- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မောင်တောတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒေသခံ ၁၀ ဦးသေဆုံး၊ ၂၇ ဦးထက်မနည်း ဒဏ်ရာရ
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း(မြို)ကျေးရွာသို့ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၁၀ ဦးသေဆုံးပြီး ၂၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
16 Nov 2022

မောင်တောမြို့နယ်၊ ဂြိတ်ချောင်း(မြို)ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ရန် စီစဉ်နေကြစဉ်။ ဓာတ်ပုံ - Zaw Gyi Facebook
DMG ၊ နိုဝင်ဘာ ၁၆
ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ ဂြိတ်ချောင်း(မြို)ကျေးရွာသို့ ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လက်နက်ကြီးကျည် ၃ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၁၀ ဦးသေဆုံးပြီး ၂၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“လက်နက်ကြီးက ၁၂ နာရီခွဲလောက်က ကျလာတာပါ။ လက်နက်ငယ်သံကြားလို့ ရွာသားတွေ အိမ်ထဲကိုဝင်ပြေးပြီး လူတွေစုနေတဲ့အချိန်မှာ လက်နက်ကြီး ၃ လုံး ရွာထဲကျတာပါ။ ရွာဟောင်းကအိမ်ထဲမှာ ၂ လုံး၊ ရွာအလယ်က အိမ်မှာတစ်လုံး”ဟု ဂြိတ်ချောင်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
သေဆုံးဦး ၁၀ ဦးအနက် ၇ ဦးမှာ လက်နက်ကြီးကျရောက်သည့်နေရာတွင် သေဆုံးခဲ့ပြီး ကျန် ၃ ဦးမှာ ကြိမ်ချောင်းဆေးရုံသို့ပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်နက်ကြီးကျ၍သေဆုံးသူများမှာ ဦးရွှေလောင် (၆၅)နှစ်၊ ကိုမင်းယာ(၂၇)နှစ်၊ ကိုပြိုသွေး (၃၀)နှစ်၊ ကိုကြိုးအောင် (၂၅)နှစ်၊ ကိုစိန်လှမောင် (၃၅)နှစ်၊ မောင်နင်မဝိုင်(၅)နှစ်၊ ဦးဆင်ယုံး (၆၀)နှစ်၊ မောင်ကြာပုတ် (၁၅)နှစ်၊ မလှသိန်း (၆)နှစ်၊ခင်မောင်ဇော် (၅၅)နှစ်တို့ဖြစ်ကြသည်။ ဒဏ်ရာရရှိသူများ၏ အမည်များကို DMG က စုံစမ်းနေဆဲဖြစ်သည်။ လက်ရှိတွင် ဒဏ်ရာရရှိသူများကို မောင်တောမြို့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီးကျည်မှာ မြန်မာစစ်တပ်၏ အမှတ်(၂၄)ကြိမ်ချောင်း စစ်ဆေးရေးဂိတ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၇)တို့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဂြိတ်ချောင်းကျေးရွာသားများကပြောသည်။
ယနေ့ မွန်းတည့်ချိန်တွင် ကျေးရွာအနီးမှ လက်နက်ငယ်ပစ်ခတ်သံများကြားရသဖြင့် ကျေးရွာသားများမှာ ကြောက်လန့်၍ နေအိမ်များတွင်စုနေကြစဉ် နေအိမ်သုံးဆောင်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲကာ သေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
“အခုတော့ လက်နက်သံတွေတော့ မကြားရတော့ဘူး။ ရွာမှာတော့ လူတွေ တစ်ယောက်မှမရှိတော့ ဘူး။ ကြိမ်ချောင်းဘက်ကို အကုန်လုံးထွက်ပြေးသွားကြပါပြီ”ဟု အဆိုပါဒေသခံကပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။
ဂြိတ်ချောင်းကျေးရွာသည် မြိုတိုင်းရင်းသားများနေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ထောင် ၅၅ စုနှင့် လူဦးရေ ၄၇၀ ကျော်ရှိကာ တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း သိရသည်။
အလားတူ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာတွင်လည်း ယနေ့(နိုဝင်ဘာလ ၁၆ )ရက်နေ့ မွန်းလွဲအချိန်တွင် ရွာထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၄ ဦးသေဆုံးကာ ရွာသား ၂ ဦးမှာ ဒဏ်ရာရရှိခဲ့သည်။