- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
မောင်တောတွင် စစ်ကျန်ဗုံးသီးပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံး
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဝက်ကျိန်းကျေးရွာတွင် ဧပြီလ ၃ ရက် ညနေ ၄ နာရီခန့်က စစ်ကျန်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။
04 May 2023

DMG ၊ ဧပြီ ၄
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဝက်ကျိန်းကျေးရွာတွင် ဧပြီလ ၃ ရက် ညနေ ၄ နာရီခန့်က စစ်ကျန်လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။
အသက် ၄ နှစ်အရွယ် မောင်မာန်ပင်းမှာ ၎င်းကောက်ရခဲ့သည့် လက်ပစ်ဗုံးတစ်လုံးကို နေအိမ်ခြံဝင်းတွင် ဆော့ကစားနေစဉ် မတော်တဆပေါက်ကွဲမှုကြောင့် ညာခြေထောက်၊ ညာလက် ပြတ်ထွက်သွားပြီး နေရာ၌ပင် သေဆုံးသွားခဲ့သည်။
“အိမ်နဲ့ ပေ ၁၀၀ လောက် ဝေးတဲ့နေရာမှာ သူ့သူငယ်ချင်းတွေနဲ့ ကစားနေတာ။ အိမ်ကိုပြန်လာတော့ သူက လက်ပစ်ဗုံးကိုင်ပြီး ယူလာတဲ့အခါ အိမ်မှာပေါက်ကွဲသွားတာ။ လက်ပစ်ဗုံးကို ဘယ်ကရလာမှန်းတော့ မသိဘူး။ ပေါက်ကွဲတာနဲ့ တစ်ခါတည်းဆုံးသွားတာ။ ဒဏ်ရာတွေကတော့ အများကြီးပဲ” ဟု ဝက်ကျိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်း DMG သို့ပြောသည်။
ဝက်ကျိန်းကျေးရွာထဲတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး အဆိုပါဗုံးသီးမှာ စစ်ပွဲအတွင်းကျန်ခဲ့ခြင်းဖြစ်မည်ဟု ဦးအောင်ဆန်းက ခန့်မှန်းသည်။
ကလေးငယ်၏ ရုပ်အလောင်းကို ယနေ့ နေ့လယ် ၁၂ နာရီခန့်က သင်္ဂြိုလ်လိုက်ပြီး ကျေးရွာအတွင်း စစ်ကျန်လက်နက်ပေါက်ကွဲမှုအပေါ်မှာ စိုးရိမ်မှုများရှိနေကြသည်။
“အခုလိုဖြစ်သွားတော့ ကလေးတွေကို မိဘတွေက ဆုံးမဩဝါဒပေးရတယ်။ ရွာသားတွေကိုလည်း အပြင်ကိုသွားရင် ဂရုစိုက်တစိုက် သွားကြရမယ်လို့ ပြောထားတယ်။ စိုးရိမ်မှုတွေတော့ရှိတယ်” ဟု ဝက်ကျိန်းရွာသားတစ်ဦးက ပြောသည်။
DMG က ကောက်ယူထားသောစာရင်းအရ - ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲ ရပ်တန့်သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှ ၂၀၂၃ ခုနှစ် မေလ ၄ ရက် အထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ဦးရှိသည်။
သေဆုံးသူများမှာ ဘူးသီးတောင်မြို့နယ်မှ ၁ ဦး၊ မောင်တောမြို့နယ်မှ ၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၂ ဦးနှင့် မင်းပြားမြို့နယ်မှ ၁ ဦးဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာ ဘူးသီးတောင်မြို့နယ်မှ ၅ ဦး ၊ မောင်တောမြို့နယ်မှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၄ ဦး၊ မြောက်ဦးမြို့နယ်မှ ၁ ဦး၊ အမ်းမြို့နယ်မှ ၁ ဦး၊ ကျောက်တော်မြို့နယ်မှ ၁ ဦးနှင့် ရသေ့တောင်မြို့နယ်မှ ၁ ဦးတို့ ဖြစ်သည်။
#I001