမ်းသမ်းဝင်ပစ်ရင်း ရွာသားတွေ ထိမှန်သေဆုံးသွားတာ ဖြစ်ပါတယ် ” ဟု မိကရင်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ယင်း မိကရင်ကျေးရွာမှအရပ်သားထိခိုက်သေဆုံးခဲ့မှုအပေါ် ဘားအံအခြေစိုက် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း-အမှတ်၁၀၁၁ တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။ ထို့ကြောင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်ဇော်မင်းထွန်း ထံဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။

ပြီးခဲ့သည့် စက်တင်ဘာ လမှစပြီး စစ်ကောင်စီတပ်နှင့်နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းအဖွဲ့မှ ဘားအံမြို့နယ် သံလွင်မြစ် အနီးတဝိုက်၌ အင်အားဖြည့် နေရာယူထားပြီး ကေအန်ယူတပ်မဟာ (၁) KNLA အဖွဲ့ကြား နှစ်ဖက်စစ်ရေး တင်းမာနေသည်။

ဗီဒီယိုများ