- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
မိုင်းပေါက်ကွဲမှု ဆက်တိုက်ဖြစ်နေသည့် ရွှေဇားဂုံးနားရွာကို မိုင်းရှင်းပေးရန် ရွာသားများ တောင်းဆို
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်ကနေ ယခု ဖေဖော်ဝါရီလ ၆ ရက်အထိ ၁၀ ရက်အတွင်း ရွှေဇားဂုံးနားရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ၃ ကြိမ်ရှိခဲ့ပြီး ကျေးရွာသား ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
09 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၉
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေဇားဂုံးနား(မွတ်ဆလင်) ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဆက်တိုက်ဖြစ်နေသဖြင့် ဒေသခံများ အသက်အန္တရာယ်လုံခြုံရေးအတွက် အာရက္ခတပ်တော်(AA) အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ပေးရန် ရွာသားများက တောင်းဆိုကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်ကနေ ယခု ဖေဖော်ဝါရီလ ၆ ရက်အထိ ၁၀ ရက်အတွင်း ရွှေဇားဂုံးနားရွာတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှု ၃ ကြိမ်ရှိခဲ့ပြီး ကျေးရွာသား ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိကာ ကလေးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
" ရွာထဲမှာ မိုင်းနင်းမိပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့အထိ ဖြစ်လာကြတော့ ရွာထဲမှာ သွားလာကြဖို့ကိုတောင် အရမ်း စိုးရိမ်နေကြရတယ်။ အရင်က မိုင်းပေါက်ကွဲမှုဖြစ်ပွားတာက တော၊တောင်တွေ စစ်တပ် အနီးတွေမှာပဲ ရှိတာ။ အခု ကိုယ့်အိမ်ထဲမှာတောင် မလုံခြုံတော့ဘဲ မိုင်းအန္တရာယ်က အကြီးမားဆုံး ဖြစ်နေကြတာ" ဟု ကျေးရွာသားတစ်ဦးက ပြောသည်။
ရွှေဇားဂုံးနားကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်က နေအိမ်အတွင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး အသက် ၇ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။
အလားတူ ဖေဖော်ဝါရီ ၅၊ ၆ ရက်တို့တွင်လည်း နေအိမ်အတွင်း၌ပင် မြေမြှုပ်မိုင်းနင်းမိသဖြင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက်စီ ပြတ်တောက်သွားခဲ့ကာ နောက်ထပ် အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့သို့ ကျေးရွာ နေအိမ်ခြံဝန်းတွင်းအထိ မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ်နေရသည့်အတွက် အာရက္ခတပ်တော်အနေဖြင့် ပြည်သူများထိခိုက်မှုမရှိအောင် မိုင်းရှင်းလင်းမှုများလုပ်ပေးစေချင်ကြောင်း နောက်ထပ် ကျေးရွာသားတစ်ဦးက ပြောသည်။
တိုက်ပွဲကာလ ရွှေဇားဂုံးနားကျေးရွာတွင် စစ်ကောင်စီနှင့် ပူးပေါင်းမွတ်ဆလင်တပ်များ တပ်စွဲနေထိုင် ခဲ့ကြပြီး မိုင်းထောင်နှင့်ချီ ထောင်ထားခဲ့ကြောင်း သိရသည်။ ထို့အပြင် အာရက္ခတပ်တော်ကလည်း မိုင်းရှင်းလင်းမှု အသေးစိတ် မလုပ်ရသေးကြောင်း ပြောကြသည်။
မောင်တောမြို့ခံတစ်ဦးက " မိုင်းရှင်းမှုက အကုန်လုံးကို မလုပ်နိုင်သေးကြဘူး။ မြို့အဝင်အထွက် လမ်းမတွေလောက်ပဲ လုပ်နိုင်သေးတယ်။ လူနေရပ်ကွက်တွေ၊ ရပ်ရွာတွေမှာပါ မိုင်းရှင်းလင်းမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်တယ်။ အခု မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ရွှေဇားဂုံနားကျေးရွာ ဆိုတာကလည်း စစ်ကောင်စီက မိုင်းထောင်ခဲ့တာကြောင့် တပ်မ ၂၂ တပ်မမှူးတောင် အဲဒီရွာအနီးမှာ မိုင်းနင်းပြီးတော့ သေသွားတာ " ဟု ပြောသည်။
ရွှေဇားဂုံးနားကျေးရွာမှ ဒေသခံများကလည်း ၎င်းတို့ ရပ်ရွာများကို မိုင်းရှင်းပေးရန် အာရက္ခတပ်တော်ထံ တောင်းဆိုထားကြောင်း သိရသည်။
DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်တွင် ယခုနှစ်၊ ဇန်နဝါရီလအတွင်း မိုင်းနှင့် စစ်ကျန် လက်နက်ကြောင့် ထိခိုက်သေဆုံးသူ ကလေးငယ် အပါအဝင် ၄ ဦး အထိရှိသည်။ ယခု ဖေဖော်ဝါရီလတွင် သေဆုံးဒဏ်ရာရသူ စုစုပေါင်း ၁၅ ဦးထက်မနည်းရှိလာနေပြီ ဖြစ်သည်။